CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, November 14, 2018
မီဇာတ်လမ်း နောက်ဆက်တွဲ ကားနာမည်ကတော့ ''မွီ''တဲ့..
ပိုင်ဖြိုးသုနဲ့ ကိုဏကြီးတို့ဟာ"မီ''ပိုစတာဆန့်ကျင်ရေးပုဂ္ဂိုလ်တွေကြောင့်
မီဇာတ်လမ်းကို နောက်ဆက်တွဲထပ်ရိုက်ခဲ့ကြတယ်။
နောက်ကားနာမည်ကတော့ ''မွီ''တဲ့..
ဇာတ်လမ်းအရ မွီဟာ မီမသေခင်မွေးခဲ့တဲ့သမီးလေး
မွေးစားမိဘတွေဆီမှာကြီးလာတယ်
မွီဟာ ငယ်ငယ်ကတည်းက အလွန်လိမ္မာတယ်
တနေ့ကို ဘုရားသုံးကြိမ်လောက်ရှိခိုးတယ်
တရက်ကို ၄နာရီလောက် စာကျက်တယ်
ဇာတ်ဝင်ခန်းမှာလည်း စာတပုဒ်လောက်
လက်တွေ့ကျက်ပြတာရယ်
သြကာသကနေ ဤမြေပံသု အမျှဝေတဲ့အထိ
ဘုရားရှိခိုးပုံရယ်ရိုက်ပြထားတယ်
လူငယ်တွေ အတုယူအောင်လေ
မွီဟာ စာတော်ပြီး လူမှုရေးလည်း အရမ်းတက်ကြွတာမို့
ကြက်ခြေနီ.. ပရဟိတ.. အသင်းတွေကအစ
ဆွမ်းလောင်းအသင်း တံမြက်လှည်းအသင်းတွေအလယ်
ကင်းထောက်တွေရော ကင်းမြီးကောက်တွေအဆုံး
အကုန်လုံးမှာ တက်ကြွစွာပါဝင်တာ ရိုက်ပြတယ်
လူငယ်တွေ အတုယူအောင်လို့
ဆယ်တန်းကိုလည်း တနိုင်ငံလုံး ပထမနဲ့အောင်တယ်
မွေးစားမိဘတွေက ပါမစ်တွေရလာပြီး
ချမ်းသာလာလို့ အမေရိကလွှတ်ပြီးကျောင်းထားချင်တယ်
ဒါပေမယ့် အမိမြေကိုချစ်တဲ့ မွီဟာ
"သမီး ဒီရေ ဒီမြေကို ချစ်တယ် ဒယ်ဒီနဲ့မာမီ
ဒီရတနာမြေကိုခွဲပီး အမေရိကကို သမီးမသွားဘူး''ဆိုတဲ့ပြီး
ဆေးကျောင်းဆက်တက်တယ်
ကိုင်း လူငယ်တွေ ဘယ်လောက်အတုယူသင့်လဲ
ဆေးကျောင်းမှာလည်း စာတော်တဲ့မွီဟာ
ဆပ်ပလီထိဖို့မပြောနဲ့
အတန်းတိုင်းမှာ ဂုဏ်ထူးပါသတဲ့
ဆေးကျောင်းသူဖြစ်ပေမယ့် စာထဲပဲနစ်မနေဘဲ
ခြေလျင်တောင်တက် လျှိုတိုးချိုင့်ဆင်းတွေရော
ဘောလီဘော ကြက်တောင်တွေရော အကုန်ရတယ်
ပရဟိတအလုပ်တွေမှာ လူတွေအတွက်လုပ်စရာကုန်လို့
ခွေးဂေဟာတွေ ကြောင်ဂေဟာတွေဖွင့်ပြီး
တိရစ္ဆာန်တွေကို စောင့်ရှောက်ထားတယ်
ဒါပေမယ့် မွီဟာ ဘယ်သူ့ဆီကမှ အလှူမခံဘဲ
ကိုယ့်ပိုက်ဆံနဲ့ကို ဘရင်းကြက်ပေါင်းရည်ဝယ်တိုက်တယ်
မိဘတွေဆီကလည်း လက်မဖြန့်ဘူးတဲ့
ဆယ်တန်းကျူရှင်ပြန်သင်ပြီး ဆေးကျောင်းတက်တာ
ကိုင်း လူငယ်တွေ ဘယ်လောက်အတုယူသင့်လဲ
အဲ အရေးကြီးဆုံးလာပြီ
မွီဟာ ပိုင်ဖြိုးသုဖြစ်တာမို့ သူနဲ့ဆေးကျောင်းအတူတက်တဲ့
