Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 5, 2019

ယကာ ကျွဲပေါက်ကြီးရဲ့ အကြောင်း

ဖတ်ကြည့်နော်…

ယခုအဖြစ်အပျက်ကား…သတိသံဝေဂ ရစရာ
ကျိုးကြောင်းနှိုင်းချင့် ဝေဖန်စရာများ ပါသလို
ကံ ကံ၏အကျိုးပေးကို မယုံကြည်သူများအဖို့
ပို၍လေ့လာစမ်းစစ်သင့်သောအဖြစ်အပျက်တစ်ခုပင် ဖြစ်ပါသည်။

( ၁၉၅ဝ )ခုနှစ်ဝန်းကျင်က အဖြစ်အပျက်လေးပါ။

ဒကာကြီး…သိမ်ဆောက်ဖို့ ငွေကြေးပြည့်စုံပြီလား-?
ပြည့်စုံပါပြီဘုရား။
တပည့်တော် ရွာမတည်ငွေ( ၃ဝဝ )ကျပ်
နဲ့ခုနှစ်ရက်သား သမီး အလှူငွေ( ၁၃၅ )ကျပ် ရပါပြီဘုရား။

( ထိုခေတ်က ဝန်ထမ်းတစ်ဦး၏ လစာမှာ( ၆ )ကျပ် ဖြစ်သတဲ့ )
အိမ်း…ဒါဆိုလည်း ဂေါပကအဖွဲ့နဲ့ ညှိနှိုင်းပြီး
နေရာအတွက်မြေသန့်မင်္ဂလာလုပ်ဖို့သိမ်နှုတ်ဖို့
သိမ်ပယ်ဖို့တွေ စီစဉ်လိုက်ကွယ်။
သံဃာ( ၂၇ )ပါး ပင့်မယ်။ဆွမ်းကွမ်းမလစ်ဟင်းစေနဲ့ ကြားလား-?
တင်ပါ့ဘုရား။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်
ဝင်းကရွာ ဘုန်းကြီးကျောင်းတွင် သိမ်ဆောက်လုပ်ရန်အတွက်
ကျောင်းထိုင်ဆရာတော်ဦးဇာဂရကရဟန်းဒါယကာဦးမွန်ထော်အား
 မေးမြန်းနေခြင်းပင်ဖြစ်ပါတယ်။

ဤကဲ့သို့ သိမ်ဆောက်ရန်စီစဉ်နေဆဲ
တိုင်းပြည် မငြိမ်မသက်ဖြစ်သည်ကို အခွင့်ကောင်းယူ၍
ရွာကို ဓါးပြများ ဝင်စီးသည်ကို ခံကြရလေသည်။

အဓိက ဓါးပြအတိုက်ခံရသည်က ဦးမွန်ထော်အိမ်ဖြစ်သတဲ့။

တစ်သက်တာ စုဆောင်းထားသမျှအားလုံးပါသွားသည့်အပြင်
သိမ်ဆောက်ရန်အတွက် အလှူခံထားသော အလှူငွေပါ
မကျန်လို့ ပြောပါတယ်။

ထိုအချိန်ကစပြီး ဦးမွန်ထော်တို့မိသားစုဟာ
သထုံမြို့သို့ ပြောင်းရွှေ့သွားပြီး
လယ်ယာများကိုတော့ လူယုံများဖြင့် ထားခဲ့တယ်လေ။

ဒီဇာတ်လမ်းကဒီလိုဆိုလျှင် ဆန်းကြယ်စရာအကြောင်း မရှိပါပေ။

သို့သော်…
ဟေ့-မွတ်တား…
ငါ ဟိုနေ့ကဝယ်လာတဲ့ ကျွဲပေါက်ကြီးကို ပေါ်ကွာ။
ဟာ…ဆရာကလဲ
တခြားကောင်တွေ လုပ်ချင် လုပ်ပါ။
ဒီကောင်ကြီးက သစ်ဆွဲမယ့်သူရှိရင်
ဈေးကောင်းရနိုင်သေးတယ်။

အေး…ငါလဲ သိတာပေါ့။ခုဟာက အော်ဒါမှာထားတာ။
တခြားကောင်လဲ မရှိတော့…မတတ်နိုင်ဘူးလေ။
ဒီကောင်ပဲ ချကွာ။
ဟုတ်ကဲ့ ဆရာသမား။
မွတ်တားနှင့် အပေါင်းပါတို့သည် ကျွဲသတ်
နွားသတ်အားထမင်းစား ရေသောက်မျှသာ။

ကဲ-မင်းက နဖားကြိုးဆွဲပြီး ခုံပေါ်တင်ခဲ့ကွာ။
ဟာ…
ဟေ့-မွတ်တား…
ဒီကောင်ကြီးက မျက်ရည်တွေကြနေပါလား။
အိုကွာ…ဘာပဲဖြစ်ဖြစ် ဆွဲသာလာခဲ့။

