Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 26, 2019

မြန်မာ့ရုပ်ရှင်ပြီးတော့ မြန်မာ့လက်ဝှေ့။


မြန်မာ့ရုပ်ရှင်ပြီးတော့ မြန်မာ့လက်ဝှေ့။ 
သူတို့ သတင်းစာရှင်းလင်းပွဲကို ကြည့်ပြီး ရှက်လွန်းလို့ မျက်ခွက်တွေပါ ပူလာတယ်။

ဘာတဲ့... မြန်မာလက်ဝှေ့ချန်ပီယံကို မြန်မာပဲ ဖြစ်စေချင်လို့ လက်ရှိချန်ပီယံ နိုင်ငံခြားသားဆီက စာချုပ်အကြောင်းပြပြီး ချန်ပီယံဆုသုံးဆုကို ပြန်သိမ်းလိုက်ပါတယ်တဲ့။ WLC ထိုးမှာမို့ ဒေ့ဗ်က ဆုတွေကို ပြန်အပ်သွားပါတယ်ဆို ရပါပြီ။ ဒါပေမယ့် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံ မြန်မာပဲ ဖြစ်ရမယ်၊ ဒါ့ကြောင့် တမင်စီစဉ်လိုက်တဲ့ ပုံစံမျိုးကြီး ပြောသွားတာကို မကျေနပ်လို့ ရေးတာပါ။

အစကတည်းက မြန်မာလက်ဝှေ့ချန်ဝှေ့ချန်ပီယံကို မြန်မာပဲ ဖြစ်စေချင်ရင် ဘာလို့နိုင်ငံခြားသားကို ခေါ်ထိုးခိုင်းသေးလဲ။ မြန်မာ့လက်ဝှေ့ချန်ပီယံကို မြန်မာပဲ ဖြစ်စေချင်ရင် ဒေ့ဗ်ကို နိုင်အောင်ထိုးပြီး ချန်ပီယံဆုကို ဂုဏ်သိက္ခာရှိရှိ ပြန်ယူလေ။ ကလေးတွေ သရေပင်ပစ်တဲ့ဝိုင်းလို နင်က လက်တည့်တယ်။ နင်မပါနဲ့ ဆိုတဲ့ အထာတွေ။

ဒေ့ဗ်ဆိုတာ မြန်မာလူမျိုးတွေနဲ့ လာနေနေတာ ကြာလှပြီး။ ဖေ့စ်ဘုတ် နာမည် Dave Leduc ကိုတောင် ဘယ်သူကြပ်ပေးလိုက်လဲမသိဘူး ဒေဝလဒူဆိုပြီး ရေးထားလို့ ဝိုင်းရယ်ခံရသေးတယ်။ အခုမှ ဒေဝ ဖြစ်သွားတာ။ သူ့နာမည် Dave ကို မြန်မာလို ဒေဝလို့ ခံယူထားတဲ့လူ။ မြန်မာအလံခြုံတယ်၊ မြန်မာ့ကြိုးဝိုင်းမှာ မြန်မာကိုယ်စားပြုအနေနဲ့ မြန်မာ့လက်ခမောင်းခတ်ပြီး မြန်မာလူမျိုးတွေနဲ့ တစ်သားတည်း ကျခဲ့တဲ့လူ။ မင်္ဂလာဆောင်တာတောင် မြန်မာရိုးရာ ယဉ်ကျေးမှုအတိုင်း မင်္ဂလာဆောင်ထားတာ။

