CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, November 29, 2018
ယနေ့ဖြေကြားပေးလိုက်ပါပြီ..
ယနေ့ဖြေကြားပေးလိုက်ပါပြီ..
...
ဘုန်းဘုန်း တပည့်တော်တခုလောက် မေးလျှောက်ချင်တာ ဘုရား
ဘုန်းဘုန်းတို့ သံဃာတချို့ ပေါ့
အရက်သောက်
နေလွဲညစာစား
လောင်းကစားလုပ်
ကြမ်းတမ်းတဲ့စကားတွေပြော
မှောင်ခိုပစ္စည်းတွေလုပ်နဲ့ စုံလို့ပါပဲ
အာပတ်ဖြေရင်ပျောက်တယ်က ပြောသေး
စိတ်ထဲ ဘဝင်ကိုမကျဘူးဘုရား
တပည့်တော် ဘုန်းကြီးမလုပ်နိုင်လို့
လူဝတ်ကြောင်မျှသာပါဘုရား
သူများတွေပြောတဲ့ ဘုရားသခင်ကို ယုံကြည်ပါတယ် ပြောတာနဲ့ အပြစ်တွေ ကျေပျောက်တယ် လို့ ယုံတဲ့သူတွေနဲ့ ဘာမှကွာတော့ဘူးပါဘုရား
ဖြေကြားပေးပါဘုရား..
(မေးလျှောက်သူ မင်းမင်း..)
တကယ်ကို မေးသင့်မေးထိုက်သည့် မေးခွန်းကို
မေးတာဖြစ်သည့်အတွက် ကျေးဇူးတင်ပါတယ်။
ဝိနည်းသိက္ခာပုဒ်တွေကို ချိုးဖောက် ကျူးလွန်သည့်အခါမှာ
ဝိနည်းအပြစ်၊
ဓမ္မအပြစ်၊
လောကအပြစ် ဆိုပြီး သုံးမျိုးရှိပါတယ်။
ဝိနည်းပြစ်မှာ အကြီးမားဆုံးသိက္ခာပုဒ်က ပါရာဇိက အာပတ်ဆိုတဲ့
၁။မေထုန်မှီဝဲတာ
၂။သူတစ်ပါး ဥစ္စာပစ္စည်းကို ခိုးယူတာ
၃။လူသတ်တာ။ စေခိုင်းပြီသတ်တာလည်းမရဘူး၊
ကိုယ်ဝန်ကျဆေးတောင် ပေးလို့မရပါဘူး။
၎။ဈာန်မဂ်ဖိုလ် တရားတွေကိုမရပဲ မသိပဲ ရပြီ သိပြီဟု လူအထင်ကြီးအောင် ကြွားဝါပြောဆိုတာ။
ဒီလေးပါးထဲ တစ်ပါးပါးကို ကျူးလွန်ရင် ရဟန်းမဟုတ်တော့ဘူး
သိက္ခာချစရာမလိုပဲ လူတန်းဖြစ်သွားတယ်။
လူထွက်ကို ထွက်ရမယ်။ သာသနာ့ဘောင်မှာနေလို့မရတော့ပါဘူး။
ဆက်ပြီးနေရင် နေသလောက် အပြစ်တွေ တိုးပွားနေပါတယ်။
လူတွေကလည်း ဒီအပြစ်ကိုကျူးလွန်ထားတယ် လို့ သိရင် မကိုးကွယ်သင့်ပါဘူး။
သူ့ကိုလူထွက်အောင် သက်ဆိုင်ရာကို တိုင်ကြားရပါမယ်။
သို့မဟုတ်ရင် သာသနာနစ်နာပါတယ်။
သူ လူထွက်လိုက်ရင် ဝိနည်းအပြစ်အရ ပြီးပါပြီ။
ဒါကဝိနည်းအပြစ်ပါ။
ဓမ္မအပြစ်အရ သူဟာ လူသတ်တာဆိုရင် လူကိုသတ်သည့် ကံအတိုင်း သူဟာ အပါယ်ငရဲကျတာ တဖန်ပြန်ပြီး သတ်တာဖြတ်တာခံရတာ အသက်တိုတာ ခြေလက်အင်္ဂါ မစုံတာ စသည်ဖြင့် သူကျူးလွန်ခဲ့သည့် ကံအတိုင်း မလွဲမသွေ ခံရမှာ ဖြစ်ပါတယ်။