ဟ-ရုန်းလှချည့်လား…ဟာ-ဟာ ငါ့ကိုလှည့်ခတ်နေပြီ။
ဟာ…နဖားကြိုးပြတ်သွားပြီ။

လိုက်…လိုက်…ခြံဝကိုပြေးပြီ။

သားသတ်လိုင်စင်ရ ဦးမူဆာသည် အိမ်ပေါ်မှဆင်းလာခဲ့သည်။

သူတွေ့လိုက်ရသည်က…တရှိန်ထိုးထွက်လာသော ကျွဲပေါက်ကြီး။
သူ့နောက်က သူ့တပည့်သုံးယောက်။

ဟာ-ဟေ့-ဟေ့ မြို့ထဲပြေးပြီ။
ကျွဲပေါက်ကြီး ပြေးနေသည်က သထုံမြို့အတွင်းသို့။

ဆရာတော်ဦးဇာဂရသည်
ဒါယကာကြီးဦမွန်ထော်( ၆ )နှစ်ပြည့် ဆွမ်းကျွေးသို့
တကူးတက လာရောက်ပင့်ဆောင်သဖြင့်
မနေ့ကထဲက သထုံရွှေစာရံဘုရားအနီး တဲကျောင်းသို့
ရောက်ရှိနေသတဲ့။

မနက် ၅း၃ဝ-နာရီတွင် အာရုဏ်ဆွမ်းဆက်ကပ်မည်ဖြစ်သောကြောင့်
သံဃာလာထောက်သော ကပ္ပိယနှင့်အတူ
ဈေးလမ်းအတိုင်း ကြွလာခဲ့ပါတယ်။

ထိုစဉ် ကပ္ပိယမှ…ဆရာတော်ဘုရား ဘေးကပ်တော်မူပါ ဘုရား…

အော်-အေး အေး ဟုဆရာတော်မှ ပြန်အမိန့်ရှိလိုက်တယ်။

ထိုအချိန်မှာပင်သားသတ်ရုံမှပြေးလာသော ကျွဲပေါက်သည်
ဒုန်းစိုင်းပြေးလာပြီးဆရာတော်ဦးဇာဂရအား မြင်သည်နှင့်
တုန့်ကနဲ ရပ်သွားပါတယ်။

ဆရာတော်ရှေ့အရောက် ဒူးတုပ်လျှက် ရောက်လာခဲ့ပါသည်။

ကျွဲပေါက်ကြီး၏ မျက်ဝန်းနှစ်ခုမှာ အသနားခံနေသည့်ပမာ။
မျက်ရည်တွေကလဲ ယိုစီးကျနေတယ်လေ…

သိပ်မကြာမီပင်…သားသတ်သမားများ ရောက်လာကြပါတယ်။

အကျိုးအကြောင်း မေးကြည့်ပြီး
ဆရာတော်မှ ကယ်တင်ရန် ဆုံးဖြတ်လိုက်သတဲ့။

ဆရာတော် ပါလာသောငွေနှင့်မြို့သူမြို့သားများ ထည့်ဝင်သောငွေ ပေါင်းပြီး
ကယ်လိုက်ပါတယ်။

ဆရာတော်မှ ကျွဲပေါက်ကြီးကို ရွာကျောင်းသို့ခေါ်လာခဲ့ပါတယ်။

တစ်နေ့တွင် ကျွဲပေါက်ကြီးမှ…

ဆရာတော်ဘုရား…တပည့်တော် စားလိုက် အိပ်လိုက်ဖြင့်
မနေလိုပါ ဘုရား။ဆောက်လက်စ သိမ်တော်ကြီးအတွက်
လုပ်အားဒါန ပါဝင်လိုပါတယ် ဘုရား။
တပည့်တော်အား သစ်ဆွဲခွင့် ပြုပါဘုရား ဟု
အိပ်မက်ပေးလေသည်။

မကြာခဏ အိပ်မက်ပေးလာ၍တိရစ္ဆာန်ဘဝမှ အကုသိုလ်ကံကြွေး လျော့ပါးစေခြင်း
ငှာသစ်ဆွဲ ဆင်ပိုင်ရှင် ဦးလွမ်းနှင့် ညှိနှိုင်းပြီးသစ်ဆွဲခွင့် ပြုခဲ့ရပါတော့တယ်။

တခြားကျွဲတွေထက် ပိုပြီးအလုပ်လုပ်၏။ခိုကပ်ခြင်း မရှိ။
သိမ်ဒါယကာကြီးဟုခေါ်လျှင် အလွန်သဘောကျ၏။
မည်သို့ခိုင်းခိုင်း စိတ်လိုလက်ရလုပ်၏။

ထိုကြောင့် သစ်ဆွဲလုပ်ငန်းရှင်များက
သိမ်ဒါယကာကြီးကို ဈေးကောင်းပေး၍ ငှားကြ၏။

ဒီလိုနှင့် ( ၃ )နှစ်ပြည့်အတွင်းသိမ်တော်ကြီးသည်
ကျေနပ်အားရဖွယ်ကောင်းအောင် ပြီးစီးခဲ့လေသည်။
၁၉၆ဝ-ပြည့်နှစ် ပြာသိုလပြည့်နေ့။သိမ်တော်ကြီး ရေစက်ချပွဲ။
ဓမ္မကထိကများ တရားဓမ္မလာရောက်ချီးမြှင့်ကြသည်။
ခုနှစ်ရက် ခုနှစ်လီပြည့်ခဲ့ပြီ။