သူက မြန်မာလူမျိုးမဟုတ်ဘူး။ ဟုတ်တယ်... အစကတည်းက မြန်မာလူမျိုးမဟုတ်မှန်း အားလုံးသိတာပဲ။ ခင်ဗျားတို့လည်း သိတာပဲ။ အခုမှ သူက နိုင်ငံခြားသား ထဖြစ်သွားတာ မဟုတ်ဘူး။ အစကတည်းက နိုင်ငံခြားသားလေ။ မြန်မာလက်ဝှေ့မှာ မြန်မာပဲ ချန်ပီယံဖြစ်ရမယ်ဆိုရင် သူ့ကို အစကတည်းက မထိုးခိုင်းနဲ့လေ။ အခုကျမှ မြန်မာမဟုတ်လို့ ရပြီးသားချန်ပီယံဆု သုံးဆုလုံး ပြန်သိမ်းတယ်ဆိုတော့ကာ နည်းနည်းလေးမှ မရှက်တတ်ကြတာလားပဲ။

ဥပမာပေးသွားသေးတယ်။ မြန်မာပြည်မှာလုပ်တဲ့ အင်္ဂလိပ်အက်ဆေးပြိုင်ပွဲကို အမေရိကန်ကလူက လာပြိုင်ပြီး ဆုယူသွားသလို ဖြစ်နေလို့တဲ့။ ဟဲ့... ပလုတ်တုတ်... ဥပမာပေးတာကိုက တလွဲ။ အခု သူချန်ပီယံဖြစ်နေတာ မြန်မာ့လက်ဝှေ့လေ။ ဘောက်ဆင်မဟုတ်ဘူး။ နပန်း မဟုတ်ဘူး။ စမတ်ဒေါင်း မဟုတ်ဘူး။ အင်္ဂလိပ်အက်ဆေးပြိုင်ပွဲမှာ အမေရိကန်ကကောင် ဆုလာယူသွားရင်တော့ မမျှတပေမယ့် မြန်မာစာစီစာကုံးပြိုင်ပွဲမှာ မြန်မာတွေထက် စာစီစာကုံးကောင်းလို့ ဆုရသွားတာလေ။ နိုင်ငံခြားသားတစ်ယောက်က ကိုယ့်နိုင်ငံရဲ့ အမွေအနှစ်ကို ကိုယ့်နိုင်ငံသားတွေထက် ပိုတော်နေတာ သူ့အပြစ်လား၊ ကိုယ်တွေအပြစ်လား။

သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့လက်ဝှေ့ကို မြန်မာပဲ ချန်ပီယံဖြစ်ရမယ် ကြွေးကြော်နေတဲ့ ပုဂ္ဂိုလ်ထက် မြန်မာဆန်ဆန် မြန်မာ့ဝတ်စုံ အပြည့်ဝတ်ထားတဲ့ ခေါင်းတငြိမ့်ငြိမ့် နားထောင်ပေးနေတဲ့ ဒေ့ဗ်ကို ကြည့်ပြီး ဘယ်လိုရှက်မှန်းကို မသိတာ။

ကိုယ်က ပိုကြိုးစားပြီး ဒေ့ဗ်ဆီက ချန်ပီယံဆုကို ဂုဏ်သိက္ခာရှိရှိ ပြန်ယူမယ် မရှိဘူး။ စာချုပ်အကြောင်းပြပြီး ဆုကို ပြန်အပ်ခိုင်းသတဲ့။ ဒဗလယ်စတန်းဒတ်တွေပါကွာ။

အဲ့တော့ ဒေ့ဗ်နဲ့ ပြိုင်ရင် ရှုံးနိုင်သေးတဲ့ လူကို ချန်ပီယံလို့ သတ်မှတ်ရမယ်ပေါ့။ မြန်မာတွေ တီထွင်ထားတဲ့၊ မြန်မာတွေ လက်ပွန်းတတီးရှိတဲ့ မြန်မာလက်ဝှေ့ကို မြန်မာတွေထက် ပိုကျွမ်းကျင်တဲ့ နိုင်ငံခြားသားတစ်ယောက်ကို နိုင်အောင်မထိုးသတ်နိုင်ဘဲ ပြန်သိမ်းထားတဲ့ ချန်ပီယံဆုကြီးကို မြန်မာတစ်ယောက်က ယူရမယ်ပေါ့။ ကျွန်တော်ချန်ပီယံပါ... ဒါပေမယ့် ဒေ့ဗ်ကိုတော့ မနိုင်လို့ ပြန်သိမ်းထားတဲ့ဆုကြီး ရထားတာပါလို့ ကြော်ငြာထားသလို ချန်ပီယံဆုကြီးကို ဘယ်သူက ယူချင်မလဲ။

