Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 25, 2018

ဒေါင်း အက်ဆေး


.
ဆယ်စုနှစ်ကို လှည့်ကြည့်လိုက်တယ်ဆိုရင်ပဲ အောင်ပြီ အောင်ပြီ အောင်ပြီ ဆိုပြီး နေပြည်တော်ကို ထွက်သွားခဲ့ကြတဲ့ ဟာသကားဟာ တက်လာ။ ဘယ်သူမှ မရယ်နိုင်တဲ့ ဟာသကားပါ။ ကလိအထိုးခံရတာ အသားနာတာပဲ အဖတ်တင်တယ်လို့ တွေးကိုယူရတဲ့ ဟာသကားမျိုး။ အဲဒီခေတ်က ကဗျာတွေ စာတွေ လေထန်ကုန်း ပန်းဆိုးတန်းသွားဆဲ ခေတ်။ အဲသလို ခေတ်မှာ အပွင့်တွေ၊ အခက်တွေ၊ အဘတွေဟာ ဘယ်သူမှပေးမသွားသေးတဲ့ လမ်းကနေ ကားအသီးသီးနဲ့ မိုင် ၂၀၀ ခရီးကို ချီတက်သွားတယ်။ ရန်တွေ မကုန်သေးလို့ ယူဆထားတဲ့ ရန်ကုန်ကို လက်လွတ်စပယ် စွန့်ခွာ ပစ်ချ။ ဥမင်ကို မင်တဲ့ မြေကြွက်ကြီးဟာ ဒေါင်းတွေကို အမွေးချွတ်ချင်။ ကျွတ်ကျဲနေတဲ့ ဒေါင်းတွေဟာ ဒေါင်းတွေ ပြန်မဖြစ်နိုင်သေး။ နာလန်မထနိုင်သေး။ ဒေါင်းတွေဟာ အင်းစိန်မှာ ကျောင်းနေဆဲ။ သာယာဝတီမှာ ကျောင်းနေဆဲ။ မြစ်ကြီးနားမှာ ကျောင်းနေဆဲ။ ဒေါင်းမိသားစုတွေ စိတ်ပျက်ရတဲ့အချိန်။ မျှော်လင့်ချက်ဟာ သုသာန်တစ်စပြင်ကို မေးတင်နေတဲ့ နေလုံးဆည်းဆာ သာသာ။
.

