Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 30, 2014

အာဖရိကတွင် မုန်တိုင်းထန်နေသည့် Ebola ဗိုင်းရပ်စ်



ဂူနီအာ၊ လိုက်ဘေးရီးယားနှင့် ဆီရီယာလီယွန် နိုင်ငံများတွင် Ebola ဗိုင်းရပ်စ်ပိုးကြောင့် လူအများအပြား သေဆုံးနေပြီး ရောဂါပိုးကို တိုက်ဖျက်ရန် ကြိုးပမ်းသည့် ဆရာဝန်နှစ်ဦးလည်း အသက်ပေးခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်မှ နောက်ဆုံးထုတ်ပြန်သည့် စာရင်းအရ ၂၀၁၄ခုနှစ်အတွင်း Ebola ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၂၀၁ဦး ၎င်းတို့အနက် ၆၇၂ဦး သေဆုံးခဲ့ကြောင်း သိရသည်။

၁၉၆၇ခုနှစ်က စတင်ဖြစ်ပွားခဲ့သော Ebola ဗိုင်းရပ်စ်မှာ သွေး၊ ခန္ဓာကိုယ်မှ ထွက်သည့် အရည်တို့ကြောင့် ကူးစက်တတ်ပြီး ရောဂါခံစားရပါက ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်းစသည့် လက္ခဏာများ ဖြစ်ပေါ်လာတတ်သည့်အပြင် အသည်းနှင့် ကျောက်ကပ် အလုပ်လုပ်နှုန်း နှေးသွားတတ်သည်။ အချို့သူများမှာ Ebola ဗိုင်းရပ်စ်ခံစားရသည့်အခါ မျက်လုံး၊ နားများထဲမှ သွေးထွက်လာတတ်ပြီး ဗိုင်းရပ်စ် ပြန့်ပွားမှုကို ကာကွယ်ရန်အတွက် လက်အိတ်ဝတ်ဆင်ကြရန် ဆေးပညာရှင်များက သတိပေးထားသည်။

လက်ရှိအချိန်တွင် Ebola ဗိုင်းရပ်စ်ပိုးကြောင့် ဂူနီအာတွင် ၃၁၉ဦး၊ ဆီရီယာလီယွန်တွင် ၂၂၄ဦးနှင့် လိုက်ဘေးရီးယားတွင် ၁၂၉ဦး သေဆုံးခဲ့ပြီး Ebola ဗိုင်းရပ်စ်ပိုးကို တွန်းလှန်နိုင်ရန် ကြိုးပမ်းခဲ့သော ဆီရီယာလီယွန် နိုင်ငံသား ဆရာဝန် ရှိတ်ယူမာခန်နှင့် လိုက်ဘေးရီးယား နိုင်ငံသား ဆရာဝန် ဆင်မြူရယ်ဘရစ္စဘိန်းတို့မှာလည်း အဆိုပါရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။ Ebola ဗိုင်းရပ်စ်ပိုးကို ထိတ်လန့်ဖွယ်အကောင်းဆုံး ရောဂါတစ်မျိုးအဖြစ် သတ်မှတ်ထားကြပြီး ဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် ရောဂါဖြစ်ပွားနေ သည့် နိုင်ငံများရှိ လေဆိပ်များတွင် ရောဂါစစ်ဆေးမှု ခံယူပြီးမှသာ ခရီးသွားခွင့်ပေးကြောင်း သိရသည်။

အနောက်အာဖရိက၏ အဓိက လေကြောင်းလိုင်း အက်စ်ကီက Ebola ဗိုင်းရပ်စ်ကြောင့် လိုက်ဘေးရီးယားနှင့် ဆီရီယာလီယွန်တို့ထံ လေကြောင်းခရီးစဉ် ပြေးဆွဲမှုကို ရပ်တန့်လိုက်ကြောင်း အတည်ပြုသည်။ နိုင်ဂျီးရီးယားနိုင်ငံ၏ အကြီးမားဆုံး လေကြောင်းလိုင်း အရစ်အဲကလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အဆိုပါနိုင်ငံများသို့ လေကြောင်း ခရီးစဉ် ပြေးဆွဲမည်မဟုတ်ဟု ထုတ်ပြန်ခဲ့သည်။ထို့အပြင် လိုက်ဘေးရီးယားနိုင်ငံတွင် ဒေသတွင်း ဘောလုံးပွဲများကို ရပ်နားထားသည်။ လိုက်ဘေးရီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဘီလစ်တီက “ဘောလုံးကစားတဲ့အခါ တစ်ဦးနဲ့ တစ်ဦး ထိမိခိုက်မိ ရှိတတ်ပါတယ်။ ချွေးထွက်နေတုန်း တစ်ဦးနဲ့ တစ်ဦးထိမိရင် ရောဂါကူးစက်နိုင်ပါတယ်။ ပရိသတ်တွေလည်း ဒီလိုပါပဲ။ ဘောလုံးပွဲ လာကြည့်ကြတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်ချင်း ထိမိတတ်ပါတယ်။ အဲဒီအခြေအနေကို ဟန့်တားဖို့ လိုတယ်”ဟု ပြောသည်။

@z (ရိုးရာလေး)

No comments:

Post a Comment