ပြန်အပ်တယ်ပဲပြောပြော ပြန်သိမ်းတယ်ပဲ ပြောပြော မြန်မာလက်ဝှေ့ချန်ပီယံက မြန်မာပဲဖြစ်ဖို့ ခံယူချက်က အခုမှအောင်မြင်သွားတယ်ဆိုတော့ ပြန်အပ်အောင် ဘာအကွက်တွေ လုပ်သွားလဲ တွေးကြည့်လို့ရတယ်။

မြန်မာတွေ နယ်ပယ်အသီးသီးမှာ အရှက်ရနေရတာ အဲ့လို စိတ်ထားတွေကြောင့်ပဲ။ ဂုဏ်သိက္ခာရှိကြစမ်းပါ။ အဆင့်အတန်းရှိကြစမ်းပါ။ Professional ဆန်ကြစမ်းပါ။ မြန်မာ့လက်ဝှေ့ချန်ပီယံက မြန်မာမဖြစ်လို့ ရှက်စရာကောင်းတာထက် မြန်မာလက်ဝှေ့ချန်ပီယံက မြန်မာမဟုတ်လို့ ဆုတွေပြန်သိမ်းပစ်လိုက်တယ်ဆိုတာက မြန်မာတွေအတွက် ပိုရှက်စရာကောင်းတယ်။

မြန်မာ့လက်ဝှေ့ဆိုတာ ယောက်ျားပီသတဲ့ ယောက်ျားတွေ အတွက် အမှတ်သင်္ကေတပဲ။ မလိုရင် ငါ့အိုးပုတ်ပြန်တောင်းတဲ့ မိန်းမလိုမိန်းမရ အတွေးအခေါ်တွေအတွက် မဟုတ်ဘူး။

WLC ထိုးမှာမို့ ဒေ့ဗ်က ဆုပြန်အပ်သွားပါတယ်ဆို ပြီးနေပြီ။ အခုက သတင်းစာရှင်းလင်းပွဲမှာ မြန်မာလက်ဝှေ့ချန်ပီယံ မြန်မာပဲ ဖြစ်ရမယ်။ အခုလိုဖြစ်အောင် သူပဲ စီစဉ်လိုက်သလို တက် Hero လုပ်တယ်။

ပြန်ပဲသိမ်းသိမ်း၊ ပြန်ပဲအပ်အပ် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတဲ့ မြန်မာလက်ဝှေ့ချန်ပီယံ မြန်မာပဲဖြစ်ရမယ်ဆိုတဲ့ ခံယူချက်က အခုမှအောင်မြင်သွားတယ်ဆိုတဲ့ စကားကြီးက ရှက်စရာကောင်းလွန်းပါတယ်။ ပြန်အပ်သွားတယ်ဆိုရင် ဂုဏ်သိက္ခာရှိရှိပြန်ယူထားလိုက်ပါ။ ပွဲမှာ မြန်မာလက်ဝှေ့ချန်ပီယံ မြန်မာပဲ ဖြစ်ရမယ်ဆိုတာမျိုးကြီး ပြောသွားတာကျ ကျန်တဲ့မြန်မာလက်ဝှေ့သမားတွေပါ သိက္ခာချခံလိုက်ရသလိုပဲ။

ဒေ့ဗ်ရေ.... ခင်ဗျား ခြုံခြုံနေတဲ့ မြန်မာ့အလံကြီးအတွက် တကယ့်ကို ရှက်မိပါရဲ့ဗျာ...
အိပန်ဆယ်လို

No comments:

Post a Comment