အဲသလိုနဲ့ ဈေးပေါပေါနဲ့ ရိုက်ခဲ့တဲ့ အောက်ကားဟာ ဇာတ်ရှိန်တက်လာတယ်။ ကေတုမတီမျိုးအောင်တွေကတော့ အပိုင်တွက်ထားတာပါပဲ။ ဒီတစ်ပွဲလည်း ပန်ကာလည်နေတဲ့မျက်နှာကြက်အောက်က အိပ်ယာထက်မှာ ငါတို့မင်းမူမှာပဲ။ ငါတို့ဟာ ရိုက်နေကျ အခန်းတွေအတိုင်း မြန်မာပြည်ကို ဖိနပ်မှောက်မယ်။ ပန်းအိုးလဲမယ်။ အရက်မူးမယ်။ အခန်းထဲဝင် မီးလုံးလဲမယ်။ အိပ်ယာခင်းကြေမယ်။ မိုးသဲမယ်။ လျှပ်စီးလက်မယ်။ မိုးကြိုးပစ်မယ်။ အဲသလို ကိုယ့်အကြံနဲ့ကိုယ် အပိုင်တွက်ပြီး ဘီယာထိုင်သောက်နေတုန်းမှာ လက်သန်းတစ်စုရောက်လာတယ်။ ကေတုမတီ မျိုးအောင်က သောက်လိုက်စ ဖန်ခွက်ကို ချပြီး ခါးပတ်ပေါ်လက်တင် ခါးထောက်ထားတဲ့ နှုတ်ခမ်းမွေးနဲ့ လူမိုက်တစ်သိုက်ကို မေးဆတ်ပြလိုက်တယ်။ လက်မရွံ့သားတွေ ကုတ်အင်္ကျီကိုယ်စီနဲ့ ထွက်သွားတယ်။ ခဏနေတော့ ပြန်ရောက်လာတယ်။ ရတယ်ဆရာ အေးဆေး ဆက်သောက်ပါတဲ့။ ဒါပေမယ့် ခဏနေတော့ လက်သန်း နောက်တစ်စု ထပ်ရောက်လာတယ်။ ခဏနေတော့ စင်ကာပူက လက်သန်းတွေ ရောက်လာတယ်။ လက်သန်းတွေ မူးလဲတယ်။ လက်သန်းတွေ မျက်ရည်ကျတယ်။ လက်သန်းတွေ ကြက်ဥဝေတယ်။ လက်သန်းတွေ ဝေတဲ့ကြက်ဥဟာ ဆားပါ ပါတယ်။ လက်သန်းတွေ ၀ိုင်းချီးကျူးကြတယ်။ လက်သန်းတွေ အားတက်တယ်။ ခဏနေတော့ ကိုးရီးယားက လက်သန်းတွေ ရောက်လာတယ်။ ခဏနေတော့ ယိုးဒယားက လက်သန်းတွေ ရောက်လာတယ်။ လက်သန်းတွေ လမ်းဘေးကို ရောက်လာ။ ပန်းစီးတွေကိုင်လာ။ ကွင်းတွေထဲကို ရောက်လာ။ လက်သန်းတွေ ဆိုက်ကားစီး။ လက်သန်းတွေ သီချင်းဆို။ လက်သန်းတွေ နိုင်မှ ဖြစ်မယ်။ မမီလိုက်ရ မရှိရလေအောင် အားလုံးလိုက်ပါရမယ့် နောက်ဆုံးရထားပေါ် တက်ကြဟေ့။ လက်သန်းတွေ ဟစ်ကြွေး။ လက်သန်းတွေ သင်္ကန်းကျွန်း မြို့ဦးစေတီကို ရောက်လာ။ အဲသလို လက်သန်းတွေ လှုပ်ရှားတက်ကြွနေတဲ့အကြောင်း ဖေ့စ်ဘုတ်ကို ရောက်တယ်။ လက်သန်းတွေ ဖေ့စ်ဘုတ်ကို ရောက်လာတဲ့ အချိန်မှာ ဖေ့စဘုတ်ဟာလည်း လက်သန်းတွေဆီကို ရောက်တယ်။ လက်သန်းတွေဟာ လက်သန်းတွေအားလုံးကို မနက်အစောကြီး မဲရုံရှေ့ခေါ်သွားတယ်။ လက်သန်းတွေ တန်းစီတယ်။ ပယ်မဲကို ဘယ်လိုကာကွယ်ရမလဲဆိုတာ လက်သန်းကို လက်သန်းက သင်တန်းပေးပြီးသား။ မဲရုံမှာ မီးပျက်တယ်။ မဲပုံးကို ရင်ဘတ်နဲ့ ဖိပြီး လက်သန်းက အုပ်ထားတယ်။ လက်သန်းဟာ မဲရေတာကို စောင့်ကြည့်တယ်။
.

