Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 21, 2020

လူသားတွေအတွက် ပြစ်ဒါဏ် သို့မဟုတ် ကိုဗစ်၁၉ ကမ္ဘာမြေကိုလှည့်လည်ခြင်း

နည်း ၂နည်းမှာ သင့်တော်မယ့်နည်း

ကိုဗစ်၁၉ က ကမ္ဘာပတ်နေပြီဖြစ်တယ်။ လန်ဒန်အမ်ပီရီရယ်ကောလိပ်က ထုတ်တဲ့စာတမ်းက နည်း၂နည်းပဲ ရှိတယ်လို့ထောက်ပြတယ်။ ပထမနည်းက အန္တရယ်နည်းအောင်လုပ်တဲ့နည်း (Mitigation) ပါ။ လုံးဝပျောက် သွားအောင် လုပ်တာတော့မဟုတ်ဘူး။ ပိုးကပျံ့ကောင်းပျံ့ နေမယ်။ တချို့လူတွေ အိမ်မှာနေမယ်။ ကျောင်းမပိတ်ဘူး။ ရုံးမပိတ်ဘူး။ ခွဲထားသင့်တဲ့လူမှခွဲထားမယ်။ အရေးအကြီးဆုံးလူနာတွေကိုပဲကုနေမယ်။ ဒါခု စင်ကာပူလုပ်နေတဲ့ပုံစံမျိုးပါ။ နောက်တနည်းက လူစုလူဝေးတွေအားလုံးကိုခွဲထုတ်မယ်။ မြို့တွေ ပိတ်မယ်။ စစ်မယ် တွေ့ရင်ကုမယ်။ ခွဲထားမယ်၊ စောင့်ကြည့်မယ်ဆိုတာတွေပါ။ ဖိနှိပ်ကျပ်မတ်ကုသနည်း (Suppression) ပါ။ ဒါက ဝူဟန်မှာလုပ်ခဲ့တဲ့နည်း။ ခုအီတလီမှာလုပ်နေပြီး အမေရိကန် အင်္ဂလန်တို့ လုပ်မယ့်နည်းပါ။ ဒီနည်းက ပြတ်အောင်လုပ်မယ့်နည်းပါ။ ဒီနည်းသုံးရင်တော့ တနိုင်လုံးမှာရှိသမျှလူတွေဟာ တဦးနဲ့တဦး ခွာနေ (Social Distancing) ရမယ်။ ခွဲနေတာမဟုတ်။ ရုံးတွေ ကျောင်းတွေ ပိတ်ပစ်ဖို့ပါ လိုလာမယ်။

နည်း၂နည်းမှာကွာတာက ထပ်ဆင့်ကူးစက်စေတဲ့အရေအတွက် (Reproduction - R) ကို လျော့ချတဲ့နေရာမှာ ဖြစ်တယ်။ R က ကျပ်မတ်ကုသတဲ့နည်းမှာ ၁ထက်နည်းမယ် (တနည်း ထပ်မကူးသလောက်ဖြစ်လာမယ်)။ ထိမ်းပြီးနည်းအောင်လုပ်တဲ့နည်းမှာ ၁ထက် များမယ် (တနည်း ၁ယောက်ကနေ နောက်တယောက်တော့ ကူးနေမယ်၊ ၂ဦး၃ဦးသာဖြစ်မသွားတာ)။ နည်းအောင်ထိမ်းထားတဲ့နည်းကတော့ ဆေးပေါ်တဲ့အချိန်ကို စောင့်ရတာဖြစ်တယ်။ ကျပ်မတ်ကုတဲ့ နည်းက လုံးဝပျောက်သွားနိုင်တယ်ဆိုပေမယ့် သူလည်း ကျန်သင့်သလောက် ကျန်နေနိုင်ပြီး ဆေးစောင့်ရတာမျိုး ဖြစ်နိုင်တာပါပဲ။ ဒီနည်း၂ခုကို သုံးကြတဲ့အခါ နိုင်ငံတွေဟာ လက်ရှိဖြစ်နေတဲ့ကူးစက်နှုန်း၊ စီးပွားရေး အခြေအနေနဲ့ ပေးနိုင်တဲ့ ဆေးကုသမှုဆိုင်ရာ အထောက်အပံ့တွေကိုမူတည်ပြီး သတ်မှတ်ကြတာဖြစ်တယ်။

