Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 1, 2018

ဒေါက်တာမန်းမြင့်ဆိုင်

 

ရေဒီယိုမှစစ်သီချင်းများလာနေသည်။ဒေါက်တာမန်းမြင့်ဆိုင်သည်ရေဒီယိုကိုပိတ်လိုက်ပြီးတအိမ်လုံးရှိမီးများကိုလည်းအမှောင်ချလိုက်သည်။ထို့နောက် နောက်ဖေးပေါက်မှ အသာထွက်ကာ တာဘောင်အတိုင်း ခပ်သွက်သွက်လျှောက်လှမ်းသွား၏။ အတန်ငယ် ဝေးသောနေရာရောက်မှ မိမိ၏ဆေးခန်းလည်းဖြစ်၊ မိသားစုအိမ်လည်းဖြစ်ခဲ့သောနေရာလေးကို ပြန်ငေးကြည့်မိသည်။

‘ရွှီး… ဒုန်း’

အာပီဂျီလောင်ချာသံမှန်း အတွေ့အကြုံအရ သိလိုက်သည်။ သူ သတင်းရထားသည့်အတိုင်း သူ့အိမ်ကို တပ်ကဝင်ပစ်ခဲ့ပြီ။ နယ်ခံတပ်မှ သူဆေးကုပေးနေသည့် လူနာစစ်ဗိုလ်အချို့၏ သတင်းပေးမှုကြောင့်သာ သူကံကောင်းသွားရ၏။

(၈၈) အရေးအခင်းကြီး စဖြစ်ကတည်းက မိန်းမနှင့်ကလေးကို ရန်ကုန်သို့ ပို့ထားခဲ့နိုင်သဖြင့်သာ တော်တော့သည်။ နို့မိုဆို မလွယ်လှ။

လောင်ချာစာမိသွားသော သူ့အိမ်လေးကိုကျောခိုင်းကာ သူ ထွက်လာခဲ့ပါသည်။ သူသည် ယခုအကြိမ်လည်း သေမင်း၏ခံတွင်းဝမှ သီသီလေး လွတ်ခဲ့ပြန်ပေပြီ။

ဘယ်တော့မှ တောမခိုတော့ဟု ဆုံးဖြတ်ခဲ့ဖူးသည့် သူသည် ဒုတိယမ္ပိ လက်နက်ကိုင်တော်လှန်ရေးဆီသို့ ခြေလှမ်းခဲ့မိတော့သည်။

နက်မှောင်သောဆံပင်ကို နောက်လှန်ဖြီးထားပြီး မဟာနဖူးသေသေသပ်သပ်ဖြင့် သူ့ပုံစံကိုမြင်ရသည်မှာ တစ်ခေတ်တစ်ခါက ဟောလိဝုဒ်မင်းသားကြီး မာလွန်ဘရွန်ဒိုကို သတိရသွားစေသည်။

ဒေါက်တာမန်းမြင့်ဆိုင်ကို ဟင်္သာတခရိုင် ယုန်တလင်းရွာတွင် ပိုးကရင်မိသားစုမှ မွေးဖွားသည်။ ဦးလေးရော ဖခင်ပါ ထင်ရှားသည့် ကရင်နိုင်ငံရေးသမားများဖြစ်ကြ၏။ ဦးနုအစိုးရအဖွဲ့တွင် ကရင်ရေးရာဝန်ကြီးဖြစ်နေသည့် ဖခင်ဖြစ်သူက သူတို့မိသားစုကို ရန်ကုန်သို့ခေါ်လာသည်။

ရန်ကုန်မြို့ အလုံကူရှင်ကျောင်း (ယခု အလုံ အထက ၄) တွင် ကျောင်းတက်ရသည်။ ၁၉၅၈ ခုနှစ်တွင် ဆယ်တန်းအောင်ခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်၊ ဆေးကောလိပ်တွင် ဆေးပညာသင်ယူသည်။