တကယ်တော့ လက်သန်းဟာ လက်ချောင်းတွေထဲမှာ အားအနည်းဆုံးလက်ချောင်း။ နှစ် ၆၀ လုံးလုံး ထောင်ထားတဲ့ လက်မထက် အားနည်းတယ်။ အသင့်အနေအထားနဲ့ သေနတ် ခလုတ်ပေါ်တင်ထားတဲ့ လက်ညှိုးထက် အားနည်းတယ်။ မသမာမှု၊ ခိုးမှု၊ အကျင့်ပျက်မှု၊ လာဘ်စားမှု လက်စွပ်ကို ၀တ်ထားတဲ့ လက်သန်းကြွယ်ထက် အားနည်းတယ်။ ဒါပေမယ့် လက်သန်းဟာ နယ်လှည့်ပါးရိုက်တာကို မုန်းတယ်။ ၂၀၀၀ နဲ့ လောက်အောင် သုံးခိုင်းတာကို နာတယ်။ ဖယောင်းတိုင်ထွန်းခိုင်းတာကို ချဉ်တယ်။ လမ်းတစ်ခြမ်းခင်းတာကို ရွံတယ်။ ကြိုတင်မဲကို အော့တယ်။ အနှစ်နှစ်အလလ ပြောင်းလဲချင်နေတဲ့ လက်သန်းဟာ အဆုံးသတ်မှာ ကေတုမတီ မျိုးအောင်ကို လက်ခလယ် ထောင်ပြနိုင်ခဲ့တယ်။ ဘယ်သူမှထင်မထားတဲ့ လက်လုပ်လက်စား ပေစုတ်စုတ် လက်သန်းဟာ မြန်မာ့သမိုင်းစာအုပ်အသစ်ကို ဆွဲလှန်ပစ်လိုက်တယ်။ လက်သန်းဟာ မင်ပေသွားတာနဲ့ တစ်ပြိုင်နက် ရုတ်တရက် ပါဝါရတဲ့ စူပါဟီးရိုး ဖြစ်လာတယ်။ ဘာပြောကောင်းမလဲ။ သတိပြန်ရတဲ့ အချိန်မှာ ကေတုမတီ မျိုးအောင်တွေ မျက်နှာမှာ အညိုအမည်းတွေနဲ့။ အဆီပြန်နေခဲ့တဲ့ မျက်နှာဟာ ဖူးယောင်ပေါက်ကွဲ။ ဒါပေမယ့် ကေတုမတီ မျိုးအောင်တွေဟာ အရှက်မရှိဘူး။ အရှက်မရှိသလို သူ့မျက်လုံးမှာ မျက်ကြည်လွှာလည်း မရှိ။ မောဟ ရေတိမ်ပဲ ရှိတယ်။ သူ့နှလုံးသားထဲမှာ သူ့ဂိုဏ်းသားပဲ ရှိတယ်။ အဆုံးထိ မိုက်မယ့် သဘောရှိတဲ့ ကေတုမတီ မျိုးအောင် ဖြစ်ပါတယ်။ အိမ်ပေါ်က ဆင်းခါနီး အိမ်ကို မီးရှို့ဖို့ ကြံတဲ့ ပထွေးလို ကေတုမတီ မျိုးအောင်ဟာ အိမ်ကောင်းစားရေးထက် ဒင်းတို့အလှည့်ကျ ငါတို့ ဝေဖန်မယ်ဆိုတဲ့ စိတ်နဲ့ စောင့်နေတယ်။ အိမ်ကောင်းစား၊ မကောင်းစားတာ အရေးမကြီး။ အသစ်ရောက်လာတဲ့ အိမ်ထောင်ဦးစီး ဒုက္ခရောက်ရေးသာ အရေးကြီးတယ်။ အိမ်ထောင်စုတစ်ခုလုံး ဘာဖြစ်ဖြစ် အသစ်ရောက်လာတဲ့ကောင် ဒုက္ခရောက်ရင် ပြီးရော ဆိုတာမျိုး။ ဒုက္ခရောက်တဲ့အချိန်ကျမှ အခုတော့ ဒင်းတို့ သိပြီမဟုတ်လားဆိုတဲ့ မျက်နှာပေးနဲ့ အိမ်ရှေ့ကို ခေါက်တုန့်ခေါက်ပြန် လျှောက်ဖို့ ကြံစည်အကွက်ချတုန်း။ အိမ်သားတွေကိုလည်း မင်းတို့ မယုံနဲ့လို့ သွေးခွဲဖို့ အားခဲတုန်း။ အလိုမတူဘဲ အားရပါးရ အပြန်ပြန်အလှန်လှန် ခြင်ထောင်ထဲ ၀င်ခဲ့ပြီးမှ သမီးကို ဦးက တစ်ကယ်ချစ်ခဲ့တာပါ လုပ်ချင်တုန်း။ ဒါပေမယ့် သိပ်တော့ စိတ်မပူဘူး။ သမီးကလည်း ဦးအချစ်ကို သဘောပေါက်လောက်ပြီ ထင်တာပဲ။ ဒီလောက်မှ မပေါက်လည်း သမီးထိုက်နဲ့ သမီးကံပဲ သမီးရေ။
.