မြန်မာပြည်အနေနဲ့တော့ ဖြစ်နှုန်းမရှိ (ရှိနေတာတောင်မှ တရားဝင်ဖော်ထုတ်နိုင်အောင်မတွေ့ရ) တာအပြင် ဆေးကုသမှုအထောက်အပံ့နည်းပြီး (ဆေးဝါး၊ ကျန်းမာရေးလုပ်သား၊ ဆေးရုံစသည်ဖြင့်) ငွေကြေးကုန်ကျ ခံနိုင်မှုနည်းနေနိုင်တာတွေရှိတာမို့ ထိမ်းပြီးသွားတဲ့နည်း (နည်းအောင်လုပ်တဲ့နည်း) ကပိုသင့်တော်မယ် ယူဆတယ်။ သို့သော် အခြေအနေအရ တနေရာနဲ့တနေရာ တပြေးညီစဥ်းစားလို့မရနိုင်တာမျိုးရှိနိုင်တယ်။ ဥပမာ ရန်ကုန်ကို နယ်မြို့တမြို့နဲ့ တန်းတူထားပြီးစီမံလို့မရနိုင်သလို နယ်မြို့လေးတမြို့မှာကိုပဲ အခြေအနေ တွေအရ ကျပ်မတ်ကိုင်တွယ်ရတာမျိုးလည်း ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ သို့သော် အခြေခံယူရမယ့် နည်းကတော့ လျော့ချထိမ်းချုပ်ထားရမယ့်နည်း (Mitigation) ကိုကျင့်သုံးတာ သင့်တော်မယ်လို့ ယူဆတယ်။

ဘယ်အရွယ်ဆို ဘယ်လောက်စိုးရိမ်ရသလဲ

ခုထိ ဖြစ်ခဲ့သလောက်မှာ ဥရောပနဲ့ အမေရိကန်က အချက်အလက်တွေပါတယ်ဆိုပေမယ့် ဝူဟန်ကရတဲ့ အချက်အလက်ကိုပဲ အဓိကထားပြီး တွက်ချက်ကြည့်တဲ့ဇယားတခုကိုတွေ့ရတယ်။ ပုံမှာကြည့်ပါ။ ဇယားမှာ ပါတာက အသက်အရွယ်၊ ရောဂါလက္ခဏာပြလို့ဆေးရုံတက်ဖို့လိုတဲ့သူ၊ ဆေးရုံတက်ပြီး သေချာကုသဖို့ လိုသူ နဲ့ ရောဂါဖြစ်ပြီး သေဆုံးတဲ့နှုန်းတွေကိုယှဥ်ပြထားတာဖြစ်တယ်။ ဒီဇယားအရ မွေးစကနေ အသက်၂၀ အောက်က စစ်ကြည့်လို့လက္ခဏာပြပြီး ဆေးရုံတက်ဖို့လိုတာက လူတထောင်မှာ ၃ယောက်လောက်ဖြစ်ပြီး ဆေးရုံကိုလူ၁၀၀ တက်ရင် အထူးကုသဖို့လိုတာက လူ၅ယောက်လောက်ပဲဖြစ်တယ်။ ဒီအထဲမှာသေသွား နိုင်တာက လူတသိန်းမှာ ၆ယောက်ပဲရှိတယ်ဆိုတဲ့သဘောပါ။ ဒီတော့အတော်နည်းတယ်။ အသက် ၂၀ကနေ ၅၀ အထိဟာ တအုပ်စု (လက္ခဏာပြသူ ၁၀၀မှာဆေးရုံတက်သင့်သူ၅ဦး၊ ဆေးရုံတက်သင့်သူ၁၀၀မှာ အထူးကုသသင့်သူ ၆ဦးဖြစ်ပြီး၊ သေဆုံးနိုင်သူက တသောင်းမှာ ၁၅ယောက်လောက်ဖြစ်မယ်လို့ဆိုတယ်) နဲ့ ၅၀ ကနေ ၇၀ အထိကနောက်တအုပ်စု၊ (လက္ခဏာပြသူ ၁၀၀မှာဆေးရုံတက်သင့်သူ၁၅ခန့်၊ ဆေးရုံတက် သင့်သူ၁၀၀မှာ အထူးကုသသင့်သူ ၁၀ခန့် ဖြစ်ပြီး၊ သေဆုံးနိုင်သူက တရာမှာ ၂ယောက်လောက်ဖြစ်မယ်) နဲ့ နောက်ဆုံးအုပ်စုက ၇၀ ကျော်အထက်ပါ။ သေဆုံးဖို့အများဆုံးဖြစ်ပြီး အသက်၇၀ကျော် ၁၀၀မှာ ၅ဦးနဲ့ ၈၀ကျော်က ၁၀ဦးနီးပါးဖြစ်မယ်။ တခုရှိတာက ကူးစက်ခံရသူမှာ ရောဂါအခံကြီးကြီးမားမားရှိရင် အသက်အပိုင်းအခြားဆိုတာထက် အထူးဂရုစိုက်ပေးဖို့လိုမယ်ဆိုတာပါ။