၁၉၆၂ တွင် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်း၏။

“အဲဒီအချိန်က ကိုယ့်အဖေက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပေါ့။ သူ့ကို အိမ်မှာလာဖမ်းတယ်။ ဗိုလ်ချုပ်စိန်လွင်အမိန့်နဲ့ အိမ်ကိုလာဖမ်းတဲ့တပ်က ဗိုလ်က ကိုယ့်သူငယ်ချင်း။ ရစ်ချဒ်သိန်းလွင်ဆိုတဲ့ကောင်။ အဖေ့ကို အသံလွှင့်ရုံမှာ ချုပ်ထားလိုက်တယ်”

အာဏာသိမ်းပြီး မကြာမီပင် တက္ကသိုလ်ဝန်းကျင်တွင် စစ်အစိုးရကိုဆန့်ကျင်သော ဆန္ဒပြပွဲများကို ကျောင်းသားများက ဦးဆောင်ခဲ့ကြသည်။

“အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် ကိုယ့်ဆရာတစ်ယောက်ကခေါ်လို့ ကိုယ်က အောင်ဆန်းကွင်းမှာ ဘောလုံးပွဲသွားကြည့်နေတာ။ ကိုယ်ပြန်လာတော့ ကျောင်းထဲမှာ ပစ်ပြီး ခတ်ပြီးနေပြီ။ ကံကောင်းတာက ကိုယ်က ဘောလုံးပွဲမသွားဖြစ်ရင် ဒီအရေးအခင်းထဲပါမိမှာ။ အပစ်ခံရပြီး သေသွားမှာပဲ”

ဆေးကျောင်း Final Part 2 တက်နေချိန်တွင် မိဘများက ပေးစားသဖြင့် သူအိမ်ထောင်ကျသည်။ သားသမီးသုံးဦးထွန်းကားသည်။ ထိုအိမ်ထောင်နှင့်ကွဲပြီးနောက် ငယ်ရည်းစားနှင့် ထပ်မံ လက်ထပ်သည်။ သမီးတစ်ယောက်မွေး၏။

၁၉၆၆ တွင် ဒေါက်တာမန်းမြင့်ဆိုင်သည် ဆရာဝန်ဘွဲ့ရခဲ့၏။ ဆရာဝန်ဖြစ်ပြီးနောက် မီးရထားဆရာဝန်အဖြစ်နှင့် ရန်ကုန်၊ မြစ်ငယ်နှင့် ပဲခူးမြို့တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ဟင်္သာတမြို့တွင် တာဝန်ထမ်းဆောင်ခဲ့၏။

“ဟင်္သာတမှာ ကိုယ်က သုံးနှစ်လောက်ရှိနေတုန်း စာတွေ ခဏခဏလာတယ်။ တောခိုသွားတဲ့ ကိုယ့်သူငယ်ချင်းတွေဆီကပေါ့။ သံအမတ်ကြီးဦးဝင်းရဲ့သား ကိုတင်မောင်ဝင်း၊ နောက် ရဲကျော်သူ ကျောင်းသားခေါင်းဆောင်တွေပေါ့ကွာ။ သူတို့က လူကြုံနဲ့တစ်မျိုး၊ စာတိုစာရှည်တွေနဲ့တစ်မျိုး တောခိုဖို့ လာနားချကြတာ။ ကိုယ်ကလည်း သိတဲ့အတိုင်း အသွေးအသားထဲမှာ နိုင်ငံရေးကပါနေတာ။ အဲဒါနဲ့ပဲ ၁၉၇၃ မှာ တောခိုခဲ့တယ်”

ထိုင်း – မြန်မာနယ်စပ်တွင် ဦးနုနှင့် ဗိုလ်မှူးအောင်တို့ ဦးဆောင်ကာ ပြည်သူ့ပြည်ချစ်ပါတီကို ဖွဲ့စည်းထားသည်။

ပြည်သူ့ပြည်ချစ်တပ်သို့ သူရောက်သွား၏။ ပြည်သူ့ပြည်ချစ်တပ်ဖွဲ့အား အမေရိကန်က လက်နက်ကူညီသည်။ လေယာဉ်ပျံထားသည့် ဂိုဒေါင်ကြီးများနှင့် အပြည့်ဖြစ်၏။

