Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 28, 2013

စည်သူလွင်နှင့် တွေ့ဆုံခြင်း


(သန့်ဇင်ဦး)

သီချင်းဆိုပြိုင်ပွဲ များအနက် အောင်မြင်သော အစီအစဉ်တစ်ခုဖြစ်သည့် အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်နေသည့် တေးသံရှင် စည်သူလွင်နှင့် တွေ့ဆုံပြီး သီချင်းဆိုပြိုင်ပွဲများ အပေါ် သူ၏အမြင်၊ အိပ်မက်ဆုံရာ ပြိုင်ပွဲဝင်များကို အကဲဖြတ် အမှတ်ပေးသည့် ပုံစံနှင့် သူ၏တစ်ကိုယ်တော် တေးစီးရီးသစ် အကြောင်းတို့ကို The Voice က မေးမြန်းထားပါသည်။

Voice ။ ။ ကိုယ်တိုင်ကလည်း သီချင်းဆိုပြိုင်ပွဲ ကနေ အဆိုတော် ဖြစ်လာတာဆိုတော့ အခုပြုလုပ်နေကြတဲ့ သီချင်းဆိုပြိုင်ပွဲ တွေအပေါ် ကိုစည်သူလွင်ရဲ့ အမြင်က ဘယ်လိုရှိလဲ။

S.T.L ။ ။ သီချင်းဆိုပြိုင်ပွဲတွေ ကတော့ ပုံသဏ္ဌာန်မျိုးစုံနဲ့ လုပ်နေကြတာပေါ့။ ကျွန်တော့်အမြင် အရတော့ ဂီတကို ဝါသနာပါတဲ့ လူငယ်တွေအတွက် အခွင့်အလမ်းတွေ ပိုများလာတယ်လို့ မြင်ပါတယ်။ ဒီပြိုင်ပွဲတွေကတစ်ဆင့် ပရိသတ်တွေက ကိုယ့်ကို သတိ ထားမိလာတယ်။ အဲ့ဒီကနေ တစ်ဆင့်ထပ်ပြီး ကြိုးစားမယ်ဆိုရင် အောင်မြင်မှုလမ်းစတစ်ခု ရနိုင်ပါတယ်။

Voice ။ ။ သီချင်းဆို ပြိုင်ပွဲတွေမှာလည်း တချို့ပြိုင်ပွဲတွေက ဆုရတဲ့သူတွေကို စီးရီးထုတ်ပေးသလို၊ တချို့ပြိုင်ပွဲတွေကတော့ ဆုကြေးပဲပေးတာ ရှိတယ်။ ဒီလိုကွဲပြားမှု တွေအပေါ် ကိုစည်သူ့အမြင်နဲ့ သုံးသပ်ပေးပါဦး။

S.T.L ။ ။ အဲဒါကတော့ အဆိုပြိုင်ပွဲတွေကို ကျင်းပပေးတဲ့သူတွေရဲ့ ချမှတ်ထားတဲ့ မူဝါဒနဲ့ သူတို့ဘယ်လောက် အတိုင်းအတာအထိ လုပ်ပေးနိုင်သလဲ ဆိုတဲ့အပေါ် မူတည်တာပေါ့နော်။ တချို့ကလည်း ပြိုင်ပွဲပြီးရင် ခွေထုတ်ပေးသလို တချို့ကတော့ ဆုကြေးပေးပြီး ပြီးသွားတာမျိုးလည်း ရှိတာပေါ့။ ခွေတစ်ခွေ ထုတ်ဖို့ဆိုတာလည်း ဒီနေ့ခေတ်ရဲ့ ကုန်ကျစရိတ်နဲ့က မလွယ်ဘူးပေါ့နော်။ အဲဒီ လောက်အထိ လုပ်ပေးချင်ပေမယ့်လည်း မတတ်နိုင်တဲ့ အပိုင်းလေးတွေတော့ ရှိကောင်းရှိပါလိမ့်မယ်။ ဆုရတဲ့သူတွေကို စီးရီးထုတ်ပေးဖို့ စီစဉ်ရတဲ့ အပိုင်းတွေမှာလည်း အခက်အခဲတွေ ရှိကောင်းရှိပါလိမ့် မယ်။ ဒါကြောင့်မို့ အဲဒီလောက်အထိကို ထပ်ပြီး အလုပ်ရှုပ်မခံချင်လို့ ဆုကြေးပေးတဲ့ အဆင့်နဲ့တင် ရပ်လိုက်တာမျိုး ရှိကောင်းရှိ ပါလိမ့်မယ်။