ဒါဟာ ဓမ္မအပြစ်ပါ။
လောကအပြစ်အရ လူသတ်မှုကျူးလွန်လို့ ဥပဒေချိုးဖောက်လို့ ဥပဒေကြောင်းအရ
ထောင်ချအပြစ်ပေးခံရပါမယ်။
ဒါဟာ လောကအပြစ်ပါ။
ဒါကြောင့် ဝိနည်းသိက္ခာပုဒ်ကို ကျူးလွန်တိုင်း ကျူးလွန်တိုင်းမှာ ဝိနည်းအပြစ်၊ ဓမ္မအပြစ်၊ လောကအပြစ်ဆိုပြီး သုံးမျိုးစီရှိနေပါတယ်။
အထက်မှာ မေးခဲ့သည့် ရဟန်းတော်တစ်ပါးဟာ အရက်သောက်ပြီး ဒေသနာကြားရင်ပျောက်တယ် ဆိုကာ ဒေသနာကြားလိုက် အရက်သောက်လိုက် လုပ်လို့ရပါသလား ဆိုတာဟာ လုံးဝကို မရပါဘူး။
မြတ်စွာဘုရား ဒေသနာကြားခြင်းဆိုတဲ့ အာပတ်ဖြေကို ထားခဲ့တာဟာ ရဟန်းကောင်းတွေအတွက် ထားခဲ့တာဖြစ်ပါတယ်။ ရဟန်းဆိုးတွေ ကျူးလွန်ချင်တိုင်း ကျူးလွန်ခွင့်ရှိအောင် ထားခဲ့ခြင်းမဟုတ်ပါ။
လူတစ်ယောက်ဟာ သာသနာ့ဘောင် ဝင်လာရင် မဖြစ်မနေ သင်ကြားရမည့် လိုက်နာကျင့်သုံးရမည့် တရားကတော့ ဝိနည်းဥပဒေ သိက္ခာပုဒါများဖြစ်ပါတယ်။
ဒီလိုသင်ကြားနာယူရင်း သေးငယ်သော သိက္ခာပုဒ်ကို မေ့လျော့၍ဖြစ်စေ မသိ၍ဖြစ်စေ ကျူးလွန်ခဲ့မိသည်ရှိသော် ထိုအပြစ်များကို ပြန်လည်ကုစားနိုင်ရန် ဒေသနာကြားခြင်းကို
ထားခဲ့ခြင်းဖြစ်ပါတယ်။
ဥပမာအားဖြင့် မြက်ပင်ကို ဆွဲနှုတ်မိသည်ရှိသော်
ပါစိတ်အာပါတ် သင့်ပါတယ်။ အဲဒီအာပတ်ကို သိတဲ့ တစ်ပါးက အပြစ်ပြဆုံးမသည့်အခါ အဲဒီအပြစ်ကို ရဟန်းတစ်ပါးထံမှာ "တပည့်တော် ဒီအပြစ်ကို ကျူးလွန်မိပါသည်။ တပည့်တော် နောင်ကို ဒီအပြစ်ကို မကျူးလွန်အောင် စောင့်ထိမ်းပါမည်" ဟု ဆိုကာ ဝန်ခံကတိပေးတာကို ဒေသနာကြားတယ် လို့ ခေါ်တာပါ။
အပြစ်ကို နောက်ထပ်မကျူးလွန်ဖို့ တရားအားထုတ်သည့်အခါမှာ စိတ်စင်ကြယ်စေဖို့ ရဟန်းကောင်းဖြစ်လိုသူတွေအတွက် ဒေသနာကြားခြင်းကို ထားခဲ့ပေးခြင်း ဖြစ်ပါတယ်။
အထက်မှာပြောခဲ့တဲ့ အရက်သောက်လိုက် ဒေသနာကြားလိုက် အရက်သောက်လိုက် ဒေသနာကြားလိုက် လုပ်နေတဲ့ ရဟန်းဆိုးအတွက်ကတော့ အပြစ်သုံးမျိုးလုံး သင့်ပါတယ်။