ကိုနေတိုးကြီးက ချစ်ရေးလာဆိုတယ်
မွီဟာ ပညာရေး လူမှုရေးတွေကြောင့်
နှလုံးသားရေးရာကို ဦးစားမပေးနိုင်လို့
ကိုနေတိုးကြီးကို ငြင်းလိုက်တယ်
ကိုနေတိုးကြီးလည်း အသည်းကွဲပြီး
ကျောင်းပြီးတဲ့အခါ ချင်းတောင်ကိုသွားပြီး
ဒေါက်တာလတ်ငြိမ်းအနေနဲ့
သူ့ဘဝကို လူနာတွေကြား မြှုပ်နှံထားလိုက်တယ်
အဲ့ဒီမှာ ကြိုးကြာတောင်ပံခတ်သံ ဖြစ်လာတာပဲ
မွီဟာ ဆရာဝန်ဖြစ်တော့လည်း ပိုစတင်ဝင်တယ်
နယ်စွန်နယ်ဖျားသွားတယ်
လူနာတွေကို အိပ်စိုက်ပြီးကုပေးတာကြောင့်
လခတောင်မကျန်တဲ့အပြင် မိဘတွေဆီက
တလတလ ပြန်တောင်းနေရသတဲ့
(အဲ့ဒီ မက်ဆေ့ကို လိုချင်တာမဟုတ်လား
ပေးမယ် အများကြီးပေးမယ် ဟင်း ဟင်း)
နောက် မက်ဒီဆင် MSc ဝင်ခွင့်အောင်ပြီး
ရန်ကုန်ကိုပြန်ရောက်လာတယ်
ဖိဆစ်ရှင်ဖြစ်သွားတဲ့
မွီဟာ မိဘပေးစားတဲ့သူဌေးသားနဲ့ပဲ ယူလိုက်တယ်
ကဲ လူငယ်တွေ အတုယူသင့်နေပါပြီနော်
ဖိဆစ်ရှင်ဖြစ်သွားပြီးချိန်မှာ မွီဟာ
ဗမာပြေကျန်းမာရေးလောကကြီး တိုးတက်လာအောင်
စွမ်းစွမ်းတမံ ဆောင်ရွက်တယ်
ရုံတင်တဲ့ရုပ်ရှင်တွေ မလွတ်တမ်းလိုက်ကြည့်ပြီး
ဆေးပညာအယူအဆနဲ့လွဲနေတာတွေကို
လိုက်ပြီးထောက်ပြတယ်
ဆေးလိပ် အရက် ဘီယာအကြောင်းပါလာရင်
ဖေ့ဘုတ်မှာ ပို့စ်တင်ပြီး ချက်ချင်းကန့်ကွက်တယ်
ဒီလိုနဲ့ ဖော်လိုဝါတွေများလာတယ်
သူ့ဆေးခန်းကိုလာတဲ့လူနာတွေကို
နောင် ဆေးလိပ်မသောက်ကြောင်း
ဝန်ခံကတိတွေထိုးခိုင်းတယ်
အဲ့ဒါကိုမှ အားမရသေးလို့ ဆေးလိပ်ကုမ္ပဏီတွေ
ဗမာပြေကထွက်သွားဖို့ ဖိအားလိုက်ပေးတယ်
ကုမ္ပဏီတွေက အတင်းတောင်းပန်တော့မှ
(ဘယ်လိုတောင်းပန်လဲတော့ မသိဘူး)
ဒေါက်တာမွီလည်း နည်းနည်းလျှော့သွားတယ်
လူငယ်တွေ အရမ်းအတုယူသင့်တယ်
ဒေါက်တာမွီဟာ ဖောင်ဒေးရှင်းထောင်ပြီး
လူငယ်တွေကို ပညာသင်စရိတ်ထောက်ပံ့တယ်
စာမေးပွဲကျလည်း ပညာသင်စရိတ်ရပ်မသွားဘူး
ဆေးလိပ်မသောက်ရင်ပြီးရောတဲ့
(Spoiler alert..တကယ်တော့ ဒေါ်မွီဟာ
သူ့ယောက်ျားဦးမင်းဦး ဆေးလိပ်သောက်တာကို
တားမရလို့ အပြင်မှာ ဆေးလိပ်ကို လိုက်မဲနေတာတဲ့)
ဒေါ်မွီဟာ အသက်ကြီးလာတယ်
ပထမအရွယ်မှာ ပညာရှာခဲ့တယ်
ဒုတိယအရွယ်မှာ ဥစ္စာရော ကြင်ယာရောရှာတယ်
ဒီတော့ ကလင်ဒါကျအရ
တတိယအရွယ်နီးလာတော့ တရားစခန်းသွားတယ်
ဘုရားတည်ကျောင်းဆောက်လုပ်တယ်