ဆေးဝါးကုသမှုမပါပဲလုပ်ဆောင်နိုင်သည့်နည်းများ

ဒါကို အင်ပီအိုင် (NPI – Non-Pharmaceutical Intervention) လို့လည်းခေါ်တယ်။ လူတွေကို ပူးကပ်နေထိုင် သွားလာခွင့်မပြုတာပဲဖြစ်တယ်။ ပထမ၂မျိုးဖြစ်တဲ့ ကေ့စ်လို့သတ်မှတ်ပြီး ခွဲထားတာ (Case Isolation) နဲ့ အိမ်မှာဆန္ဒသဘောအလျောက်နေသူ ဆိုပြီးရှိမယ်။ ဥပမာ နိုင်ငံရပ်ခြားခရီးသွားတွေကိုလုပ်တာမျိုး။ လေဆိပ်မှာတနည်းနည်းနဲ့ စစ်လို့ သံသယရှိသူကို သတ်မှတ်ထားတဲ့တနေရာမှာခွဲထားတာနဲ့ ဘာမှမတွေ့ပဲ ပုံမှန်ဖြစ်တယ် ဆိုရင်တောင် အိမ်မှာ၁၄ရက်နေခိုင်းတာမျိုးပါ (စင်ကာပူမှာ တချို့နိုင်ငံတွေကို အဝင် လုံးဝ ပိတ်လိုက်ပြီး တချို့ကိုဝင်ခွင့်ပေးတယ်။ ဒါပေမယ့် ဝင်လာရင် ကောင်းကောင်းဆိုးဆိုး ၁၄ရက်အိမ်မှာ နေပေးရမယ်)။ အဲဒါတွေကို ဖယ်လိုက်ရင် ကျန်တဲ့ ၄မျိုးရှိတာတွေ့ရမယ်။

၁။ အသက်၇၀ အထက်တွေနဲ့ နီးနီးကပ်ကပ်မနေတာ (သူတို့ကိုကူးစက်ရင် အသက်အန္တရယ်နီးလို့)
၂။ တနိုင်ငံလုံးအတိုင်းအတာနဲ့ လူတွေခွာနေဖို့ ကျင့်သုံးတာ (သွားလာလှုပ်ရှားလို့ရတယ်။ တယောက်နဲ့တယောက် နီးနီးကပ်ကပ်နေလို့မရတာ။ အတိအကျမှာ ၆ပေနီးပါးသတ်မှတ်ထားတယ်။ ကျနော့်အမြင်တော့ အနည်းဆုံး ၃ပေလောက်ဟာ လက်တွေ့ကျတဲ့ခွာထားနိုင်တဲ့နှုန်းဖြစ်လို့ လိုက်နာသင့် လိုက်နာနိုင်တဲ့ အကွာအဝေးပါ။)
၃။ လူထုစုဝေးလုပ်တဲ့ ပွဲလမ်းသဘင်အားလုံးပိတ်တာ
၄။ ကျောင်းတွေ ရုံးတွေအားလုံးကိုပါပိတ်ပစ်လိုက်တာ

