Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 21, 2018

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနေရာ အပြောင်းအလဲဖြစ်တော့မလား



By ရန်ကုန်ခေတ်သစ်

NLD ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်နှင့်တွေ့ဆုံခြင်း

နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် ရန်ကုန်တိုင်းအစိုးရ၏ စီမံခန့်ခွဲမှု အလွဲများနှင့်ပတ်သက်ပြီး ဝေဖန်မှုများ ဆူညံနေပြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းနေရာ အပြောင်းအလဲ ဖြစ်မည်ဆိုသော သတင်းတချို့ကလည်း စတင်ထွက်ပေါ်လာသည်။ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး NLD ဗဟိုပြန်ကြားရေးကော်မတီမှ အတွင်းရေးမှူး မုံရွာအောင်ရှင်ကို တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။နိုင်ငံရေးလောကမှာ ဆူညံပွက်လောရိုက်နေတဲ့ ဦးဖြိုးမင်းသိန်းရဲ့ စီမံခန့်ခွဲမှုအလွဲတွေ၊ မြေကွက်တွေ ပြန်မပေးတဲ့ကိစ္စတွေ၊ ကျောင်းကားကိစ္စတွေ၊ Eleven မီဒီယာကို တရားစွဲတဲ့ကိစ္စတွေကြောင့် လူလဲမယ်ဆိုတဲ့ အသံတွေလည်းထွက်လာနေတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး အန်ကယ်တို့ဘာတွေများ သိထားလဲ။

ဖြေ။ ။ ကျနော်က ပထမဆုံးပြောချင်တာကလေ ကျနော်ကလည်း ခရီးထွက်တာများတယ်။ များတဲ့အခါကျတော့ သတင်းအသေးစိတ်ကို ကျနော်မသိဘူး။ သို့သော်လည်းပဲ ကျနော် ဖြစ်စဉ်တွေကို လေ့လာပါတယ်။ လေ့လာတော့ ခုနဦးဖြိုးမင်းသိန်းကို လဲမယ်ပြုမယ်ဆိုတာကိုတော့ ကျနော် သိပ်ပြီး မထင်ပါဘူး။ ဘာကြောင့်လဲလိုဆိုတော့ ဒီလိုကိစ္စမျိုးဆိုတာ ချက်ချင်း TV မှာ ချန်နယ်ရွှေ့သလို ရွှေ့လို့ မလွယ်ဘူးလေ။ သူရဲ့ လုပ်ဆောင်မှု၊ သူရဲ့ အနေအထားတွေကို သိဖို့လောက်ပဲဒါတွေက ဖြစ်တတ်တာကို။ နောက်တစ်ချက်က ကျနော်တို့ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားက သိပ် Corruption ဖြစ်တယ်။လူမှုရေး ကိစ္စဖောက်ပြန်တယ် အဲဒါမျိုးဆိုရင်တော့ သိပ်သည်းမခံဘူး။ သို့သော်လည်းပဲ Capacity နဲ့လည်း အားနည်းတာ၊ အုပ်ချုပ်ရေးပိုင်း စီမံခန့်ခွဲမှု အားနည်းတဲ့ကိစ္စကတော့ ဒီဟာကိုတော့ အစဉ်အလာအရ ညှိရတယ်လေ။ နောက်မီဒီယာတွေနဲ့ဖြစ်တဲ့ကိစ္စကတော့ စပြီးဖြစ်ကတည်းက ကျနော်က ပြောဖူးတယ်။ တစ်ဦးချင်းသဘောထားအရ ဖြစ်တာမကြိုက်ဘူး။ နှစ်ဘက်စလုံးက စိတ်ရှည်ရမယ်။ နှစ်ဖက်စလုံးက Mature ဖြစ်ရမယ်။ နောက်တစ်ချက်က ကျနော်ခံယူထားတာရှိတယ်။ ဒီမိုကရေစီဆိုတာက လွတ်လပ်မှု အရေးကြီးတယ်။ သို့သော်လွတ်လပ်မှုကို တာဝန်သိမှုနဲ့တော့ ကန့်သတ်ကြရလိမ့်မယ်။ နှစ်ဖက်စလုံးပြောတာ။ နှစ်ဖက်စလုံးကို လွတ်လပ်မှု တာဝန်သိမှုနဲ့ ကန့်သတ်ကြရလိမ့်မယ်လို့ ကျနော်ထင်တယ်။ နောက်တစ်ခုက ဒီနေ့ (အောက်တိုဘာလ ၂၀ ရက်နေ့) မီဒီယာကောင်စီ ရုံးခန်းသစ်ဖွင့်ပွဲမှာ ကျနော်တို့ စတွေ့လာရတာက သူတို့ပြောတဲ့ တာဝန်ရှိသူတွေပြောတာ သိပ်သဘောကျတယ်။ ဒီခေတ်ကာလက မီဒီယာကို မီဒီယာနဲ့ တိုက်တဲ့ကာလ မဟုတ်ဘူး။ မီဒီယာကို မီဒီယာနဲ့ ထိန်းတဲ့ကာလ။ ခင်ဗျားတို့ မီဒီယာကောင်စီ အသစ်ပေါ်လာတဲ့အချိန်မှာ မီဒီယာကောင်စီကပဲ ထိန်းရမှာပဲ။ မီဒီယာကောင်စီ ပြင်ပ လုပ်တာမျိုးတွေတော့ ကျနော်လည်း လက်မခံဘူး။

မေး။ ။ အခုအချိန်က ကြားဖြတ်ရွေးကောက်ပွဲနီးတဲ့ကာလ ဦးဖြိုးမင်းသိန်းရဲ့ စီမံခန့်ခွဲမှုအလွဲတွေ လွှတ်တော်မှာ အရမ်းဝေဖန်ခံရတဲ့ကာလ၊ မနေ့ကလည်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ကျောင်းကိစ္စနဲပတ်သက်လို့ အဂတိကော်မရှင်ကို စုံစမ်းဖို့ တိုက်တွန်းတယ်။ သူရဲ့ စီမံခန့်ခွဲမှု အလွဲတွေနဲ့ သူရဲ့ လုပ်တဲ့ကိစ္စတွေကြောင့် NLD ပါတီအပေါ်မှာ လူထုက တစ်မျိုးမြင်နိုင်တဲ့ရိုက်ခတ်မှုတွေ မဖြစ်နိုင်ဘူးလား။

ဖြေ။ ။ ဒါက တစ်စုံတစ်ရာတော့ရှိနိုင်တယ်။ လုံးဝ မရှိဘူးလို့ကျနော်မပြောလိုဘူး။ တစ်စုံတစ်ရာတော့ရှိုနိုင်ပါတယ်။ သို့သော်လည်းပဲ ကျနော်မြင်တာကတော့ အလုပ်လုပ်တယ်ဆိုတာကတော့ ချို့ယွင်းချက်အားနည်းချက်ရှိနိုင်တာပဲ။ အမှားရှိနိုင်တယ်။အလုပ်မလုပ်ရင်တော့ အလုပ်မလုပ်တဲ့အမှားက ပိုပြီးတော့ ကြီးပါတယ်။ အလုပ်လုပ်တဲ့သူကတော့ဒီလိုပဲ အားနည်းချက်ရှိလိမ့်မယ်လို့ကျနော်ထင်တယ်။အဲဒါကြောင့်မို့ တချို့ကိစ္စတွေမှာတော့ ပြည်သူလူထုက တစ်စုံတစ်ရာနားလည်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

No comments:

Post a Comment