သားသမီးတွေလည်း အရွယ်ရောက်လာတယ်
အားလုံးဟာ ဆေးကျောင်း နည်းပညာ ကွန်ပျူတာ
အသီးသီးတက်တယ်
ဒေါက်တာ ဒေါ်မွီဟာ
ကျန်းမာရေးသံတမန်ခန့်တာ ခံရတယ်
ဒါတင်ပဲလားဆိုတော့ အဟုတ်သေးဘူး
ပညာပေးစာတွေ ဟိုရေးဒီရေး ရေးဖူးတော့
စာပေသံတမန်ပါဖြစ်တယ်
ဖေ့ဘုတ်မှာ ဖော်လိုဝါများတော့
Social Influencer Award လည်းရတယ်
ပရဟိတမိခင်ဆုရော
စံပြသာသနာ့ဒါယိကာမရော
ပညာရေးသံတမန်
လူမှုရေးသံတမန်
သားကောင်းမိခင်ဆု
ရှိသမျှဆုတွေ အားလုံးရတယ်
ကဲ မွီလောက် အတုယူစရာရုပ်ရှင် ရှိဦးမလား
..
ဒီလိုနဲ့ ဘွားမွီဟာ လူကြီးရောဂါတွေနဲ့
နောက်ဆုံးအချိန်ရောက်လာတော့
တပည့်သားသမီးမြေးတွေက ဝိုင်းမေးကြတယ်
ဘွားမွီ ဘာပြောချင်လဲ ဘာလုပ်ချင်လဲတဲ့
ဘွားမွီပါးစပ်က တိုးတိုးလေး ထွက်လာတယ်
"ဆေး.. လိပ်'' တဲ့
အားလုံးဟာ အံ့သြသွားတယ်
တချို့က အဲ့အကြောင်းကို ချက်ချင်းပို့စ်ကောက်တင်တယ်
သံတမန်လုပ်နေတဲ့သူက ဒီလိုမပြောသင့်ဘူး ဘာညာဆိုပြီး
ဌာနဆိုင်ရာက လူတွေကလည်း
သံတမန်ကိုရုတ်သိမ်းသင့်သလား ဆုံးဖြတ်ဖို့
အစည်းအဝေးခေါ်တယ်
သတင်းစာရှင်းလင်းပွဲ လုပ်မလို့ ပြင်တဲ့သူကပြင်တယ်
အမှန်တော့ ဘွားမွီဟာ
"ဆေးလိပ် မသောက်ကြပါနဲ့''လို့ ပြောတာ
မောတော့ စကားခဏရပ်ပြီးမှ
မသောက်ကြနဲ့လို့ ဆက်ပြောတာ
အရင်က ဘွားမွီတယောက် အပြင်လောကမှာ
ဆေးလိပ်မသောက်ရေးလှုပ်ရှားတုန်းက
အလုပ်ရှုပ်မှာစိုးလို့ ရှောင်ခဲ့သူတွေဟာ ဘွားမွီက
ဆေးလိပ်တောင်းတယ်ထင်ပြီး လိုင်းပေါ်တက်ပြီး
say no to tobacco ထလုပ်နေတုန်း
ဘွားမွီက မသောက်ကြပါနဲ့လို့ တမိနစ်လောက်နားပြီးမှ
ဆက်ပြောလိုက်တော့
ဆေးလိပ်ဆန့်ကျင်ရေးလုပ်ပြဖို့ အားခဲသူတွေ
ဟက်ကော့ကြီးကျန်ရစ်တယ်
နောက်ဆုံး ဘွားမွီဟာ သံတမန်မပြုတ်လိုက်ဘဲ
မျက်စိစုံမှိတ်သွားခဲ့တယ်..
... The End...
ကိုင်း ''မွီ'' ရုပ်ရှင်ဟာ ဘယ်လိုတောင်
အတုယူသင့်သလဲ
မက်ဆေ့တွေလည်း အများကြီးပေးတယ်နော်
ဟင်း ဟင်း
😎
Phoe Thant
မီဇာတ်လမ်း နောက်ဆက်တွဲ ကားနာမည်ကတော့ ''မွီ''တဲ့..
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 14, 2018
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 14, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment