Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 22, 2018

အခုတလော ဒေါ်အောင်ဆန်းစုကြည်ရဲ့အပြုအမူတွေကို မကျေနပ်ကြတဲ့သူတွေအကြောင်း အဘွားနဲ့ဆွေးနွေးဖြစ်တယ်...


အခုတလော ဒေါ်အောင်ဆန်းစုကြည်ရဲ့အပြုအမူတွေကို မကျေနပ်ကြတဲ့သူတွေအကြောင်း အဘွားနဲ့ဆွေးနွေးဖြစ်တယ်...

အဘွားကတော့ စကားပြောတာပြတ်တယ်...ဝေဖန်နေတဲ့သူတွေအကြောင်း ခေါင်းထဲမထည့်နဲ့တဲ့...ဝေဖန်စရာဖြစ်နေအောင်ကို ဒေါ်အောင်ဆန်းစုကြည်က လုပ်ထားတာတဲ့...နိုင်ငံရေးဆိုတာ ဝေဖန်စရာလည်းဖြစ်နေမှလည်း ပြည်သူတွေဟာ နိုင်ငံရေးကိုစိတ်ဝင်စားရကောင်းမှန်းသိမှာပေါ့တဲ့...ဝေဖန်စရာဘာမှမရှိအောင် အစစအရာရာအဆင်ပြေချောမွေ့နေရင် ဘယ်သူက နိုင်ငံရေးကိုစိတ်ဝင်စားပါ့မလဲတဲ့...

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူနဲ့အတူလို့သာပြောနေပေမယ့် တပ်မတော်နဲ့အတူလုပ်ဆောင်နေမှုက ပိုများနေတယ်လို့ ကိုယ်က ပြောပြတော့

ဒါကတော့ နိုင်ငံရေးအခြေအနေ ဒီလောက်အထိအဆင့်မြင့်တိုးတက်လာဖို့ တပ်မတော်နဲ့တွေ့ဆုံဆွေးနွေးမှုတွေရှိနေခဲ့လို့ပေါ့ဟဲ့...ဒေါ်အောင်ဆန်းစုကြည်ဟာ နင်တို့မမွေးခင်ကတည်းက တပ်မတော်နဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုနေခဲ့တာ...ဦးခင်ညွန့်တန်ခိုးထွားတုန်းကလည်း ပူးပေါင်းလုပ်ဆောင်ကြဖို့ ကမ်းလှမ်းခဲ့သေးတယ်...ဦးခင်ညွန့်ကော ဦးသန်းရွှေကောနဲ့ သုံးပွင့်ဆိုင်ဆွေးနွေးမှုတွေ လုပ်ခဲ့ကြသေးတယ်...

ဦးခင်ညွန့်မရှိတော့တဲ့နောက်ပိုင်းမှာလည်း တပ်မတော်ထိပ်ပိုင်းက ဘယ်သူနဲ့မဆို တွေ့ဆုံဆွေးနွေးမှုတွေ ပြုခဲ့ရတယ်...ဦးအောင်ကြည်ကိုပဲကြည့်ပါအုံး...ဘယ်လောက်တောင် သနားစရာကောင်းလဲ...ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးသန်းရွှေရဲ့ကောငးမှုနဲ့ သူ့ခဗျာ တစ်ခေါင်းလုံးဖြူသွားရရှာတာ...ဦးအောင်ကြည်နဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတဲ့အကြိမ်ပေါင်းက နင့်အသက်ထက်မကဘူးဟဲ့...သူတို့တွေ ဘာတွေပြောကြမယ်လို့ထင်လဲ...

အာဏာရှင်တွေဟာ သူတို့ရထားတဲ့အခွင့်အရေးတွေကို အလွယ်လေးနဲ့လက်လျှော့မယ်ထင်လား...ဒီလောက်အကြိမ်တွေအများကြီး စကားပြောနေရတာ ဘယ်လောက်ဒုက္ခများလိုက်မလဲ...တောင်းဆိုစရာတွေ လိုက်လျောရမှာတွေ ဘယ်လောက်တောင်များနေလိုက်မလဲ...အကြိမ်ရေများနေတယ်ဆိုတာဟာ အလျော့အတင်းတွေအရမ်းများလို့ ရောင်းသူဝယ်သူ အသံမတူကြတဲ့သဘောပေါ့...