“ဟိုရောက်တော့ သူတို့လုပ်တာ ကိုယ်အားမရဘူး။ စစ်မှမတိုက်ဘဲ။ လေပဲပေါနေကြတာကိုကွာ”

သူက တကယ် တိုက်ချင်၊ ခိုက်ချင်သူ။

“အဲဒီအချိန် ဗိုလ်ချုပ်စောကြာဒိုးကို ကိုယ်ကပြောတယ်။ စောကြာဒိုးက ကိုယ်နဲ့ဆို အဘိုးလေးသွားတော်တယ်။ ကျွန်တော် တပ်ထောင်ပြီး ချမယ်ဆိုတော့ ဗိုလ်ချုပ်စောကြာဒိုးကလည်း သဘောကျတယ်။ အဲဒီမှာ ကိုယ်က ပြည်သူ့ပြည်ချစ်ပါတီက လူကြီးတွေတိုင်ပင်ပြီး မြွေဟောက်အထူးတပ်ရင်းဆိုပြီး ထောင်တယ်။ စစ်ဆင်ရေးတွေမှာ ကိုယ့်တပ်ရင်းက KNU နဲ့ပေါင်းပြီး ဗိုလ်ချုပ်နေဝင်းတပ်တွေနဲ့ ဆော်ကြတာပေါ့ကွာ”

မြွေဟောက်တပ်။ အစောပိုင်းတွင် လူ ၆၀ သာရှိခဲ့ရာမှ နောက်ပိုင်းတွင် လူ ၄၀၀ ကျော် ဖြစ်လာသည်။

မြွေဟောက်တပ်ရင်းသည် ပြည်သူ့ပြည်ချစ်တပ်တွင် တစ်တပ်တည်းသော တိုက်ခိုက်ရေးတပ်အဖြစ်ဖြင့် လှည့်လည် တိုက်ခိုက်နေခဲ့သည်။

“တိုက်ပွဲဖြစ်စဉ်တွေ အခု ပြန်လည်း မပြောချင်ဘူး။ ပြန်လည်းမတွေးချင်ဘူးကွာ။ အချင်းချင်းသတ်ကြရတာ။ အဲဒါတွေ ပြန်တွေးမိရင် ကိုယ်မှားတယ်။ တကယ်က ဒီမိုကရေစီကို လက်နက်ကိုင်တော်လှန်ရေးနှင့် တိုက်ယူလို့မရဘူး။ ကိုယ်က တိုက်ခဲ့ပြီးလို့ အတိအကျပြောတာ။ ဒီမိုကရေစီလိုချင်ရင် ဒီမိုကရေစီနည်းအရတိုက် … အခုကျ အချင်းချင်းစစ်ချည်းတိုက်နေရတာ မကောင်းလှဘူး”

ဒေါက်တာမန်းမြင့်ဆိုင်သည် သူ၏ မြွေဟောက်တပ်နှင့်အတူ ရှေ့တန်းတွင် ခုနစ်နှစ်ကျော် လှည့်လည်တိုက်ခိုက်နေခဲ့သည်။

“အဲဒီမှာ ငှက်ဖျားပိုးဝင်တယ်။ လူက ခုနစ်ရက်လောက် သတိလစ်သွားပြီး ကိုယ့်ကိုယ်ကိုယ်သေပြီမှတ်တာ။ ဒါပေမဲ့ မသေဘူး”

နောက်ပိုင်းတွင် ပြည်တွင်းထိုးစစ်များက ကွန်မြူနစ်များဘက်လှည့်နေသဖြင့် တိုက်ပွဲများ ကြဲသွား၏။

ဒေါက်တာမန်းမြင့်ဆိုင်တို့လည်း တိုက်ပွဲများကို ဆက်မတိုက်ကြတော့။ ၁၉၇၈ ခုနှစ်တွင် ထိုင်းနိုင်ငံသူတစ်ဦးနှင့် သူဖူးစာဆုံသည်။ တတိယအိမ်ထောင်ကို ထူထောင်လိုက်သည်။