အရက်ကိုသောက်ပြီး ဒေသနာကြားလိုက် သောက်လိုက် လုပ်နေတာဟာ ဘုရားဒေသနာတော်ကို ခုတုံးလုပ်ကာ မိုက်ပြီးရင်းမိုက်ကာ မိုက်ဇာတ်ခင်းနေတာ ဖြစ်လို့ ဝိနည်းအပြစ်အရလည်း မပျောက်ပဲ အပြစ်သင့်မြဲ သင့်ပါသည်။
ပို၍အပြစ်ကြီးပါသည်။
ဓမ္မအပြစ်အရလည်း ရဟန်းတန်မဲ့ ရဟန်းနှင့်ထိုက်တန်သော အကျင့်ကို မကျင့် ဝိနည်းသိက္ခာပုဒ်များကို ချိုးဖောက်ချင်တိုင်း ချိုးဖောက်ကာ အကျင့်ပျက်နေသောကြောင့် သေရင်လည်း အပါယ်ငရဲကျပါမည်။
ဖြစ်လေရာ ဘဝတိုင်းမှာလည်း အသိဥာဏ်ထုံထိုင်း ဥာဏ်ရည်ဥာဏ်သွေး နိမ့်ကျကာ အရူးအနှမ်းဖြစ်ပါမည်။
ဒါဟာ ဓမ္မအပြစ်ဖြစ်ပါတယ်။
လောကအပြစ်အရ နိုင်ငံတော်ကထုတ်ပြန်ထားသည့် (၂၉၅-သာသနာညိုးနွမ်းစေမှု) အပြစ်အရ အရေးယူ အပြစ်ပေးခြင်းကို ခံရပါမည်။
လူတွေရဲ့ကဲ့ရဲ့အပြစ်တင် ရှုတ်ချခြင်းကို ခံရပါမယ်။
ဘုန်းကြီးနဲ့ လောင်းကစား၊
ဘုန်းကြီးကျောင်းနဲ့ လောင်းကစားဝိုင်းများဟာ လုံးဝကိုမသင့်လျော်တဲ့ မဖြစ်သင့်တဲ့ အရာတွေပဲဖြစ်ပါတယ်။
အရင်အစိုးရလက်ထက်က ရဟန်းတော်တွေကို သူတို့ကို မတော်လှန်ရင်ပြီးရော ပျက်စီးချင်တိုင်း ပျက်စီးကြပစေ ဆိုကာ ရဟန်းဆိုးများ များသည် ထက်များအောင် သူတို့ဘက်ကို လှည့်မလာအောင် ဆက်ကြေးကောက်ကာ ခွင့်ပြုထားကြပါတယ်။
မြတ်စွာဘုရားက သိင်္ဂါလောဝါဒသုတ်မှာ လောင်းကစားခြင်းရဲ့ ဆိုးကျိုးအပြစ်တွေကို အထင်အရှား ဟောကြေားထားပြီးသား ဖြစ်ပါတယ်။
ဒကာဒကာမများကို လောင်းကစားမလုပ်အောင် ဟောပြောရမည့် ဘုန်းကြီးများကိုယ်တိုင် နှစ်လုံး၊ သုံးလုံး၊ ဘောလုံးစသည့် လောင်းကစားများကို ကိုယ်တိုင်ပြုလုပ် ကျူးလွန်နေကြတာဟာ သာသနာတော်ကြီးကို ဖျက်ဆီးနေကြခြင်းသာ ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းများမှာ ဖွင့်ထားသော လောင်းကစားဒိုင်များမှာ သွားရောက်ကာ နှစ်လုံး၊ သုံးလုံး၊ ဘောလုံးစသော လောင်းကစားများ လုပ်နေကြခြင်းဟာ သာသနာကို ဝိုင်းဝန်းဖျက်ဆီးနေကြခြင်း ဖြစ်လို့ အပြစ်ကြီးပါတယ်။
မြတ်ဗုဒ္ဓ၏လမ်းစဉ်သည် ကယ်တင်ရှင်လမ်းစဉ်မဟုတ်ပါ။ သူ့ကိုယုံကြည်ရုံ ကြည်ညိုရုံ ဒေသနာကြားရုံမျှဖြင့် အပြစ်များ ကျေပျောက်သွားသည် ဟု မဆိုထားပါ။