ည တရားပွဲတိုင်း…
ရိုသေစွာ မဏ္ဍပ်အလယ်မှာ တရားနာနေသည်က
သိမ်ဒါယကာ ကျွဲပေါက်ကြီး။

ယနေ့ နံနက်( ၁ဝ )နာရီ သိမ်ရေစက်ချတော့မည်။
မည်သူကမျှ မခေါ်ပဲ သိမ်ဒါယကာကြီး
မဏ္ဍပ်ထဲ ဝင်လာပါတယ်။
သူ့ကျောပေါ်တွင်လည်း ကမ္ဗလာအနီ ခြုံထားတယ်။
ပလ္လင်အနီးဦးခေါင်းကို မြေပြင်ပေါ်မေးတင်၍ တရားနာနေ၏။

သြော်…ထူးဆန်းလှပါပေစွ။

ဆရာတော်ဦးဇာဂရ တရားပွဲအပြီး ရေစက်ချသည်။အမျှဝေသည်။

ကျွဲပေါက်ကြီးမှ…
ဦးခေါင်းကို သုံးကြိမ် သုံးခါ သာဓုခေါ်ဟန်ပြုပြီး
ငြိမ်သက်သွားလေတော့သည်။

ကြေးစည်ရိုက်သံက စည်ဝေနေသည်။
ပရိသတ်ကလည်းပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြသည်။

သိမ်ဒါယကာကြီးက မတုန်မလှုပ်။ကျောက်ရုပ်ပမာ။

ဆရာတော်ကိုယ်တိုင်
သိမ်ဒါယကာကြီး ထတော့လေဟု ဆိုသော်လည်းငြိမ်သက်စွာပင်။

အသက်မရှိတော့။
ကျေးဇူးကြီးလှပါတယ် ဘုရား…
ဟင်-မင်း…
ဟုတ်ပါတယ်ဘုရား…
တစ်ပည့်တော် ဆရာတော့်ရဟန်းဒါယကာကြီး
ဦးမွန်ထော်ပါ ဘုရား။
အေး-အေး
ခုလို ချမ်းချမ်းသာသာ အရောင်အဆင်းတောက်ပစွာဖြင့်
အဆင်းရနံ့ ထုံသင်းနေတဲ့ နတ်သားအဖြစ် မြင်ရတာ
ဝမ်းမြောက်ပါတယ်ကွယ်။

ဒါကလဲ ဆရာတော့်ကျေးဇူးကြောင့်ပါ ဘုရား။

တကယ်တော့…
ရွာကို ဓါးပြတိုက်တဲ့အချိန်တုန်းက သိမ်ဆောက်မည့်
ငွေတွေဟာဓါးပြတွေလက်ထဲ ပါမသွားပါဘုရား။
တပည့်တော် ရွှေ ငွေတွေသာ ပါသွားတာပါ။

ဒါပေမဲ့…
ငွေပေါစဉ်က မဖောက်ပြန်ခဲ့တဲ့ တပည့်တော်ဟာဓါးပြတိုက်ရာမှာ
သီးခြားနေရာသိမ်းထားလို့ ကျန်ခဲ့တဲ့ သိမ်ဆောက်မယ့်
ငွေတွေကို အရင်းပြုပြီး
ဘဝကို နောက်တစ်ကြိမ်ချမ်းသာဖို့ ကြိုးစားခဲ့ပါတယ်ဘုရား။
နောက်စုဆောင်းပြီးမှ သိမ်ဆောက်မယ်လို့စဉ်းစားခဲ့ပေမဲ့
သေသာ သေသွားတယ်။မအောင်မြင်ခဲ့ပါဘူး။
တပည့်တော်လည်း အကုသိုလ်ကြွေးတွေနဲ့ပေါ့ ဘုရား။

တပည့်တော်ဟာ မတရားယူခဲ့လို့ကျွဲဘဝနဲ့ ဆရာတော့်ဆီမှာ ရောက်ခဲ့ရတာပါဘုရား။

ယခုတော့…တပည့်တော် အကုသိုလ်ကြွေး ကျေပါပြီ ဘုရား။

တပည့်တော်လို အဖြစ်မျိုး နောင်မဖြစ်ရအောင်
လူပရိသတ်ကို ဟောကြား ဆုံးမတော်မူပါဘုရားဟု
ဆရာတော်အားအိပ်မက်ပေး လျှောက်ထားသွားပါတော့တယ်။

အကုသိုလ်ကြွေးမှန်သမျှသည် မကုန်သရွေ့ဆပ်ရသည်သာ။

ထို့ကြောင့်…သံဝေဂယူစရာ ရင်နင့်စရာအဖြစ်အပျက်အား
သံဝေဂယူနိုင်ရန် ရေးသားလိုက်ရပေသည်။

တရား ရတနာ။

မေတ္တာဖြင့်…
အရှင်ပုည( ဝကုန်း )

No comments:

Post a Comment