Voice ။ ။ သီချင်းဆိုပြိုင်ပွဲမှာ ဆုရပြီး ပျောက်သွားကြတာက ဘာကြောင့်လို့ထင်လဲ။

S.T.L ။ ။ သီချင်းဆိုပြိုင်ပွဲတစ်ခုမှာ ဆုရပြီးတိုင်းလည်း နာမည်ကြီး အဆိုတော်တစ်ယောက် ဖြစ်မလာနိုင်ပါဘူး။ အနုပညာသမားကောင်း တစ်ယောက်ဖြစ်လာဖို့၊ နာမည်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့ဆိုတာ တော်တော်များများ အကြောင်းတရားလည်း တိုက်ဆိုင်မှ၊ ကိုယ်ကလည်း တကယ်အရည်အချင်းရှိပါမှ ဖြစ်နိုင်မှာပါ။ တချို့ကတော့လည်း အရည်အချင်း ရှိပေမယ့် သူ့ရဲ့ကံတွေ၊ ဆန်းတွေ လိုသေးတာကိုး။ ပြိုင်ပွဲတွေမှာ ဆုရတဲ့သူတွေထဲမှာလည်း တချို့တွေက ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ပိုပြီးရကြတယ်။ တချို့က သိပ်မရကြဘူး။ ပြိုင်ပွဲဆိုတာမျိုးကလည်း ယှဉ်ပြိုင်တဲ့အချိန်မှာ တတ်နိုင်သမျှ အမှားနည်းမယ်။ အဲဒီအချိန်မှာ အကောင်းဆုံး သီဆိုနိုင်ရင် သူ့ကိုအမှတ်ပေးရတာကိုး။ အပြင်လောကမှာ တကယ်လက်တွေ့ ဖြတ်သန်းတဲ့ အခါကျတော့ သူ့မှာအနုပညာဝမ်းစာ ဘယ်လောက်ပြည့်ဝလဲ။ Professional တစ် ယောက်လို ရပ်တည်နိုင်လောက်တဲ့အထိ အရည်အချင်း ရှိရဲ့လားဆိုတဲ့ အချက်တွေက သူအောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာကို အဆုံးအဖြတ်ပေးပါတယ်။

Voice ။ ။ အိပ်မက်ဆုံရာ အစီအစဉ်မှာ အကဲဖြတ် ဒိုင်တစ်ယောက်အနေနဲ့ ကြုံတွေ့ရတဲ့ ပြိုင်ပွဲဝင် ဝါသနာရှင် လူငယ်တွေက ကိုစည်သူတို့ခေတ်တုန်းက ဂီတဝါသနာရှင် လူငယ်တွေနဲ့ ဘယ်အချက်တွေမှာ ကွာခြားလဲ။