မြန်မာပြည်အနေနဲ့ နံပါတ်၃ကိုအတိုင်းအတာတခုအထိ ကျယ်ပြန့်အောင်လုပ်ဖို့ရှိတဲ့သဘောတွေ့ရတယ်။ ခုချိန်မှာ ဒီအဆင့်အထိလုံလောက်နေသေးတာတွေ့ရတယ်။ နံပါတ်၁ က အိမ်တွေမှာ မိသားစုဝင်တွေက ကိုယ့်အိမ်နဲ့ကိုယ် သတိထားပြီးဆောင်ရွက်လို့ရနိုင်တာမျိုးဖြစ်တယ်။ နံပါတ် ၂ကတော့ ရုံးတွေကျောင်းတွေ ပြီးတော့ ခရီးသွားလာပို့ဆောင်ရေးတွေအပေါ်မှာ ပြန်လည် စီစဥ်ပေးတာမျိုး (ဥပမာ စင်္ကာပူရုံးတွေက စားသောက်ဆိုင်တွေမှာ လူတွေ တြိဂံပုံစံထိုင်ခုံတွေမှာပဲထိုင်ရတော့တာမျိုး။ ကပ်ထိုင်လို့မရတော့တာ။ သို့သော် ကားတွေ ရထားတွေမှာတော့ ကျပ်ကျပ်တည်းတည်းသွားလာနေရဆဲပဲ) တွေကို လုပ်နိုင်တယ်။ တခုသတိထားဖို့ရှိတာက ဗိုင်းရပ်က ကိုယ့်ရှေ့ကအမြဲတမ်းရောက်နေတာလို့ လက်ခံထားရမှာဖြစ်တယ်။ ဆိုလိုတာက ဝူဟန်မှာ ဝူဟန်ကိုပိတ်လိုက်တဲ့ ဇန္နဝါရီ ၂၃ ရက်နေ့မှာ တရားဝင်သတင်းအရ ကူးစက်ထားတာ ရာဂဏန်းပဲရှိပေမယ့် နောက်မှစစ်လို့ထွက်လာတဲ့ ရလဒ်တွေနဲ့ကြည့်တော့ တကယ်ကူးစက်ထားတာက ထောင်ဂဏန်းရှိနေတာဖြစ်တယ်။ ဆိုလိုတာက တခါတလေမှာ လက်ရှိရလဒ်က သိပ်မဖြစ်ပေမယ့် ရလဒ်ထွက်လာလို့ ကိုယ်ကစကိုင်တွယ်မယ်လို့ ကြံတာနဲ့ တကယ်ဖြစ်နေတဲ့နှုန်းက ကိုယ်ဖြေရှင်းရခက်တဲ့ အနေအထားကိုရောက်သွားနိုင်တာမျိုးဖြစ်နေနိုင်တယ်လို့ ဆိုလိုတာပါ။ သတိထားစရာတခုကတော့ ကျောင်းနဲ့ ရုံးတွေကိုပိတ်လိုက်လို့ လူချင်းအထိအတွေ့ နည်းသွားတာက ကျောင်းမှာရုံးမှာပဲဖြစ်ပြီး အိမ်နဲ့ ရပ်ကွက် စျေးစတာတွေမှာ (လူမှုစုဖွဲ့မှုအတွင်းမှာ) ပိုပြီး အထိအတွေ့တွေများလာဖို့တော့ရှိနေတယ်။ ဒါပေမယ့် စနစ်တကျလုပ်နိုင်တဲ့အခါ အပေါ်မှာပြောခဲ့တဲ့ ပြန်လည်ကူးစက်နှုန်းက လက်ရှိ ၂.၄ လောက်ကနေ (တဦးကနေ ၂ယောက်ခွဲ လောက်ကူးနေရာကနေ) ပြန်ကျလာတာတွေ့ရတယ်လို့ လက်ရှိရလဒ်တွေက ဆိုတယ်။ လက်တွေ့မှာတကယ်ထိရောက်တဲ့နည်းက ဖြစ်တန်စွမ်းများသူတွေကိုခွဲထုတ်ထား (Case Isolation) တာကို အပေါ်မှာပြောတဲ့ နည်း၄မျိုးစလုံးသုံးပြီး လူတွေအကွာအဝေးတခုထိခွဲနေတဲ့နည်း ရောသုံးတာလို့ဆိုတယ်။ ဒီတော့ မြန်မာပြည်မှာ စစ်တဲ့သူစစ်၊ ခွဲတဲ့သူခွဲပြီး ကျန်လူတွေခွာနေဖို့ဆိုတာမှာ အကောင်းဆုံး အချိန်က အေပယ် ၁၁ ကနေ ၂၆ အထိ ၂ပတ် အိမ်တွင်းအောင်းတဲ့နည်းကိုထိရောက်စွာ အသုံးပြုမလား ချိန်ဆကြည့်ဖို့ပါပဲ။ အရင်လို အခါတွင်း အားလပ်ရက်ရှည် ပြန်ယူပြီး ကိုဗစ်၁၉ အတွက် ကြိုတင်ကာကွယ်ထားဖို့ လိုလာပြီဖြစ်တယ်။