ဒေါင်းအကြောင်း ရေးတဲ့စာ ဆိုတော့ ဒေါင်းဘက် ပြန်လှည့်မယ်။ နေပြည်တော်ကို ဘောင်းဘီတွေ၊ ဘောင်းဘီချွတ်ထားတဲ့ စတစ်ကော်လာ တွေပဲ သွားတဲ့ခေတ်ကနေ ပင်နီတွေ အလုံးနဲ့ အရင်းနဲ့ သွားတဲ့ခေတ် ရောက်လာတယ်။ နေပြည်တော်ကို ပင်နီတွေ ရောက်လာတာကို လက်သန်းတွေက ကြိုက်တယ်။ ဒါပေမယ့် နေပြည်တော်က ပင်နီဖြစ်မလာဘဲ ပင်နီတွေ ကိုယ်တိုင်က နေပြည်တော် ပြန်ဖြစ်သွားမှာကို စိုးတယ်။ လက်သန်းတွေဟာ ဒေါင်းတွေကို အားရနေရာကနေ အမွေးဖွာနေတဲ့ ဒေါင်းတစ်ချို့ကို တွေ့တယ်။ စာရွက်အတုကို ချပြတဲ့ ဒေါင်းတစ်ချို့ကို တွေ့တယ်။ ဒေါင်းတွေဟာ မဖြစ်မနေ ၂ ခုရှိရမယ်။ မဖြစ်ဖြစ်တဲ့ နည်းနဲ့ကို အဲဒီ ၂ ခုကို ထိန်းထားရမယ်။ ဒေါင်းတွေဟာ တစ်ကယ် ရိုးသားရမယ်။ ဒေါင်းတွေဟာ တစ်ကယ် ကြိုးစားရမယ်။ ဒေါင်းတွေမှာ အဲဒါမရှိရင် ဒေါင်းမဟုတ်တော့ဘူး။ ဒုတိယ ကေတုမတီမျိုးအောင် သာလျှင် ဖြစ်မယ်။ ပြောင်းလဲချိန်တန်ပြီကနေ ပြောင်းဆဲချိန် တန်ပြီ ဖြစ်သွားမယ်။
.
ဒေါင်းကို ချစ်လို့ ဒေါင်းစာရေးတယ်။ ဒေါင်းတွေ က ပါ။ တစ်ကယ်ကရမယ့် အချိန်ရောက်ပြီမို့ ကပါ။ တစ်ကမ္ဘာလုံးက အံ့သြသွားရအောင်၊ ကေတုမတီမျိုးအောင်ဒဏ်ကို ခံနေရတဲ့ တိုင်းပြည်တွေက စံနမူနာယူရအောင် လှလှပပ ၀ံ့ဝံ့ကြွားကြွားကပါ။ D ရေလှိုင်းအတက်၊ D လှေအထွက်မှာ အားရပါးရ ကြိုးကြိုးစားစား ရိုးရိုးသားသား ကပစ်လိုက်စမ်းပါ။ စောင့်စားခဲ့ရတဲ့ D ကမ်းခြေမှာ ရောက်ရှိဆုံတွေ့နိုင်ဖို့ရာ ဒေါင်း သတိရှိပါ။ ဒေါင်း အသိ ရှိပါ။ မမေ့ပါနဲ့။ တလူလူလွင့်နေတဲ့ အလံပေါ်က ဒေါင်းလှမ်းဆွတ်နေတဲ့ ကြယ်ဟာ အဖြူရောင် …………
ထက်နေလင်းဦး
https://www.facebook.com/htetnlo/posts/10153487646441409

No comments:

Post a Comment