နွားလဝိုးတောင်ခြေတွင် ဗိုလ်ရန်နိုင်၏ နဂါးမောက်တပ်ရင်း၊ ဗိုလ်လက်ျာတပ်က ဂဠုန်တပ်ရင်း၊ ဒေါက်တာမန်းမြင့်ဆိုင်၏ မြွေဟောက်တပ်တို့ အခြေတည်ကြသည်။

တော်လှန်ရေး၏အနှစ်သာရကို အချင်းချင်းအဝေမတည့်ရာမှ အက်ကြောင်းက စထင်လာသည်။ ၁၉၈၀ ပြည့်နှစ်တွင် ပြည်သူ့ပြည်ချစ်တပ်နှင့် ဒေါက်တာမန်းမြင့်ဆိုင် သဘောထားကွဲလွဲသည်။ စီးပွားရေးပြဿနာဖြစ်သည်။

ဒေါက်တာမန်းမြင့်ဆိုင်က သူ့တပ်အခြေအနေကို အစည်းအဝေးတွင် တင်ပြသည်။ ထိုအစည်းအဝေးပြီး နှစ်ရက်အကြာတွင် ဗိုလ်လက်ျာ၏သား အောင်လက်ျာ၏တပ်များက ဒေါက်တာမန်းမြင့်ဆိုင်၏ မြွေဟောက်တပ်စခန်းကို ဝင်ရောက်ပစ်ခတ်တော့သည်။

ထိုညက ဒေါက်တာမန်းမြင့်ဆိုင်၏ ဘယ်ဘက်လက်မှာ ကျည်မှန်ပြီးကျိုးသွား၏။ ရဲဘော်သုံးယောက်ကျဆုံးသွားခဲ့သည်။ အချင်းချင်းချကြသည့်ပွဲတွင်လည်း ဒေါက်တာမန်းမြင့်ဆိုင် သေကံမရောက်ခဲ့။

ဒဏ်ရာမှသက်သာလာသောအခါ မြွေဟောက်တပ်ရင်းသည် ပြည်သူ့ပြည်ချစ်ပါတီနှင့် မဆက်ဆံတော့ဘဲ သီးခြားရပ်တည်နေကြသည်။

ထို့နောက်တွင် KNU ကလည်း သူတို့တပ်နှင့်ပူးပေါင်းဖြစ်လာသည်။

“အဲဒီအချိန်မှာ ဗိုလ်ချုပ်နေဝင်းက ၂/၈၀ နဲ့ တောထဲက လူတွေကိုပြန်ခေါ် တယ်။ ၈၀ ခုနှစ်၊ ဖေဖော်ဝါရီလမှာထုတ်တဲ့အမိန့်ပေါ့။ ငါလည်း မဲဆောက်ကနေ မြ၀တီကိုကူးပြီး အလင်းဝင်တယ်။ ပြီးတော့ ဟင်္သာတပြန်ပြီး ဆေးခန်းလေးဖွင့်နေတာပေါ့ကွာ”

ထိုကာလတွင်ပင် ဦးနု၊ ဗိုလ်မှူးအောင်၊ ဗိုလ်ရန်နိုင်၊ ရန်ကုန်ဘဆွေ၊ စောကြာဒိုးတို့လည်း အလင်းပြန်ဝင်လာကြသည်။

ဒေါက်တာမန်းမြင့်ဆိုင်ကို အစိုးရက ဆေးကုသခွင့်လိုင်စင်ထုတ်ပေး၏။ ထိုင်းတွင်ကျန်ရစ်သော ဇနီးနှင့်ကလေးကို လှမ်းခေါ်သည်။

ဆေးခန်းလေးက အခြေကျပြီ။ မိသားစုလေးက အခြေမြဲလာသည်။ ဒေါက်တာမန်းမြင့်ဆိုင်သည်လည်း နိုင်ငံရေး၊ တော်လှန်ရေးဆိုသည်ကို စိတ်ကုန်ခဲ့ပြီ။

သို့သော် … မုန်တိုင်းက အပြီးစဲသွားခြင်းမဟုတ် …။

၁၉၈၈ ခုနှစ် အရေးအခင်းကြီးသည် တစ်ပြည်လုံးသို့ ပျံ့နှံ့လာသည်။ ဟင်္သာတမြို့တွင်လည်း ရဟန်းရှင်လူများက ဒီမိုကရေစီတိုက်ပွဲအတွက် သပိတ်စခန်းများဖွင့်ကာ တောင်းဆိုကြ၏။

