Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 14, 2014

ဦးဇင်းတို့ ခိုင်းလို့ အစိုးရက လုပ်တာပဲ ရှိတယ် – ဆရာတော် ဦးဝီရသူ


ယခုအခါ မြန်မာ့နိုင်ငံရေးတွင် ဥပဒေ ပြင်ဆင်ရေးအ တွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြိုးပမ်းမှုနှင့် ဥပဒေ ပြဌာန်းရေး ကြိုးပမ်းမှုများ မြင့်တက် လာနေပြီ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အ စည်း) တို့ပူးပေါင်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကြိုးပမ်းမှုများ ပြုလုပ်လျက်ရှိသကဲ့သို့ တစ်ဖက်တွင်လည်း မျိုးစောင့်ဥပဒေ ပေါ်ပေါက်လာရေး အတွက် လုံးပမ်းနေရသည်။ ယခုအခါ ဥပဒေ ပြင်ဆင်ရေး အတွက် ကြိုဆိုသံများ ကြားနေရသော်လည်း မျိုးစောင့် ဥပဒေ ပြဌာန်းရေး အတွက် အခက်အခဲများ၊ ကန့်ကွက်မှုများ ကြုံတွေ့နေရသည်။

ထို့ကြောင့် မျိုးစောင့် ဥပဒေ ပြဌာန်းရေး ဆောင်ရွက်ချက် ဘာလဲ၊ ဘယ်လဲ သိရှိစေရန်အတွက် ၎င်းဥပဒေ ပေါ်ပေါက်ရန် ကြိုးပမ်းနေသည့် ဆရာတော် ဦးဝီသူရနှင့် ယခုလို ဆက်သွယ်မေးမြန်းဖြစ်ခဲ့ ပါသည်။

မေး။ ။ မျိုးစောင့် ဥပဒေ ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းနေတာ ယခုလက်ရှိ ဘယ်အခြေနေသို့ ရောက် ရှိနေပြီလဲ။

ဖြေ။ ။ မျိုးစောင့် ဥပဒေနဲ့ ပတ်သက်လို့ မနေ့ကတော့ အင်းစိန်မြို့နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့မှ ဥပဒေ အကြံပြု အစည်းအဝေး ထိုင်ပါတယ်။ ညွန်ကြားချက်တွေ မှာပါတဲ့ အချက်တွေကို ဖြစ်သင့်တာတွေ ဖြစ်အောင်၊ ပြဋ္ဌာန်းသင့်တာတွေကို ပြဋ္ဌာန်းနိုင်အောင်၊ လူ့အခွင့်ရေး နဲ့လည်း ညီအောင်၊ နိုင်ငံရေး အနေနဲ့လည်း အကောင်းဆုံး ဖြစ်အောင်၊ အကြံပြုနေပါတယ်။ ဒီအတွက်ကြောင့် မူကြမ်းရေးဆွဲတဲ့ နေရာမှာ ဖြစ်ချင်တာတွေ ဖြစ်အောင် လုပ်နေရတဲ့ အတွက် အချိန်တော့ အနည်းငယ် ယူရပါတယ်။

မေး။ ။ မျိုးစောင့် ဥပဒေ ဖြစ်ပ်ါလာရေး ကြိုးပမ်းမှုအပေါ် နိုင်ငံရေး အသိုင်းအ၀ိုင်းက ဦးဇင်းတို့ မဘသ အဖွဲ့ကို အစိုးရက အနောက်ကနေ ကြိုးကိုင်းနေတယ် လို့ပြောနေတယ် ဟုတ်ပါသလား။

ဖြေ။ ။ အဲဒါတွေကတော့ မဟုတ်ပါဘူး။ ဦးဇင်းတို့ အဖွဲ့ကို မနာလိုတဲ့ သူတွေက ပြည်သူတွေနဲ့ အထင်လွဲအောင် မနာလိုတဲ့ သဘောတွေနဲ့ ပြောနေကြတာပါ။ အမှန်တော့ လုံးဝမဟုတ်ပါဘူး။ အစိုးရ ခိုင်းလို့ ဦးဇင်းတို့လုပ်တာ ဘာတစ်ခုမှ မရှိဘူး။ ဦးဇင်းတို့ခိုင်းလို့ အစိုးရက လုပ်နေတာပဲရှိတယ်။ ဒါ့ကြောင့် အစိုးရအဖွဲ့က ဦးဇင်းတို့ကို နောက်ကနေ ကြိုးကိုင်နေတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။

မေး။ ။ မျိုးစောင့် ဥပဒေ ပေါ်ပေါက်ရေးအပြင် တစ်ခြားနိုင်ငံရေး အနေနဲ့ရော ဦးဇင်းတို့ အဖွဲ့က ဘာတွေ လုပ်ဆောင်နေပါသလဲ။

ဖြေ။ ။ ဦးဇင်းတို့ အဖွဲ့က မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေနဲ့ အမျိုးဘာသာ သာသနာ အတွက် အဓိကထားတဲ့ အနေနဲ့ မျိုးစောင့် ဥပဒေ ပေါ်ပေါက်ရေးကိုသာ အဓိက ကြိုးစား လုပ်နေတာပါ။ နိုင်ငံရေးကို အဓိကထားပြီး လုပ်ဆောင်နေတာတော့ မရှိပါဘူး။ ဒါပေမယ့်လည်း အမျိုးသား အကျိုးစီးပွားကို ထိခိုက်လာနိုင်မယ် ဆိုရင်တော့ ထောက်ပြပေးတယ်။ အမျိုးသား အကျိုးစီးပွားကို ရှေးရှုမယ်ဆိုရင်တော့ ဘယ်အဖွဲ့အစည်းကိုမဆို ထောက်ခံပေးဖို့ ဦးဇင်းတို့ရဲ့ စိတ်ထဲမှာ အမြဲ ရှိနေပါတယ်။