S.T.L ။ ။ ကျွန်တော်တို့ ခေတ်တုန်းကတော့ ဂီတနဲ့ ပတ်သက်ရင် လေ့လာစရာ တော်တော်လေး နည်းတယ်။ မီဒီယာတွေလည်း သိပ်မဖွံ့ဖြိုးသေးဘူး။ ဂီတကို အရမ်းဝါသနာပါတဲ့ လူငယ်တစ်ယောက်က တော်တော်လေးကို ရှာဖွေပြီး လေ့လာရတယ်။ အခုခေတ်မှာတော့ သင်တန်းတွေလည်း အများကြီး ရှိလာတဲ့အတွက် ဒီခေတ်လူငယ်တွေအတွက်က လေ့လာစရာ အခွင့်အလမ်းတွေ ပိုများပါတယ်။ ဒီအခွင့်အလမ်းတွေကို အကျိုးရှိရှိနဲ့ အသုံးချစေချင်တယ်။ အိပ်မက် ဆုံရာ အစီအစဉ်တွေမှာလည်း တကယ့်အရည်အချင်း ပြည့်ဝတဲ့သူတွေ အများကြီးပါသလို ကိုယ်မျှော်မှန်းထားသလောက် ဖြစ်မလာတဲ့သူတွေလည်း ကြုံရပါတယ်။ ကျွန်တော်ကတော့ လူငယ်တိုင်းကို ပိုပြီးတော့ ကြိုးစားစေချင်တယ်။ ကျွန်တော်တို့ ခေတ်ထက် ပိုပြီးအခွင့်အလမ်း၊ အခွင့်အရေးတွေ အများကြီးရှိတဲ့ အချိန်မှာ ကျွန်တော်တို့ထက်ပိုပြီး တော်စေချင်တယ်။ ကိုယ့်ဘက်က အရည်အချင်း ပြည့်ဝနေအောင် ကြိုးစားပါလို့ ပြောချင်ပါတယ်။

Voice ။ ။ အိပ်မက်ဆုံရာ အစီအစဉ်မှာ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခွင့်ရမယ့် ပြိုင်ပွဲဝင်တွေကို Blind Audition လုပ်ပြီး ရွေးတဲ့အခါ ဘယ်လိုအချက်တွေပေါ် မူတည်ပြီး ပြိုင်ပွဲဝင်တစ်ယောက်ကို လှည့်ကြည့် ရွေးချယ်လဲ။

S.T.L ။ ။ Blind Audition လုပ်ပြီး ရွေးတဲ့အခါမှာ ကိုယ်ကပြိုင်ပွဲဝင်ရဲ့ Performance ကိုလည်း မမြင်ရဘူး။ ရုပ်ကိုလည်း မမြင်ရဘူး။ အဆိုပြိုင်ပွဲတစ်ခုမှာတော့ အသံကပိုပြီး အဓိကကျတယ်လို့ ကျွန်တော်ထင်တယ်။ အခွေထဲမှာဆို ကိုယ်ကဘယ်လိုမှ Performance လုပ်ပြလို့မရဘူး။ အသံနဲ့ပဲ ဆွဲဆောင်ရတာ။ သူ့ရဲ့အသံနဲ့ဆိုဟန်က ကိုယ့်ကို လှည့်ကြည့်ချင်လောက်အောင် ဆွဲဆောင်နိုင်ရင်တော့ ကျွန်တော်က လှည့်ကြည့်တယ်။ လှည့်ကြည့်တယ်ဆိုတဲ့ နေရာမှာလည်း အမျိုးမျိုးရှိတယ်။ တစ်ခါတလေကျတော့ အရမ်း Perfect ဖြစ်နေတဲ့အတွက် လှည့်ကြည့်မိတာမျိုး ရှိသလို တချို့ကျတော့ သူကကိုယ်မျှော်မှန်းထားသလောက် အနေအထားမျိုး မရှိသေးပေမယ့် ဒိုင်တွေရဲ့ မှတ်ချက်တွေရယ်၊ Vocal Trainer ရဲ့ သင်ကြား ပြသမှုတွေအပေါ် လက်ခံပြုပြင်လိုက်ရင် တိုးတက်လာနိုင်သလား ဆိုတာမျိုးကိုလည်း ထည့်စဉ်းစားရတယ်။ သူဆိုတာက အသံနည်းနည်းယိုင်တာ မျိုးလေးတွေရှိပေမယ့် ခံစားချက် အရမ်းပါနေတယ်။ Mood အရမ်းကောင်းနေတယ် ဆိုရင်လည်း ကျွန်တော်တို့ကိုယ်တိုင် လှည့်မကြည့်ဘဲ မနေနိုင်ဘူး။

