Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 23, 2018

မင်းတုပ်ချမထားတဲ့ တံခါး

စကော့တလန်နိုင်ငံ ဂလပ်(စ)ဂိုမြို့မှာပေါ့။ မိန်းမငယ်လေးတယောက်ဟာ
ကနေ့ဆယ်ကျော်သက် အများစုလိုပဲ အိမ်မှာနေရတာကို စိတ်ဆင်းရဲလာတယ်။ မိဘတွေက ချုပ်ချယ်တယ်လို့လည်း မြင်လာတယ်။ ဘာသာတရားရဲ့ အဆုံးအမအောက်မှာနေရတာကြီးကိုလည်း ညည်းငွေ့လာတယ်။

ဒါနဲ့ “တော်ပြီ၊ အမေတို့နဲ့ မနေချင်တော့ဘူး ကျွန်မလက်လျော့လိုက်ပါပြီ၊ ကျွန်မသွားတော့မယ် ” လို့ကြွေးကြော်ပြီး သကာလ အိမ်ပေါ်ကဆင်းသွားပါတော့တယ်။ အိမ်ပေါ်ကဆင်းသွာပြီးရင်တော့ သူဟာ ကမ္ဘာပေါ်မှာ အတော်ဆုံးမိန်းမတစ်ယောက်ဖြစ်လာမယ်လို့လည်း ခိုင်ခိုင်မာမာယုံကြည်နေတယ်။
ဒါပေမယ့်အိမ်ကဆင်းသွားပြီးလို့ သိပ်မကြာခင်မှာပဲ သူအတော်စိတ်ဓါတ်ကျလာတယ်၊ အလုပ်ကလည်း ရှာလို့မရနိုင်ဘူး၊ သည်လိုနဲ့ နောက်ဆုံးမှာတော့ အဲဒီမိန်းကလေးဟာ လမ်းပေါ်ကိုရောက်သွားပြီး ခန္ဓာကိုယ်ကို ရောင်းစားရတဲ့အထိ အခြေအနေ ဆိုးသွားပါတော့တယ်။

သည်လိုနဲ့ ရာသီတွေ အလီလီပြောင်းသွားတဲ့နောက် အဲဒီကလေးမလေးရဲ့ဖခင်ဟာလည်း တိမ်းပါးသွားသလို ကလေးမလေးရဲ့မိခင်ဟာလေးပဲ အသက်အရွယ် ကြီးရင့်လာပါတော့တယ်။ ကလေးမကိုယ်တိုင်ဟာလည်း ပျက်နေတဲ့ဘဝထဲမှာ ပိုလို့ပိုလို့ နစ်မွန်းပြီးနေလေတော့တယ်။

အဲသလောက်ကြာတဲ့ နှစ်တွေအတောအတွင်း မအေနဲ့သမီးအကြားမှာ ဘာအဆက်အသွယ်မှ မရခဲ့ဘူး။ နောက်ပိုင်းကျတော့မှ သမီးလုပ်တဲ့သူ ဘဝပျက်နေတယ်ဆိုတာ ကြားသိလိုက်ရတဲ့အခါ အခြေအနေမဲ့တွေ ကျင်လည်ကျက်စားရာ ရပ်ကွက်တွေသွားပြီး သမီးကိုရှာဖွေကြည့်ပါသေးတယ်။ အဲဒီရပ်ကွက်မှာရှိတဲ့ မိန်းကလေးများ ကယ်ဆယ်ရေးသာသနာပြုစခန်းများကို ဝင်ပြီးတော့ မအေလုပ်တဲ့သူက ရိုးရိုးလေးပဲ မေတ္တာရပ်ခံရှာပါတယ်။

“သည်ဓါတ်ပုံလေးကိုသည်စခန်းမှာ ကပ်ထားခဲ့ပါရစေရှင်” တဲ့ အဲဒီဓါတ်ပုံကတော့ ဆံပင်တွေ တခေါင်းလုံးဖြူနေပြီဖြစ်တဲ့ မအေ့ဓါတ်ပုံဖြစ်ပြီး ဓါတ်ပုံထဲမှာတော့ အမေ့မျက်နှာက ပြုံးနေပါတယ်။ ဓါတ်ပုံရဲ့ အောက်ခြေမှာတော့ လက်ရေးနဲ့ရေးထားတယ်။ “မေမေ သမီးကို ချစ်နေတုန်းပါပဲ သမီးရယ်၊ အိမ်ကို ပြန်လာခဲ့ပါကွယ်” တဲ့။

လက်လုပ်လက်စားတွေ ၊ ပြန်ကျတွေ၊ အခြေအနေမဲ့တွေ နေတဲ့ အဲဒီမြို့က ရပ်ကွက်တကာရဲ့ အမျိုးသမီးကယ်ဆယ်ရေးသာသနာပြုစခန်းတိုင်းမှာ အဲဒီ ဓါတ်ပုံကိုစေ့အောင်ကပ်ပြီးတဲ့နောက် လပေါင်းများစွာကြာတဲ့အထိ ဘာမှ ထူးမလာခဲ့ပါဘူး။ အဲ.. ဒါပေမယ့် တနေ့မှာတော့ ထမင်းဆာလွန်းမက ဆာလာတာနဲ့ ကယ်ဆယ်ရေးသာသနာပြုစခန်းတခုထဲသို့ ရောက်ချလာတယ်။ သာသနာပြုစခန်းတိုင်းမှာက ထမင်းအလကားကျွေးပေတာကိုး။ မိန်းကလေးဟာ ပထမတော့ သာသနာပြုစခန်းများရဲ့ ထုံးစံအတိုင်း တရားဟောတာ၊ဝတ်ပြုနေတာတွေကို စိတ်မပါစွာနဲ့ ထိုင်နေတယ်။ အဲလိုထိုင်နေရင်း စခန်းနံရံမှာ ကပ်ထားတဲ့ ကြေငြာသင်ပုန်းကို မျက်စိက အမှတ်မထင်ရောက်သွားတယ်။ ဓါတ်ပုံကိုသူ ဖျက်ကနဲ့ မြင်လိုက်တယ်။ မြင်လိုက်တာနဲ့ တပြိုင်နက် သူ့စိတ်ထဲမှာ လှုပ်ခတ်သွားပြီး စဉ်းစားလိုက်မိရပါတယ်။

“အဲဒါ ငါ့အမေများလား ” လို့ပေါ့။ တွေးရင်း တွေးရင်းနဲ့ ဝတ်ပြုပွဲပြီးအောင်သူ မစောင့်နိုင်တော့ဘူး။ နေရာကထ ကြေငြာသင်ပုန်းရှိရာသွာပြီး အနီးကပ်ကြည့်လိုက်မိတယ်။ ဟုတ်ပါတယ် ဓါတ်ပုံက သူ့အမေရဲ့ပုံပါပဲ။
ပြီးတော့လည်း သူဘယ်လိုမှ မလွဲနိုင်တဲ့ သူ့အမေရဲ့ လက်ရေးနဲ့ရေးထားတဲ့ စာတန်းလေးက “ မေမေ သမီးကို ချစ်နေတုန်းပါပဲ သမီးရယ်။ အိမ်ကို ပြန်လာခဲ့ပါကွယ်” တဲ့ ။ ဓါတ်ပုံရှေ့မှာ ရပ်နေရင်းက မိန်းကလေးဟာ မျက်ရည်တွေ တွေတွေကျလာတယ်၊ မယုံနိုင်လောက်အောင်လည်း ဖြစ်နေတယ်။