"ဓမ္မောဟဝေရက္ခတိ ဓမ္မစာရိံ" တရားကို လိုက်နာ ကျင့်သုံးသူကိုသာ တရားက ပြန်လည် ကယ်တင် စောင့်ရှောက်ခြင်း ဖြစ်ပါသည်။ ဆိုးသည့်အပြစ်ဖြစ်စေသည့် အကုသိုလ်များကို ကျင့်သုံးလျှင် ထိုအကုသိုလ်ဆိုးပြစ်များကို ကျူးလွန်သူခံရမည်။
ကောင်းသည့် အပြစ်ကင်းစင်သည့် အများသူငါ စိတ်ချမ်းသာစေသည့် ကုသိုလ်ဓမ္မများ ကျင့်သုံးလျှင် ထိုကုသိုလ်ဓမ္မ ကောင်းကျိုးများကို ပြန်လည်ခံစားရမည် ဖြစ်ပါသည်။
ဒါကြောင့် ရဟန်းကျင့်ဝတ် သိက္ခာပုဒ်များနှင့် မလျော်ညီသော အမူအကျင့်များ ပြုလုပ်ပြောဆိုနေကြသော ရဟန်းဆိုးများသည် သာသနာတော်ကြီးကို အရုပ်ဆိုးအောင် ညစ်နွမ်းအောင် လူတွေအကြည်ညိုမဲ့အောင် ပြုလုပ်နေကြခြင်းများသာ ဖြစ်သောကြောင့် သာသနာတော်ကြီးကို ဖျက်ဆီးနေကြသူများသာ ဖြစ်ပါသောကြောင့် ကြီးလေးသောအပြစ်ကို ကျူးလွန်နေကြသူများ သာဖြစ်ကြောင်း ဖြေကြားပေးလိုက်ပါတယ်။
ထိုရဟန်းဆိုးများကို ဆက်လက်၍မိုက်ဇာတ်ခင်းနိုင်အောင် ထောက်ပံ့လှူဒါန်းနေကာ မြှောက်ပင့်ပေးနေသော သူများသည်လည်း အဆိပ်ပင်ရေလောင်း ဖြစ်ပါသောကြောင့် သာသနာကို ဝိုင်းဝန်းကာ ဖျက်ဆီးရာရောက်နေ၍ အပြစ်ဖြစ်ပါကြောင်း ကို ဖြေကြားပေးလိုက်ပါတယ်။
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
ရဟန်းရဟန်း၊ မည်ပြဌာန်းလျက်၊
ရဟန်းဟူလစ်၊ ခေါ်ရာဖြစ်ရုံ၊
စနစ်ခေါက်ချိုး၊ ချုပ်ရိုးခန်းခန်း၊ ဖန်ရည်စွမ်းသား၊
သင်္ကန်းဝါဝါ၊ ဦးပြည်းကာဖြင့်၊
ပညာကင်းပ၊ သီလမဲ့မျိုး၊ အတွင်းဆိုးကား၊
အကျိုးတစ်စိ၊ ဘယ်မှာရှိလိမ့်၊
မော်မိမော်မန်း၊ နေကာဆန်းနှင့်
ရဟန်းကျင့်ဝတ်၊ တစ်ပါးချွတ်က၊
လူနတ်မကြိုက်၊ ကဲ့ရဲ့ထိုက်၏။
(မဃဒေဝလင်္ကာသစ်)
ယနေ့ဖြေကြားပေးလိုက်ပါပြီ..
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 29, 2018
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 29, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment