Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 5, 2019

ကင်ဆာဒိုင်ယာရီ အပိုင်း (၁) ခင်မမမျိုး

စတင်တွေ့ရှိခြင်း

(၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်။
ရေချိုးရင်းနဲ့ ရင်ဘတ်မှာ အကျိတ်လုံးလေးလိုလို စမ်းသပ်မိတယ်။ အသက်ကလဲ လေးဆယ်နားနီးနေပြီဆိုတော့ နည်းလည်းလေး သံသယဖြစ်သွားတယ်။ တခုခုများ ဖြစ်လေသလား။ သံသယနဲ့ ရင်သားကင်ဆာရဲ့ symptoms များကို ဖတ်ကြည့်မိတယ်။ ဟော်မုန်းအပြောင်းအလဲ ဖြစ်တတ်တာတွေကို သတိထားမိတယ်။ ဟိုလွန်ခဲ့တဲ့ တနှစ်လောက်က ဟော်မုန်းအပြောင်းအလဲဖြစ်ပြီး၊ အစားအစာ မတည့်တာတွေ ဖြစ်တယ်။ အဲတုန်းကတော့ auto immune လို့ ခေါင်းစဉ်တပ်ပြီး၊ ဆရာဝန်က ကုတာပဲ။ ဆရာဝန်ပေးတဲ့ဆေးတွေသောက်ပြီး တော်တော်လေး နေမကောင်းဖြစ်သွားတယ်။ ဆေးလဲ မသောက်တော့ရော၊ ဘာမှ မဖြစ်တော့ပြန်ဘူး။ ဒီတုန်းက ခေါင်းစဉ်တပ်မှားတာများလား။ ထိုင်းမှာ autoimmune သွားစစ်တော့လဲ မဟုတ်ဘူးတဲ့။ နောက်တခါ ဆီးထဲ အဖြူလေးတွေပါတော့ ကျောက်ကပ်ကင်ဆာလို့ အမည်တပ်ခံရသေးတယ်။ ထိုင်းပြေးပြီး၊ စစ်လိုက်ပြန်တော့ infection တဲ့။ ခုသောက်နေတဲ့ဆေးတွေ အမှိုက်ပုံးထဲ ထည့်လိုက်ပါတဲ့။ ခေါင်းတခြမ်းကိုက်တာနဲ့ သွားပြတော့ ဦးနှောက်ကင်ဆာအထိ စိုးရိမ်ဖွယ်ရာ ရှိတယ်လို့ ပြောပြီး၊ ၁၀ သိန်းကျော်ဖိုးလောက် စစ်ခိုင်းလို့ ပိုက်ဆံမလောက်တာနဲ့ အမတယောက်ကို ဆေးရုံမှာ ငွေလာပို့ခိုင်းရသေးတယ်။ ထိုင်းပြေးစစ်လိုက်ပြန်တော့လဲ မဟုတ်ပြန်ဘူးတဲ့။ တနှစ်လောက်တော့ရှိပြီ။ ဆေးရုံပေါင်းစုံမှာ သိန်းရာချီကုန်နေပြီပဲ။ ဘာဖြစ်တာပါလိမ့်။ ရင်သားအကျိတ်ကတော့ ခုမှ စမ်းမိတယ်။ ကင်ဆာပဲ နေမှာပါ။ မြန်မာပြည်မှာ ဒီရောဂါက ထမင်းစားရေသောက် ပြောနေကြတဲ့ စကားလုံးပဲ။

(၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာ (၂၁)ရက်။
ဆေးရုံပေါင်းစုံသွားတယ်။ Mammogram ရိုက်ချင်ကြောင်းပြောတယ်။ ခွဲစိတ်အထူးကု ဆရာဝန်တွေ့ရမယ်တဲ့။ သူက ညွှန်မှ ရိုက်ရမယ်တဲ့။ ဆရာဝန်တွေ သွားစောင့်တယ်။ အချိန်မမှန်ကြဘူး။ အချိန်မှန်တဲ့ ဆရာဝန်ကြီးတယောက်နဲ့ တွေ့တယ်။ အကျိတ်ကို စမ်းလိုက်တယ်။ ခွဲမယ်လို့ တန်းပြောတယ်။ Mammogram ရိုက်ဦးမလား ဆရာလို့မေးတော့ မလိုဘူးတဲ့။ သွေးစစ်တယ်။ ခွဲမယ့်နေ့ချိန်းတယ်။ သြော်- ဒါဆို ကင်ဆာမဟုတ်လို့ နေမှာပါ။ အဆီကျိတ်မှန်း သိလို့ သူမြန်မြန်ခွဲလိုက်တာဖြစ်မယ်။ minor operation လေးပါ။ ထုံဆေးနဲ့တဲ့။ တော်ပါသေးရဲ့၊ စိတ်ပူလိုက်ရတာ။

(၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာ (၂၄) ရက်။
တနေ့လုံး အလုပ်တွေ ရှုပ်နေတယ်။ ဒီဇင်ဘာအလုပ်နားရက်တွေ မတိုင်ခင်ဆိုတော့ တော်တော်အလုပ်များတယ်။ (၅) နာရီမှာ ခွဲခန်းဝင်မယ့်သူဟာ လေးနာရီခွဲအထိ ဆေးရုံမရောက်သေးဘူး။ ၁၅ မိနစ်အလိုမှာမှ ရောက်တယ်။ ခွဲစိတ်ဆရာဝန်ကြီးလဲ ရောက်နေပြီ။

ခဏပါပဲဆိုတော့ စိတ်က တော်တော်ပေါ့ပါးနေတယ်။ ထုံဆေးထိုးတယ်။ အကျိတ်ခွဲထုတ်လိုက်တယ်။ အောက်မှာ နောက်တလုံး။ lymphnode ဆိုတဲ့ အသံတွေ ကြားနေရပြီ။ ထုံဆေးက ပြယ်နေပြီ။ ထုံဆေးထပ်ထိုးဖို့ အသံတွေကြားရတယ်။ နာတော့ တော်တော်နာသွားသား။ တရားမှတ်လိုက်မိတော့ နာခြင်းအပေါ် သိပ်အာရုံမရောက်ဘူး။ အခြေအနေ မကောင်းဘူးလို့ ပြောတယ်။ သေချာပါပြီ။ ဒါဆို ကင်ဆာပါပဲ။ အကျိတ်က နှစ်လုံးထဲ ဖြစ်နိုင်ပါ့မလား။ quadrant တခုတည်းကလား။ နှစ်ခုကလား။ မေးတော့ မဖြေကြဘူး။ အကျိတ်တွေကို စစ်ဆေးမယ်၊ အဖြေကို (၂၈) ရက်နေ့ လာယူပါတဲ့။ Biopsy က အသားစ မယူဘူး။ အကျိတ်ကို အရင်ခွဲထုတ်ပြီးမှ စစ်ဆေးတာတဲ့။ Mammogram လဲ မရိုက်ထားတော့ စိတ်ထဲ နည်းနည်းထင့်လာတယ်။ ဒါဆို ဘယ်လောက်ထိ ပျံ့နှံ့နေတဲ့ အတိုင်းအဆ ဘယ်လို သိနိုင်မလဲ။

(၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်။
နေပြည်တော်ကို အလုပ်ကိစ္စနဲ့ သွားနေရတာနဲ့ ရုံးက ကလေးတယောက်ကို အကျိတ်ရလဒ် သွားယူခိုင်းလိုက်တယ်။ Staging က အဆင့် (၂)။ ခွဲပြီးကတည်းက အဖြေသိနေသလိုမို့ ရလဒ်က သိပ်မထူးခြားသလိုပဲ။ Second opinion တွေ ယူဖို့လိုလာတယ်။ နိုင်ငံတကာ မိတ်ဆွေဆရာဝန်တွေရဲ့ Expert comments တွေရလာတယ်။ မိသားစုဆီက တိုက်တွန်းချက်တွေက အမျိုးမျိုး။ အမေက နီးနီးနားနား မြန်မာပြည်မှာပဲ ကုပါ၊ သူလိုက်လို့ ရတယ်တဲ့။ မောင်လေးက ထိုင်းနဲ့ စင်ကာပူကို သွားတော့တဲ့။ ဖိုးကောင်းလေးကတော့ ကလေးပီပီ luggage ကောက်ပြင်ရော။ သားတို့ စကော့တလန် ပြန်ကြရအောင် မာမီတဲ့။ Clinical Guidelines စာအုပ်တွေ အများအပြား ပို့ပေးလာကြတယ်။ စနစ်တကျ ပြင်ဆင်နေပေမယ့် ဆုံးဖြတ်ချက်တခုခုချဖို့ စိတ်ထဲေ၀၀ါးလာတယ်။ အချက်အလက်ကောက်ဖို့ လိုတယ်ဆိုတာ သိလာတယ်။

(၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့
လူအများဆီက သတင်းအချက်အလက်တွေ စတောင်းဖြစ်တယ်။ အတွေ့အကြုံတွေ ပြောပြလာကြတာ အများကြီးပဲ။ ဆရာဝန်တွေက Multi-disciplinary team ဖွဲ့ပြီး၊ လုပ်တာလား ဆိုတာက ဘယ် လမ်းညွှန်စာအုပ်မှာမဆို အရေးကြီးအချက်လို့ ဆိုထားတာမို့ ဒါက ဆုံးဖြတ်ချက်ရဲ့ key indicator လို့ပဲ တွက်ထားလိုက်တယ်။ လူတယောက်ဆီကိုတော့ ဘ၀တခုလုံး ပုံမပေးရဲဘူး။ မမှားသောရှေ့နေ၊ မသေသော ဆေးသမား မရှိဘူးလို့ ဖြစ်ပြီးမှ ပြောလာရင် အခက်သားကလား။ တချိန်မှာ public perceptions survey ကောက်ချင်စရာကောင်းလောက်အောင်ကို များပြားတဲ့ သတင်းအချက်အလက်တွေ၊ case study တွေကို ရလာတယ်။

အမေ့ကို ဘယ်လိုပြောရမလဲ။ အမေက ကျမရဲ့ opinion leader လေ။ ကျမတော်တော်ေ၀၀ါးနေပြီ။ ဘာဆက်လုပ်ရမယ်မှန်းကို မသိတော့တာ။ မြစ်ကြီးနားသင်တန်းရှိနေတာမို့ သင်တန်းမှာ စာသင်၊ တညနေလုံး စာတွေ ထိုင်ဖတ်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့တယ်။ ည ဆယ်နာရီလဲ ကျရော အမေ့ဖုန်းဝင်လာပါရော။ သမီးရေ၊ အမေ့စကားကို ပြန်ရုတ်သိမ်းတယ်တဲ့။ ဘာလို့လဲ အမေဆိုတော့ ဒီနေ့ညနေ အမေတို့ batch က သူငယ်ချင်းတွေ gathering လေ။ ဘွဲ့လွန်အထူးကု ၁၇ ယောက်နဲ့ အမေစကားပြောခဲ့တယ်။ သူတို့အားလုံးက "ယူ့သမီးလား။ အဲဆိုရင်တော့ .….”လို့ ပြောတယ်။ "ခုချက်ချင်း လေယာဉ်လက်မှတ်ဝယ်တော့ သမီး" တဲ့။ သူတို့အားလုံးက "“ကိုယ်တို့က ဒီမှာသာကုပေးနေတာ။ ကိုယ်တိုင်ဖြစ်ရင် ထိုင်းနဲ့စင်ကာပူပဲပြေးတယ်။ ဘယ်လိုကုရဲမှာလဲ” လို့ ပြောတယ် သမီး။ ရောဂါကြောင့်မဟုတ်ပဲ ခေါင်းတွေ တော်တော်မူးသွားတယ်။

(၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်။
လေယာဉ်လက်မှတ်ဝယ်ဖို့ ချီတုံချတုံပဲ။ လားရှိုးသင်တန်းသွားရမှာမို့ သင်တန်းမဖျက်ချင်ဘူး ဖြစ်နေတယ်။ ပြီးတော့လေ၊ တကယ်သာ ဖြစ်နိုင်မယ် ဆိုရင်တော့ တခုခုဖြစ်ရင်တောင် ကျမ မြန်မာပြည်မှာပဲ ခေါင်းချချင်တယ်။ အထူးသဖြင့် ကျမရဲ့ မွေးရပ်မြေမှာ။ ပြည်ပမှာ သွားနေတုန်း တခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ အမေကတော့ မြန်မြန်သွားခိုင်းနေပြီ။ ဒီကြားထဲ ကံကြမ္မာကပဲ တွန်းပို့လေသလားပဲ။ လားရှိုးသင်တန်းအတွက် လေယာဉ်လက်မှတ် မရဘူးဆိုပြီး၊ ရှမ်းမြောက်အမျိုးသမီးကွန်ယက်က ဖုန်းဝင်လာတယ်။ ဘာပဲဖြစ်ဖြစ်လေ။ နောက်နေ့မှာ ဆရာဝန်ကြီးတယောက်နဲ့ တွေ့ရဦးမှာပဲ။ အမေက သူလဲ လိုက်တွေ့မယ်ပြောတယ်။ အဲဒါပြီးရင် ဆုံးဖြတ်ရမယ်။ ညဘက်အိပ်မပျော်ဘူး။

(၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်။
ဆရာဝန်ကြီးနဲ့ ချိန်းထားတဲ့ အချိန်မှာ အမေနဲ့တူတူ သွားတွေ့ကြတယ်။ တွေ့တွေ့ချင်းပြောတယ်။ အခြေအနေက သိပ်ဆိုးနေပြီ။ ခွဲရတော့မယ်။ ခွဲရင် ၇ ရက်လောက်တောင် ဆေးရုံမှာ နေရမှာ။ အားလုံးပျံ့နှံ့နေလောက်ပြီ။ ဒီလ အားတုန်း ခွဲပေးလိုက်ချင်တယ် ပြောတယ်။ Oncologist နဲ့ တွေ့ဖို့ လိုမလားဆရာ ဆိုတော့ မလိုဘူးတဲ့။ ခွဲပြီးရင် ကီမိုသွင်းပေါ့။ ခြောက်ကြိမ်လောက်ဆို တော်ပါပြီတဲ့။ ဓာတ်ကင်တာ (radiation) မလိုလောက်ပါဘူးတဲ့။ အမေ ပါးစပ်ဟသွားတယ်။ ဘယ်အထိပျံ့နှံ့နေတာလဲဆိုတော့ “တခြား lymph node တွေ ပျံ့နေမှာပေါ့။ ဒဏ်ရာက ချိုင်းနဲ့ နီးတာပဲ။ ချိုင်းထဲက အကျိတ်တွေလဲ ခွဲထုတ်ယူရလိမ့်မယ်"တဲ့။ စာရွက်ပေါ်မှာက Histopathology/Cytopathology report ပဲ ရှိသေးတာ။ တခြား pre-operation assessment တွေ ဘာမှ မလုပ်ထားရသေးဘူး။ ဘယ်အချက်တွေကို ကိုးကားပြီး ပြောတာပါလိမ့်။ နောက်ဆုံးတော့ အမေက ပြုံးပြတယ်။ "ကျမတို့ ပြန်တိုင်ပင်လိုက်ဦးမယ်နော်။ ကျမ ဒေါက်တာ ဘယ်သူပါ"လို့ အမေက ပြောတယ်။ “ဟုတ်လား၊ ပြည်ပမှာ သွားကုရင်ကုပါ” လို့ ပြန်ပြောတယ်။ ဒီတခါ ပါးစပ်ဟသွားတာက ကျမ။
ပြန်ထွက်ထွက်ချင်းမှာ အမေက တခွန်းပဲပြောတယ်။
“လေယာဉ်လက်မှတ်၊ ခုချက်ချင်းဝယ်” တဲ့။

ခင်မမမျိုး (၃၁၊ ၁၂၊ ၂၀၁၈)

(မိမိကြုံတွေ့ဖြစ်ပျက်သိရှိခဲ့ရသော personal account ကို ပြန်လည်ရေးသားခြင်း ဖြစ်ပါသည်။)

  • ကင်ဆာဒိုင်ယာရီ အပိုင်း (၁) ခင်မမမျိုး
  • ကင်ဆာဒိုင်ယာရီ   အပိုင်း (၂) ခင်မမမျိုး