ဆန္ဒပြလူအုပ်ကြီးနှင့် လုံထိန်း၊ စစ်တပ်တို့ တစ်နေရာတွင် ထိပ်တိုက်တွေ့ကြသည်။

ထိုတစ်နေရာကား ဒေါက်တာမန်းမြင့်ဆိုင်၏ အိမ်ရှေ့တည့်တည့်။ လုံထိန်းများက စည်းသုံးစည်းထားလိုက်သည်။ ထိုစည်းကိုကျော်လျှင် ပစ်မည်။

နိုင်ငံရေးနှင့် ကင်းကင်းနေမည်ဆိုသည့် တော်လှန်ရေးသမားဟောင်းကြီးသည် အိမ်ရှေ့သို့ထွက်လာပြီး အုပ်စုနှစ်ခုကြားတွင် ရပ်လိုက်သည်။

အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ တူ။ ဦးနေဝင်းအစိုးရကို လက်နက်ကိုင်တော်လှန်ခဲ့သည့် တော်လှန်ရေးသမားဟောင်းကြီး။ တစ်မြို့လုံးမှ လေးစားရသည့် ပညာတတ်ဆရာဝန်ကြီးက သူတို့ရှေ့လာရပ်သည့်အခါ လူထုမှာ ပိုအားတက်သွားကြသည်။

ဒေါက်တာမန်းမြင့်ဆိုင်၏ ညှိနှိုင်းပေးမှုကြောင့် အခြေအနေက ပြေပြေလည်လည် ပြီးဆုံးသွားသည်။ သို့သော် ဒေါက်တာမန်းမြင့်ဆိုင်သည် ဟင်္သာမြို့၏ သပိတ်ခေါင်းဆောင်အဖြစ် စာရင်းဝင်သွားခဲ့လေပြီ။

မကြာမီ တပ်မတော်က အာဏာသိမ်းလိုက်၏။ ထိုညတွင်ပင် သူ့အိမ် လောင်ချာစာမိခဲ့ခြင်းဖြစ်၏။

ယခုအကြိမ်တွင်လည်း သေတွင်းမှ လွတ်လာခဲ့ပါသည်။

ထိုသို့နှင့် ဒုတိယအကြိမ်တောခိုဖို့ရန် ဖြစ်လာပါတော့သည်။ ပူပူနွေးနွေး စစ်အစိုးရက ဒေါက်တာမန်းမြင့်ဆိုင်တို့လို တော်လှန်ရေးသမားဟောင်းများကို ပိုက်စိပ်တိုက်ကာ လိုက်ဖမ်းခဲ့သည်။

ထို့ကြောင့် အိန္ဒိယသို့ ထွက်ရန်ဆုံးဖြတ်သည်။ ကလေးအထိ ကားစီးပြီးနောက် အိန္ဒိယနယ်စပ် မိုးရေးမြို့သို့ ရောက်ရှိသည်။

မြန်မာပြည်မှရောက်လာသည့် မြန်မာကျောင်းသားများနေထိုင်ရန် အိန္ဒိယအစိုးရက မဏိပူရပြည်နယ်တွင် လေခွန်း စခန်း၊ မီဇိုရမ်ပြည်နယ်တွင် ကျန်စိုင်းစခန်းများ ဖွင့်လှစ်ပေးခဲ့သည်။

အိန္ဒိယအစိုးရက ဒုက္ခသည်စခန်းဟု သတ်မှတ်သော်လည်း မြန်မာကျောင်းသားများက တော်လှန်ရေးစခန်းဟုသာ ခံယူခဲ့သည်။ ထိုစခန်းတွင် တော်လှန်ရေးအတွေ့ အကြုံများစွာရှိခဲ့သော ဒေါက်တာ မန်းမြင့်ဆိုင်က ခေါင်းဆောင်ဖြစ်လာခဲ့သည်။