Voice ။ ။ ပြိုင်ပွဲဝင်တွေကို ရွေးချယ်တဲ့နေရာမှာ အကဲဖြတ် ဒိုင်တစ်ယောက်အနေနဲ့ ပါဝင်ရတဲ့ အပိုင်းကို ပြောပြပေးပါဦး။

S.T.L ။ ။ ကျွန်တော်တို့အကဲဖြတ် ဒိုင်တွေအနေနဲ့ကတော့ ပြီးခဲ့တဲ့ အိပ်မက်ဆုံရာ Season(5) အထိ နောက်ဆုံးပြိုင်ပွဲဝင် အယောက် ၂၀ ကျန်တော့မှ Blind Audition လုပ်ရပါတယ်။ ကျွန်တော်တို့က Blind Audition လုပ်ပြီး ရွေးမှာဖြစ်တဲ့အတွက် ရှေ့အသံစစ်ဆေးတဲ့ အဆင့်တွေကို ကျွန်တော်တို့ သွားမကြည့်သလို၊ သူတို့ကလည်း ခေါ်မပြဘူး။ နောက်ဆုံး အယောက် ၂၀ ကနေ စရွေးတဲ့အခါကျတော့ ကျွန်တော်တို့မှာ ရွေးချယ်ရခက်တဲ့ အပိုင်းလေးတွေ ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က Season(6) ကနေစပြီး Producer တွေကို ပြောထားတယ်။ အယောက် ၁၀၀ ကနေစပြီး Blind Audition လုပ်ခွင့်ပေးပါလို့ ကျွန်တော့်အနေနဲ့က တကယ်ကောင်းတဲ့ သူတွေကို ပါစေချင်တယ်။ လူအယောက် ၁၀၀ လောက်ကနေ ရွေးရတာ ဖြစ်တဲ့အတွက် ရွေးချယ်တဲ့နေရာ မှာလည်း ကိုယ့်အတွက် နည်းနည်းလှုပ်သာ လှည့်သာရှိတယ်။

ရှေ့ကရွေးချယ်တဲ့ အပိုင်းတွေကတော့ Producer တွေနဲ့ပဲ သက်ဆိုင်တယ်။ အယောက် ၁၀၀ ရွေးချယ်တာကတော့ သူတို့စိတ်ကြိုက်ပဲ ဖြစ်နေမှာပဲ။ တကယ်အရည်အချင်း ရှိတဲ့သူတွေ ဒီထဲမှာ ပါသွားနိုင်သလို၊ တကယ်မကောင်းလို့ ကျန်ခဲ့တဲ့သူတွေလည်း ရှိကောင်းရှိနိုင်တယ်။ ဒါတွေက ကျွန်တော်တို့ ရွေးချယ်ထားတာ မဟုတ်တဲ့အတွက် ဘာမှတော့ ပြောလို့မရဘူးပေါ့။ ပြုတ်သွားတဲ့အထဲမှာ တကယ်အရည်အချင်း ရှိတဲ့သူတွေ ပါသွားရင်တော့ ကျွန်တော်တို့ အတွက်လည်း နှမြောစရာပေါ့။ ကျွန်တော့် ဆန္ဒကတော့ တကယ်ကောင်းတဲ့ သူတွေကို ပြိုင်ခွင့်ရ စေချင်တယ်။