ဘယ်အချိန် နဲ့ ဘယ်လောက်ကြာနိုင်မလဲ

အပေါ်မှာပြောခဲ့တဲ့နည်းတွေကို ဘယ်လောက်ကြာအောင်လုပ်နေရမလဲဆိုတော့ ဆေးမတွေ့မချင်း လို့ဆိုတယ်။ ဆေးက လက်ရှိစတင်စမ်းသတ်တာတွေလည်းရှိ စမ်းသတ်ဖို့ ပြင်ဆင်နေတာတွေလည်း ရှိပြီး ပထမဆုံးစသုံးလို့ရလာမယ့် ကာကွယ်ဆေးဟာသိပ်တော့ထိရောက်မှုရှိဦးမှာမဟုတ်ဘူး။ သို့သော် ဘာပဲဖြစ်ဖြစ် ကိုဗစ်၁၉ ကိုကာကွယ်တဲ့ဆေးအနေနဲ့တော့ စသုံးလို့ရနိုင်ပါပြီ။ ဆေးရဖို့ အစောဆုံး ၂၀၂၀ နှစ်ကုန်ပိုင်းလောက်လို့ မှန်းဆထားတဲ့အတွက် ဒီကနေ နောက်ထပ် ၃လပိုင်း ၃ခု ၉လစောင့်ရဖို့ရှိနေတယ်။ မတ်လကကုန်တော့မှာမို့ အေပယ်ကစတွက်ရင် အရင်ကျတော်ရေးခဲ့သလို ‌နွေရာသီအပူချိန်က အားကိုးလို့ရနေတဲ့သဘောဆိုရင် ဇွန်လ၊ သို့မဟုတ် ဇူလိုင်မိုးဦးဝင်လောက်ကစလို့ အခြားရာသီဥတုဘေး တွေနဲ့ဆက်စပ်ပြီး စတင်သတိထားသင့်တဲ့အချိန်လို့ယူဆရင်ရနိုင်တယ်။ သို့သော် မြန်မာပြည်က ဥတုသုံးလီ ‌နွေရာသီလိုဖြစ်နေတော့ ဒီအနေအထားကပဲသက်သာရာရစေမလားမဆိုနိုင်ဘူး။ သို့သော် နှစ်ဝက်လောက်မှာ စသတိထားရမယ်။ စီးပွားရေးပိုင်းဆိုင်ရာအကျပ်အတည်းတွေပါ အပါအဝင်လို့ဆိုရပါမယ်။