မဏိပူရ လေခွန်းစခန်းသည် အခက်အခဲအမျိုးမျိုးကြားမှ ၁၉၈၉ ခုနှစ်တွင် အိန္ဒိယစစ်တပ်၏ဘေး တောင်ကုန်းပေါ်တွင် သီးသန့်နေခွင့်ရသည့် စခန်းကြီးတစ်ခုဖြစ်လာပြီး အင်အားအများဆုံး ဖြစ်လာခဲ့၏။

မြန်မာ့ဒီမိုကရက်တစ်တပ်ဦး (BDGF) ဟု အမည်ပေးဖွဲ့စည်းခဲ့ကြပြီး တပ်ခွဲ၊ တပ်စု၊ တပ်စိတ်များစုဖွဲ့ကာ အခြေခံစစ်သင်တန်း၊ နိုင်ငံရေးသင်တန်း၊ ပြောက်ကျားသင်တန်းများပေးခဲ့သည်။

ထိုင်း- မြန်မာနယ်စပ် မာနယ်ပလောတွင် ဒီမိုကရက်တစ်တပ်ပေါင်းစု DAB တပ်ပေါင်းစုဖွဲ့စည်းလိုက်သည်။ ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် DAB ၏ အစည်းအဝေးကို တက်ရောက်ရန်အတွက် ဒေါက်တာမန်းမြင့်ဆိုင်ကို အိန္ဒိယထောက်လှမ်းရေးက ခေါ်တွေ့သည်။

“တကယ်က အိန္ဒိယအစိုးရက ကိုယ့်ကို လူမွေးတာပဲ။ ထိုင်းသွားတယ်ဆိုတာလည်း အစည်းအဝေးတက်ဖို့ရယ်၊ နောက်တစ်ခုက မြန်မာတော်လှန်ရေးအင်အားစုတွေနဲ့ပတ်သက်လို့ အိန္ဒိယက သူတို့အစီအစဉ်တွေ၊ ရပ်တည်မှုတွေရယ်ကို ပြောပြပေးဖို့ သွားခိုင်းတာပါ။ သူတို့က သူတို့အစိုးရကို ကူညီပေးရင် နောက်ပိုင်း အမြဲတမ်းနေထိုင်ခွင့်ပေးမယ်။ ဆေးကုခွင့်ပေးမယ်။ အခွင့်အရေးတွေပေးမယ်ပေါ့။ ကိုယ်လည်း စဉ်းစားဦးမယ်ဆိုပြီး … သူတို့ပထမစီစဉ်တဲ့အတိုင်း ထိုင်းကို သူတို့ပေးတဲ့ပတ်စ်ပို့နဲ့ ထွက်လာခဲ့လိုက်တယ်”

ထိုင်းနိုင်ငံသို့ရောက်ပြီး အစည်းအဝေးတက်နေစဉ် ပြဿနာတစ်ခုနှင့်ကြုံရသည်။ နိုင်ငံရေးသမားအချို့၏စနက်ကြောင့် သူ၏အိန္ဒိယပတ်စ်ပို့ ဆုံးရှုံးခဲ့သည်။ ဒေါက်တာမန်းမြင့်ဆိုင်သည် နိုင်ငံရေးကို စိတ်ကုန်ခဲ့သည်။

ထိုအချိန်တွင် ပြည်တွင်းရှိ ထိုင်းနိုင်ငံသူ ဇနီးနှင့် သားသုံးဦးမှာလည်း ဗိုလ်ချုပ်စောကြာဒိုး၏ အကူအညီပေးမှုကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။

နောက်ဆုံးတွင် ဒေါက်တာမန်းမြင့်ဆိုင်သည် တတိယနိုင်ငံသို့ ထွက်ခွာရန် ဆုံးဖြတ်လိုက်တော့၏။

တစ်ချိန်က ဒေါက်တာမန်းမြင့်ဆိုင်သည် အမေရိကန်ပြည်ထောင်စု မူးယစ်တိုက်ဖျက်ရေးအေဂျင်စီကို အကူအညီပေးခဲ့ဖူးသဖြင့် အမေရိကန်က ဒေါက်တာမန်းမြင့်ဆိုင်ကို ခြောက်လအတွင်း ခိုလှုံခွင့်ပေးသည်။