နောက်တစ်ခုက ဒီအိပ်မက်ဆုံရာ အစီအစဉ်ကို စိတ်ဝင်စားလို့ လာပြိုင်ချင်တဲ့သူတွေကို ကျွန်တော်ပြောချင်တာက ဒီအစီအစဉ်က Performance ကို ဦးစားပေးတယ်လို့ သူတို့က ထင်ကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ Performance ကို ထိုက်သင့်တဲ့ အမှတ်လောက်ပဲပေးပြီး တကယ့်အဆိုပညာကို အဓိကဦးစားပေးပြီး ဆုံးဖြတ်တယ်ဆိုတာ အားလုံးကို သိစေချင်ပါတယ်။

Voice ။ ။ အိပ်မက်ဆုံရာက တခြားသီချင်းဆို ပြိုင်ပွဲတွေနဲ့မတူဘဲ သီချင်းအမျိုး အစားအစုံ ယှဉ်ပြိုင်ခိုင်းတာကိုရော ဘယ်လိုမြင်လဲ။

S.T.L ။ ။ ဒါကတော့ ပရိုဂျူဆာတွေက တခြားပြိုင်ပွဲတွေနဲ့ မတူအောင် Music Theme မျိုးစုံကို ယှဉ်ပြိုင်ခိုင်းတာလို့ ကျွန်တော်ထင်တယ်။ အိပ်မက်ဆုံရာ အစီအစဉ်က သီချင်းဆိုပြိုင်ပွဲ တစ်ခုဆိုတာထက် ဒီ Music အပေါ်မှာ ကိုယ့်ရဲပင်ကို အရည်အချင်း ဘယ်လောက်ရှိလဲဆိုတာ ရှာ ဖွေတဲ့သဘော သက်ရောက်တယ်။ ဒီမှာက အဆိုပိုင်းပါသလို ဖျော်ဖြေမှုအပိုင်းလည်း ပါတယ်။ Melody World တို့ ဘာတို့ကတော့ အဆိုသီးသန့်ပြိုင်ပွဲ လုပ်တာပေါ့။ ကျွန်တော်တို့ကတော့ ပရိသတ်ကို ဖျော်ဖြေရေးအနေနဲ့လည်း ပါတယ်။ ပြိုင်ပွဲဝင်တွေက ဆိုတာတစ်ခုတည်း မကဘူး။ Performance တွေလည်း တွဲလုပ်ပြီး ပရိသတ်ကို ဖျော်ဖြေတဲ့ သဘောလည်း ဆောင်တာပေါ့။
Music Theme မျိုးစုံကို ယှဉ်ပြိုင်ခိုင်းတယ် ဆိုတာလည်း ပြိုင်ပွဲဝင်တွေအတွက် တကယ်လိုအပ်တယ် ထင်ပါတယ်။ အဆိုတော်တစ်ယောက်က ကိုယ်ကြိုက်နှစ်သက်တဲ့၊ ကိုယ်နဲ့အံဝင်ခွင်ကျရှိတဲ့ Music ပုံစံ တစ်မျိုးကိုတော့ ဆုပ်ကိုင်ရမှာပေါ့။ ဒါပေမဲ့ ဥပမာ Rock သီချင်းတွေကို ဆိုနေပေမယ့်လည်း ကိုယ်ကကျန်တဲ့ Pop သီချင်းတွေကိုလည်း တီးမိခေါက်မိရှိမယ်၊ R&B ကိုလည်း အနည်းအကျဉ်း နားလည်ထားမယ်ဆိုရင် ပိုကောင်းတာပေါ့။

Voice ။ ။ အိပ်မက်ဆုံရာ အစီအစဉ်မှာ Performance အတွက် အမှတ်ကျတော့ ဘယ်လိုပုံစံနဲ့ ပေးတာလဲ။