မေး။ ။ အခုလက်ရှိ ရန်ကုန် မန္တလေးအပြင် အခြားမြို့နယ်တွေမှာပါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ တို့ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကြိုးပမ်းနေတဲ့ အပေါ် ဦးဇင်းတို့ မဘသ အဖွဲ့ အနေနဲ့ ကြိုဆိုပါသလား။

ဖြေ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ အဖွဲ့တို့ ပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ကို ဦးဇင်းတို့တင် မကဘူး။ ဦးဇင်းတို့ မဘသ တစ်နိုင်ငံလုံး အနေနဲ့ ကြိုဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြေခံ ဥပဒေ ဆိုတာ ဒီမိုကရေစီ စံချိန်စံညွန်းနဲ့ ညီအောင် လုပ်နေတာ မှန်သမျှကို လိုလိုလားလားနဲ့ ထောက်ခံနေတာကို ကြိုဆိုပါတယ်။ ကန့်ကွက်မှုလည်း လုံးဝ မရှိပါဘူး။ ၅၉(စ)ကိုသာ ဦးဇင်းက စိုးရိမ်မှုရှိတာပါ။ အဲဒီဟာကလည်း တစ်နိုင်ငံလုံးရဲ့ အမျိုးသား စီးပွား ထိခိုက်နိုင်မှာဖြစ်လို့ပဲ အဲဒါကို တစ်ဦးတစ်ယောက် အတွက်ပဲ ပြင်မယ်ဆိုရင်တော့ တစ်ဦး တစ်ယောက်တည်းကပဲ ဦးဆောင် ပြင်ပြီးတော့ အခြားသူတွေ ပါဝင်ခွင့်မရအောင် ကန့်သတ်ထားတဲ့ အတွက် အဲဒါကိုတော့ ပြင်ဖို့လိုလားပါတယ်။

မေး။ ။ မဘသရဲ့ မျိုးစောင့် ဥပဒေ ကန့်ကွက်တဲ့ အဖွဲ့တွေကို အမျိုးသား သစ္စာဖောက် အဖြစ် ကြေညာခဲ့တယ်။ သာသနာရေး ၀န်ကြီးကလည်း ဒီကြေညာချက်ကို ထောက်ခံတယ်။ ဒါကြောင့် မျိုးစောင့် ဥပဒေ ပေါ်ပေါက်ရေး အတွက် သာသနာရေး ၀န်ကြီးဌာနရဲ့ ဘယ်လို အကူအညီမျိုးရရှိ ထားပါသလဲ။

ဖြေ။ ။ ဦးဇင်းတို့ မဘသ အဖွဲ့က ရေးဆွဲတဲ့ မျိုးစောင့် ဥပဒေနဲ့ ပတ်သက်ပြီး ကန့်ကွက်တဲ့သူတွေကို ဦးဇင်းတို့ မဘသအဖွဲ့ သစ္စာဖောက်အဖြစ် ကြေညာခဲ့တာ မှန်ပါတယ်။ ဒီကြေညာချက်ကိုလည်း သာသနာရေး ၀န်ကြီးဌာနက တကယ်ပဲထောက်ခံခဲ့ပါတယ်။ မျိုးစောင့် ဥပဒေ ပေါ်ပေါက်ရေး အတွက် သာသနာရေး ၀န်ကြီးဌာနရဲ့ ကူညီမှုကိုလည် ယူခဲ့ရပါတယ်။ အဲဒါကတော့ ဘာသာကူးပြောင်းရေး ဆိုင်ရာ မူကြမ်းကိုတော့ သာသနာရေး ၀န်ကြီးဌာနက ရေးဆွဲပေးခဲ့တာပါ။ ကျန်တဲ့ အချက်အလက်တွေ ကတော့ ဦးဇင်းတို့ မဘသ အဖွဲ့ကပဲ ရေးဆွဲခဲ့တာပါ။

မေး။ ။ ဦးဇင်းတို့ မဘသ အနေနဲ့ မျိုးစောင့် ဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဘယ်လို အကြံပြု ပြောချင်ပါသေးလဲ။

ဖြေ။ ။ ဦးဇင်းတို့ မဘသ အဖွဲ့က အမျိုးဘာသာ သာသနာ ကိစ္စတွေအပြင် တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ တိုင်းရင်းသား ပေါင်းစုံရဲ့ အမျိုးဘာသာ သာသနာတွေကို လုံခြုံအောင်၊ မမျှတတဲ့ ဥပဒေတွေကို မျှတအောင်၊ မတရားတဲ့ ဥပဒေတွေကို တရားအောင်၊ လူအခွင့်အရေးနဲ့ မညီဘူး ဆိုရင် ညီအောင်၊ မပြည့်စုံဘူးထင်ရင် ပြည့်စုံအောင် ပြည်သူတွေ အနေနဲ့ ၀ိုင်းပြီးတော့ ဦးဇင်းတို့ အဖွဲ့ကို အကြံပေးစေချင်ပါတယ်။ ဦးဇင်းတို့အဖွဲ့က အမျိုးဘာသာ သာသနာကို လုံခြုံအောင် လုပ်နေတဲ့ အဖွဲ့ဆိုတော့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အဓိက လုပ်ဆောင်နေတဲ့ အဖွဲ့ပါလို့ပြောချင် ပါတယ်။

တွေ့ဆုံမေးမြန်းသူ ပိုင်လေး 
Tomorrow news journal

No comments:

Post a Comment