မြန်မာပြည်မှ ဆရာဝန်ဘွဲ့ရခဲ့သော တိုက်ခိုက်ရေးသမားကြီးသည် အမေရိကန်သို့ရောက်ပြီးနောက် မိသားစုစားဝတ်နေရေးအတွက် စားသောက်ဆိုင်တွင် ပန်းကန်ဆေးရသည်။ ကြမ်းတိုက်ရသည်။ အိမ်သာတိုက်ရသည်။

ဇနီးဖြစ်သူကလည်း ထိုင်းမှူးမတ်မျိုးရိုးမှ ဆင်းသက်လာသူ။ ပညာတတ်။ စီးပွားရေးဘွဲ့ရ။ သူဌေးသမီး။ သူမကလည်း ရရာအလုပ် ရှာလုပ်ရသည်။

ကင်တက်ကီပြည်နယ်တွင် သူတို့မိသားစုဘ၀ကို အသစ်ပြန်စခဲ့ကြ၏။

နောက်ပိုင်းတွင် ဒေါက်တာမန်းမြင့်ဆိုင်သည် ကားအရောင်းဆိုင်တစ်ခုတွင် အရောင်းဝန်ထမ်းဝင်လုပ်သည်။ တစ်လလျှင် ကားအစီးနှစ်ဆယ်အထိ ရောင်းရသည်အထိ အောင်မြင်လာသည်။ တစ်လ ဒေါ်လာနှစ်သောင်းကျော်ရလာသည်။

ယင်းမှအစပြုကာ ထိုင်းစားသောက်ဆိုင်လေးတစ်ခု ထူထောင်ခဲ့ကြသည်။

ယခုအခါ ဒေါက်တာမန်းမြင့်ဆိုင်၏ သားဖြစ်သူမှာ အမေရိကန်မရိန်းတပ်တွင် တာဝန်ထမ်းဆောင်ပြီးနောက် တပ်မှထွက်ကာ ထိုင်းစားသောက်ဆိုင်ကို တိုးချဲ့ဖွင့်လှစ်သည်။

ဒေါက်တာမန်းမြင့်ဆိုင်တို့မိသားစုပိုင်ဆိုင်သည့် Simply Thai စားသောက်ဆိုင်သည် မိုဟာမက်အလီ၊ တွမ်ခရုတို့၏ ဇာတိမြို့လေးဖြစ်သော Wagner တွင် အအောင်မြင်ဆုံးနှင့် အကြီးဆုံး ထိုင်းစားသောက်ဆိုင် ဖြစ်လာခဲ့သည်။

ဆရာဝန်၊ တော်လှန်ရေးတပ်မှူးကြီးသည် ယခုတော့ အမေရိကန်တွင် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် နေထိုင်နေ၏။

မကြာခင်ကပင် နှလုံးရောဂါဖြင့် ဆေးရုံတင်ခဲ့ရပြီးနောက် ခွဲစိတ်မှုပြုလုပ်ကာ နှလုံးခွဲစိတ်ခဲ့ရသည်။ ခွဲစိတ်မှုအောင်မြင်သော်လည်း နောက်တစ်ရက်အကြာတွင် မိနစ်နှစ်ဆယ်ကျော်ကြာ အသက်ရှူရပ်သွားခဲ့၏။

သို့သော် … သေတွင်းက လက်မခံ။ မိနစ်နှစ်ဆယ်ကျော်ကြာတွင် သေမင်းနှင့်တိုက်ပွဲမှ သူပြန်လာနိုင်ခဲ့သည်။

ယခုတော့ မြန်မာနိုင်ငံသို့ ခေတ္တပြန်လာပြီး လူမှုရေးလုပ်ငန်းများစွာဖြင့် ကူညီပေးခဲ့သည်။

သမိုင်းတစ်ထောက်ကွက်လပ်ကို လာဖြည့်ပေးခဲ့လေသည်။

ခက်ဇော်
Credit to The voice journal

No comments:

Post a Comment