S.T.L ။ ။ ကျွန်တော်တို့ အစီအစဉ်မှာက အမှတ်ပေးတဲ့အခါ Performance ကို အဓိကဦးစားပေး စဉ်းစားတာမျိုးတော့ မရှိပါဘူး။ Performance ကောင်းလို့ ဒီလူဟာ ဆုရသွားတယ် ဆိုတာမျိုး ကျွန်တော်တို့ဆီမှာ မရှိပါဘူး။ အဆိုပြိုင်ပွဲဖြစ်တဲ့ အတွက်ကြောင့် အဆိုကောင်းရမယ်။ Performance ဆိုတဲ့ဟာမျိုးကတော့ သီးသန့်အရမ်းကြီး လုပ်ယူထားတာမျိုး မဟုတ်ဘဲ ဒီသီချင်းနဲ့ လိုက်ဖက်တဲ့ Performance မျိုးကို ကျွန်တော်တို့က ဦးစားပေးတယ်။ အလွန်အကျွံကြီး လုပ်ပြပြီး သီချင်းနဲ့ မလိုက်ဖက်ရင်လည်း အဲဒီလို Performance မျိုးကို ဦးစားမပေးပါဘူး။ အဓိကကတော့ အဆိုပြိုင်ပွဲ ဖြစ်တဲ့အတွက် အဆိုကို ဦးစားပေးပါတယ်။

Voice ။ ။ အိပ်မက်ဆုံရာက အခုဆို Season (6) အထိ ရောက်လာပြီလေ။ အကဲဖြတ်ဒိုင် တစ်ယောက်အနေနဲ့ ကျတော့ ဘယ် Season က ပြိုင်ပွဲဝင်တွေကို အားရလဲ။

S.T.L ။ ။ ကျွန်တော်က အိပ်မက်ဆုံရာ Season (1), (4), (5), (6) မှာ ဒိုင်လုပ်ဖူးတယ်။ ဒီထဲမှာ ကျွန်တော် Season (4) နဲ့ အခု Season (6) ကို အားရတယ်။ Season (5) မှာတုန်းကတော့ နည်းနည်းလေး အားနည်းမှု ရှိတယ်လို့ ထင်တယ်။

Voice ။ ။ စီးရီးတွေက ဘယ်စီးရီးတွေ ထွက်ဖို့ရှိလဲ။

S.T.L ။ ။ စီးရီးကတော့ ကျွန်တော်ရယ်၊ အဲလက်စ်ရယ်၊ ကိုဆောင်းဦးလှိုင်ရယ် ဆိုထားတဲ့ 19: 18 (4) စီးရီးထွက်ပါမယ်။ နောက်ထပ်က ကျွန်တော့် တစ်ကိုယ်တော်ခွေတစ်ခွေနဲ့ အတွဲခွေတစ်ခွေ လုပ်နေတယ်။

Voice ။ ။ တစ်ကိုယ်တော် စီးရီးကရော ဘယ်အခြေအနေ ရောက်နေပြီလဲ။

S.T.L ။ ။ တစ်ကိုယ်တော် စီးရီးကတော့ ကျွန်တော်သီချင်းတွေ စစုနေတယ်။ Own Tune တွေချည်းပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာ နောက်ပိုင်း မူပိုင်ခွင့်တွေဘာတွေ ဖြစ်ထွန်းလာရင် ကိုယ်ပိုင်သံစဉ် သီချင်းတွေကပိုပြီး အရေးပါလာမယ် ထင်လို့ Own Tune ခွေလေး စီစဉ်ဖြစ်တာပါ။

Voice ။ ။ ကိုစည်သူလွင်ကို အားပေးနေဆဲ ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။

S.T.L ။ ။ ကျွန်တော့်ကို အခုအချိန်အထိ အားပေးနေဆဲ ပရိသတ်တွေကို ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်တော့်ဂီတ သက်တမ်းဆို (၁၈) နှစ်ပြည့်ပါတော့မယ်။ နောက်လည်း ပရိသတ်တွေအတွက် ကျွန်တော့် အနုပညာတွေကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး ဖန်တီးသွားပါ့မယ်လို့ ပြောချင်ပါတယ်။

No comments:

Post a Comment