ဒီကြားထဲ လုံးဝမတွေ့ဆုံဖြစ်တော့ပဲ ရပ်တန့်သွားခဲ့ရတဲ့ရက်ပေါင်းလည်း မနည်းမနောပဲလေ...ဒီလိုမျိုးတွေ့ဆုံမှုတွေရပ်တန့်သွားအောင် ဒေါ်အောင်ဆန်းစုကြည်က လုပ်မယ်ထင်လား...သူက တွေ့ဆုံချင်လွန်းလို့ တကူးတကတောင်းဆိုထားရတာလေ...အကြာကြီးမတွေ့ဆုံဖြစ်ပဲ ပစ်ထားရင် တိုင်းပြည်တိုးတက်ဖို့အရေးပိုနှောင့်နှေးမှာစိုးလို့ တဖက်ကစစ်ဘီလူးတွေတောင်းဆိုသမျှကို ခေါင်းညှိတ်လိုက်ရတာတွေမရှိနိုင်ဘူးလို့ပြောနိုင်လား...

ဦးအောင်ကြည်နဲ့တွေ့ဆုံပြီးတော့ ဦးရွှေမန်းနဲ့ ဆက်ဆွေးနွေးရတယ်...ဦးရွှေမန်းကလည်း သမ္မတဖြစ်ချင်ပါတယ်လို့ မြန်မာပြည်မှာရော တစ်ကမ္ဘာလုံးကိုပတ်ပြီးတော့ရော အသံကျယ်ကျယ်နဲ့အော်ပြောနေတဲ့သူ...သူ့ဘက်ကရော ဘာမှတောင်းဆိုမှုမပြုဘဲ မြန်မာပြည်ကို ဒေါ်အောင်ဆန်းစုကြည်လက်ထဲ ဝကွက်အပ်လိုက်မယ်ထင်နေလား...

နောက်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖိုးလပြည့်နဲ့တောင်ဆွေးနွေးခဲ့ရသေးလို့ သမိုင်းဝင်တာတွေ လှည်းတန်းဝင်တာတွေဖြစ်သွားသေးတယ်မဟုတ်လား...ဒီနေရာမှာ ဖိုးလပြည့်နဲ့ဆွေးနွေးခဲ့ရသေးတယ်ဆိုတာဟာ ဦးသန်းရွှေနဲ့ဆွေးနွေးခဲ့ရတယ်လို့အဓိပ္ပါယ်မသက်ရောက်ဘူး...

ဖိုးလပြည့်နဲ့ဆွေးနွေးခဲ့ရတယ်ဆိုတာဟာ ဒေါ်ကြိုင်ကြိုင်နဲ့ဆွေးနွေးရတာ သမီးတော်တွေနဲ့ဆွေးနွေးရတာ...ဦးသန်းရွှေဟာ သဘောထားတင်းမာသူမို့လို့ ဆွေးနွေးရခက်မယ်ဆိုရင် သူ့သွေးတွေနဲ့အသက်ရှင်နေတဲ့သမီးတော်တွေဟာ ဘယ်လောက်တောင်ဆွေးနွေးရခက်မလဲဆိုတာ ဦးနှောက်နည်းနည်းလေးရှိရင် စဉ်းစားလို့ရပြီ...

ဦးအောင်ကြည်နဲ့တွေ့ဆုံတုန်းက လိုက်လျောခဲ့ရတာတွေ...ဦးရွှေမန်းနဲ့တွေ့ဆုံတော့ အလျှော့ပေးခဲ့ရတာတွေ...ဖိုးလပြည့်ကို ကိုယ်စားလှယ်လွှတ်ပြီး သူတို့တောင်းဆိုသမျှ ခေါင်းညှိတ်ခဲ့ရတာတွေအားလုံးကိုပေါင်းလိုက်ရင် ဒေါ်အောင်ဆန်းစုကြည် လက်ရှိအခြေအနေမှာ တပ်မတော်နဲ့အတူဖြစ်နေတာဟာ အံ့သြစရာဘာမှမရှိဘူး...

နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရူးတွေလို ကလိမ်ကကျစ်ကလည်းမတတ် အာဏာမရခင်နဲ့အာဏာရပြီး ဗလောင်းဗလဲလုပ်ရတာမျိုးတွေကိုလည်း ရှက်တတ်တဲ့သူဆိုတော့ သူ ပေးထားပြီးသားကတိတွေကို တည်အောင်လုပ်မှာ...ပြည်သူတွေဘဝတိုးတက်မြင့်မားဖို့အရေးကိုပဲရှေးရှုပြီး ကျန်တဲ့ပြဿနာတွေအားလုံးကို သူချည်းတာဝန်ခံမယ့်သူ...