မိမိကိုယ်ကိုကာကွယ်ခြင်း နှင့် မိမိအတွက်သာကာကွယ်ခြင်း

မြန်မာပြည်ဟာ မြင်ရတဲ့အခက်အခဲတွေကိုမကျော်လွှားနိုင်သေးတဲ့ ခုလိုအချိန်မှာ ကမ္ဘာ့စီးပွားအင်အားကြီး ခေတ်မှီဆေးပညာနဲ့ ခေတ်မှီနည်းပညာတွေရှိတဲ့ နိုင်ငံကြီးတွေပါအကျပ်ရိုက်ရ ကပ်ဆိုက်ရတဲ့ မမြင်ရတဲ့ ရောဂါပိုးတခုကို ကာကွယ်ဖို့ဆိုတာမှာ အတော်အခက်အခဲရှိမယ်ဆိုတာပြောနေစရာတောင်မလိုပါဘူး။ အခက်အခဲတွေကြုံရတိုင်း လူထုမျှော်လင့်တတ်တဲ့အထဲမှာ အရင်ခေတ်တွေက နိုင်ငံတော်ရဲ့ ပိုင်ဆိုင်မှုတွေကို အလွဲသုံးစားလို့ရခဲ့တဲ့ ကြွယ်ဝချမ်းသာမှုတွေနဲ့ လူထုတရပ်လုံးကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဓနအင်အားသုံးပြီး ဝင်ရောက်ကူညီ ဖြေရှင်းပေးလေမလား ဆိုတာလည်း ပါဝင်မယ်ထင်တယ်။ ကိုဗစ် ၁၉ ဟာ အကောင်းဘက်ကလှည့်တွေးရင် မြန်မာလူထုအတွက် သူ့အခက်အခဲ ကို ဘယ်သူတွေကတကယ့်စေတနာနဲ့ အနစ်နာနဲ့ ပညာနဲ့ ရင်ဆိုင်ဖြေရှင်းပေးမလဲဆိုတာ စောင့်ကြည့်ခွင့် ရစေမှာဖြစ်တယ်။
ခုလိုအခက်အခဲတွေကို ရင်ဆိုင်ဘူးတဲ့နိုင်ငံတွေ ကျွမ်းကျင်သူတွေရဲ့အကြံပေးချက်ကတော့ မိမိကိုယ်ကို ကောင်းစွာကာကွယ်ခြင်းဖြစ်တယ်။ ဒါဟာ မိမိအိမ်၊ ကျောင်း၊ ရုံးနဲ့ မိမိရပ်ကွက်၊ မြို့ ရွာ၊ မိမိလူ့အဖွဲ့အစည်း ကို ကာကွယ်ရာလည်းရောက်တယ်လို့ဆိုတယ်။ မိမိတကိုယ်ကျန်းမာရေးနဲ့ သန့်ရှင်းမှု ဟာ ကိုဗစ်၁၉ ကို ကာကွယ်ဖို့ ပထမဆုံးစတင်ရဲ့မယ့် အချက်တခုဖြစ်တယ်။ တာဝန်ယူမှုမရှိတဲ့ လွတ်လပ်မှုဆိုတာ ခုလို ကပ်ရောဂါ မျိုးမှာ သုံးလို့စားလို့ မရဘူး။ ခုပြဿနာက မီးမလာလို့ အိမ်မှာ ဂျင်နရေတာကြီးသုံးပြီး နန်းတော်ကြီးလို ထိန်ထိန်ညီးအောင်ထွန်းညှိထားလို့ရတဲ့ ပြဿနာမျိုးမဟုတ်ဘူး။ ခြင်ကိုက်လို့ ခြင်လုံသန်ဇကာတွေတပ် အိမ်အလုံပိတ်ပြီး လေအေးပေးစက်ဖွင့်ထားလို့ရတဲ့ကိစ္စမျိုးလည်းမဟုတ်ပေဘူး။ မိမိတကိုယ်တော်ကောင်းကျိုးမှာပဲ လမ်းဆုံးနေလို့မရတဲ့ လူ့အဖွဲ့အစည်းတခုလုံးအပေါ်ကျရောက်လာတဲ့ ကပ်ရောဂါပါ။ အဲဒီ မိမိဥခွံထဲက ထွက်ကြည့်ပြီး ရပ်ရွာလူထုအကျိုးအတွက်ဘာလုပ်ပေးနိုင်မလည်း ဆိုပြီး မျှော်ကြည့်ဖို့ လိုလာတာဖြစ်တယ်။

ခုရက်ပိုင်းမှာ နယ်ကျောင်းသားသမဂ္ဂတခုက မိမိ မြို့အတွက်လိုအပ်တဲ့ နေရာတွေမှာလုပ်ဖို့ ဗော်လံတီယာတွေစုဆောင်းနေတဲ့ သတင်းတပုဒ်ဖတ်ရတယ်။ ကောင်းစွာကြိုဆိုရမယ့် အပိုင်းဖြစ်တယ်။ မြန်မာပြည်မှာ လက်ရှိကြုံတွေ့နေရတဲ့ပြဿနာတွေအားလုံးဟာ လူထုပါဝင်ဖြေရှင်းဖို့ လိုအပ်နေတဲ့ ပြဿနာတွေချည်းပဲဖြစ်တယ်။ ဒါဆို အစိုးရက ဘာလုပ်မလဲလို့ မေးချင်ကြလိမ့်မယ်။ လူထုပါဝင်လာဖို့ ပါဝင်လာတဲ့အခါတည့်မတ်ဖို့ လိုအပ်တဲ့နိုင်ငံရေးဦးဆောင်မှုအားလုံးကို ဖော်ဆောင်ဖို့ဖြစ်တယ်။

ကျော်ဇောခိုင်
၂၁ မတ် ၂၀၂၀

No comments:

Post a Comment