အချိန်ကအတော်လင့်နေပါပြီ။ မိုးကြီးတောင် စုပ်စုပ်ချုပ်နေပါပြီ။ ဒါပေမယ့် မိန်းကလေးရဲ့ ရင်ထဲမှာ သိပ်ကိုလှုပ်ခတ်လွန်နေတာမို့ မိုးချုပ်နေတာကိုတောင် သတိမထားမိတော့ဘဲ သူ့အိမ်ရှိရာကို ခြေလျင်ပဲ လျှောက်သွားလိုက်မိရပါတော့တယ်။ အိမ်ကိုရောက်တော့ မိုးတောင်လင်းခါနီးနေပြီ။ သူ့ရင်ထဲမှာ စိုးရွံ့မှုတွေ၊ အားငယ်မှုတွေနဲ့ပွေလီနေတာမို့ အိမ်တံခါးဝဆီကို မဝံ့မရဲနဲ့လျှောက်လာခဲပါတယ်။

ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိအောင် ဖြစ်နေပါတယ်။ အိမ်တံခါးကို ခေါက်လိုက်ချိန်မှာတော့ တံခါးက အလိုက်သင့်ပွင့်သွားပါတယ်။ မိန်းကလေးဟာ ချက်ချင်းလိုပဲ ထိတ်လန့်လို့သွားပါတယ်။ သည်အချိန် ဝေလီဝေလင်းမှာ တံခါးမကြီးပွင့်နေပုံ ထောက်ရင် အိမ်ထဲကို သူခိုးများဝင်သွားသလားဆိုတဲ့အတွေးပါ။

အိမ်ထဲရှိနေတဲ့ အမေ့ကိုလည်း ချက်ချင်းစိုးရိမ်သွားမိရတယ်။ ဒါနဲ့ မိန်းကလေးဟာ သူ့အမေအိပ်နေတဲ့ အိပ်ခန်းဆီ အပြေးတပိုင်း ဝင်သွားမိပါတယ်။
အိပ်ရာထဲမှာတော့ သူ့မိခင်ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပါ။ ကလေးမဟာ မအေလုပ်သူကို လှုပ်နှိုးလိုက်ပါတယ်။ “ မေမေ… သမီးပါ၊ သမီးပါ။ သမီး အိမ်ကို ပြန်ရောက်လာပါပြီ မေမေရယ်။” မအေလုပ်တဲ့သူခမျာမှာတော့ သူ့မျက်လုံးကို သူမယုံနိုင်လောက်အောင် ဖြစ်နေပါတယ်။ နောက်ဆုံးမှာတော့ မအေလုပ်သူက သူ့မျက်ဝန်းက မျက်ရည်စတွေသုတ်လိုက်ပြီး သားအမိနှစ်ယောက်ဟာ တယောက်ကိုတယောက် ဖက်လိုက်ကြတယ်။

သမီးလုပ်သူက ခပ်တိုးတိုးလေးပြောတယ်။ “သမီးဖြင့် ပျာသွားတာပဲ မေမေရယ် ၊ အိမ်တခါးကြီးက ပွင့်နေတော့ အိမ်ထဲ သူခိုးဝင်နေတယ် အောက်မေ့လို့…”
မအေလုပ်သူက ညင်ညင်သာသာ ပြန်ပြောပါတယ်။

“ မဟုတ်ပါဘူး သမီးရယ်၊ သမီးလေး ဒီအိမ်က ထွက်သွားတဲ့နေ့ကစပြီး အဲဒီတံခါးကို ဘယ်တုန်းကမှ မင်းတုပ် ချမထားခဲ့ပါဘူးကွယ်” တဲ့။
Robert Strand ရေးတဲ့ The Unlocked Door ဆိုတဲ့ စာတိုလေးကိုဆီလျော်အောင် ပြန်ဆိုတင်ဆက်လိုက်တာပါ။
ဆရာ အတ္တကျော်၏ ဘယ်ဆီကိုများ ဒုန်းစိုင်းသွားနေစာအုပ်မှ ကူးယူဖော်ပြပါသည်။