နောက်တစ်ချက်က သူ အသက်ကြီးနေပြီ...လုပ်ပေးဖို့အချိန်သိပ်မကျန်တော့ဘူးဆိုတဲ့ စိုးရိမ်ပူပန်မှုလည်းရှိနေမှာပဲ...ဒီစိုးရိမ်ပူပန်မှုကြောင့် အာဏာရှင်တွေနဲ့ ပြဿနာဖြစ်ပြီးသဘောထားတင်းမာနေအောင်ပြုလုပ်ထားမှုတွေကို အတတ်နိုင်ဆုံးလျှော့ချပြီး လိုက်လျောနိုင်သမျှလိုက်လျောနေတာ...အချိန်ထပ်မဆွဲချင်တော့ဘူးလေ...သူ မရှိတော့တဲ့အခါ အခြေအနေဆိုးတွေကျန်မနေခဲ့အောင် လုပ်ပေးနိုင်သမျှလုပ်ပေးခဲ့ချင်တာနေမှာပေါ့...

နောက်ပြီး သူ့လက်ထဲမှာ ဗဟိုချုပ်ကိုင်မှုတွေသိပ်များနေတယ်လို့ဝေဖန်နေကြတယ်...သူ ချုပ်မကိုင်ဘဲ တပါးသူတွေကို လွှဲပေးနေတော့လည်း လုပ်ဆောင်ချက်ရလဒ်တွေမကောင်းလို့ သောက်သုံးမကျဘူးဆိုပြီး ဝေဖန်ကြတယ်...ချုပ်ကိုင်တော့လည်းချုပ်ကိုင်လို့ဆိုပြီး မကောင်းပြောကြတယ်...နင့်တို့ဟာတွေကလည်း ဘယ်ဘက်မှမလွတ်ပါလား...

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ကိုမနိုင်ဘူးလို့ပြောနေတဲ့သူတွေကို မေးလိုက် နင်တို့မယားတွေကို နင်တို့နိုင်လားလို့...

ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေကို ကောင်းစွာမထိန်းချုပ်နိုင်ဘူးဆိုတဲ့သူတွေကိုမေးလိုက် နင်တို့မယားတွေကို နင်တို့ကောင်းစွာထိန်းချုပ်နိုင်လားလို့...

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်နဲ့ပူးပေါင်းပြီးနိုင်ငံတကာကို လိမ်ညာနေတယ်လို့စွပ်စွဲနေသူတွေကိုပြောလိုက် နင်တို့လည်းသောက်သုံးမကျတဲ့နင်တို့မယားတွေနဲ့ပေါင်းပြီး တလောကလုံးကိုလိမ်ညာနေကြတာပဲမဟုတ်လားလို့...

နောက်ဆုံးအနေနဲ့ နင်တို့မယားတွေသောက်သုံးမကျလို့ နင်တို့လင်မယားတွေကွဲပြဲကြလို့ရတယ်...ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်တပ်နဲ့ကွဲပြဲလို့မရဘူးလို့...

ကိုယ့်အိမ်ထောင်မှာတောင် မယားတစ်ယောက်ကို ဘယ်လိုထိန်းသိမ်းရမှန်းမသိသူတွေဟာ နိုင်ငံရေးမှာဒေါ်အောင်ဆန်းစုကြည် စစ်တပ်ကိုမထိန်းသိမ်းနိုင်တာကို ဝေဖန်ဖို့အဆင့်မမှီသေးဘူးဟဲ့လို့

စကားတွေအများကြီးကို မရပ်မနားပြောကြားပြီး အေးသွားတဲ့ရေနွှေးကြမ်းတွေကို တဂွတ်ဂွတ်မော့သောက်နေလေရဲ့...

အဘွားတော်တော်မောသွားပြီ...နိုင်ငံရေးအကြောင်းတွေပြောရင် အဘွားကအဲ့လိုပဲ...သူ့အသက် ၈၀ ကျော်မှာ အာဏာရူးတွေလက်အောက် အနှစ် ၆၀ လောက်နေခဲ့ရဖူးတော့ နာလုံးတွေသိပ်များလွန်းလို့ ဒေါသတွေကထိန်းမရသိမ်းမရထွက်လာနေတော့တာ...
Kyaw Lwin
 🌻🌹🌻🌹🌻🌹🌻🌹🌻🌹🌻🌹🌻

No comments:

Post a Comment