Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 15, 2017

" FREEDOM FROM ESOPHAGEAL CANCER "




" FREEDOM FROM ESOPHAGEAL CANCER "

ဒီဇင်ဘာလ ၁၃ ရက်နေ့ဟာ ကျွန်တော့်အတွက် ဝမ်းမြောက်စရာနေ့ထူးနေ့ရက်တခုဖြစ်ခဲ့ရပါပြီ ။
၂၀၁၆ ခုနှစ်ဩဂုတ်လ ၂၅ ရက်နေ့မှာ Esophageal Cancerဆိုတဲ့ ၊ လည်ချောင်းပြွန်ကင်ဆာရောဂါအဆင့် ၄ ( Stage 4 ) နဲ့ ၊ စတင်ဆေးရုံတက်ကုသခဲ့ရတဲ့ကျွန်တော်ဟာ Radiation ဓါတ်ကင်ကုသခြင်း ၁၀ ကြိမ် ၊ Chemo Therapy ကီမိုဆေးသွင်းကုသမှု ၃၄ ကြိမ် ပြုလုပ်ခဲ့ရပါတယ် ။
၂၀၁၇ ခု ဩဂုတ်လ ၁၅ ရက်နေ့မှာ PET/CT SCAN  စစ်ဆေးမှုနဲ့တကြိမ် ၊ ပြီးခဲ့တဲ့တပါတ် ဒီဇင်ဘာ၈ရက်နေ့မှာ CT- SCAN နဲ့ Finalized ထပ်မံစစ်ဆေးမှုတကြိမ်ပြုလုပ်အပြီး စစ်ဆေးတွေ့ရှိချက်တွေကို ကျွန်တော့်ရဲ့ Oncology Doctor , ကင်ဆာအထူးကုဆရာဝန်ကြီးဖြစ်တဲ့ WILLIAM F RYAN, MD က ၊ ဒီနေ့မှာ ခေါ်ယူတွေ့ဆုံရှင်းလင်းပြောကြားခဲ့ပါတယ် ။
လည်ချောင်းပြွန်တွေမှာအသက်ရှူလို့မရအောင်ပိတ်ဆို့သွားခဲ့တဲ့ ကင်ဆာဆဲလ်တွေဟာ ခုနောက်ဆုံးစစ်ဆေးမှုတွေအရ လုံးဝ ပပျောက်ကင်းစင်သွားပြီဖြစ်တယ်ဆိုတဲ့ အထူးဝမ်းမြောက်စရာသတင်းကောင်းကို ပြောပြပါတယ် ၊ ခင်ဗျားအတွက်နဲ့ကျွန်တော်တို့အတွက် အကောင်းဆုံး ခရစ်စမတ်လက်ဆောင်တခုဖြစ်ခဲ့ရပါပြီလို့လဲ အထူးကုဆရာဝန်ကြီးက ဆိုပါတယ် ။ 
ကျွန်တော့်အတွက်ပိုပြီး အင်မတန်ကုသိုလ်ထူးတဲ့ အင်မတန်ဝမ်းသာစရာကောင်းးတဲ့ သေကံမရောက်သက်မပျောက်သေးတဲ့ အကောင်းဆုံးလက်ဆောင်ထူးကြီးတခုပါပဲ။
ကင်ဆာဆဲလ်တွေပြန့်ပွားခဲ့တဲ့နေရာမှာ ဆဲလ်အကောင်းတွေက အစားထိုးပြန်လည်နေရာယူလာကြပြီလဲဖြစ်တယ်လို့ဆိုပါတယ် ။ 
ဓါတ်ကင်ကုသစဉ်က ဓါတ်ရောင်ခြည်ကြောင့် ကင်ဆာဖြစ်နေတဲ့လည်ချောင်းပြွန်နေရာရဲ့ အနီးဝန်းကျင်မှာ အနည်းငယ်ထိခိုက်ရောင်ခြည်သင့်ခံခဲ့ရတဲ့နေရာတွေမှာလဲ အကောင်းပတိပြန်ဖြစ်ဖို့ နောက်ထပ်ရက်အနည်းငယ်ခန့်ပဲ လိုတော့တယ်ဆိုပါတယ် ၊ အနာရွတ်ကလေးတွေတောင်ပျောက်လုနီးပါးဖြစ်နေပြီး ဆဲလ်အကောင်းတွေပြန်လည်အစားထိုးလာနေပြီဖြစ်ကြောင်းကိုလဲ ကွန်ပြူတာထဲမှာ Pet/T SCAN ရိုက်ကူးစစ်ဆေးထားခဲ့တဲ့ပုံတွေနဲ့တကွ ရှင်းပြခဲ့ပါတယ် ။
ဒီ့အပြင် ကီမိုဆေးအကြိမ်ပေါင်းမြောက်များစွာသွင်းပြီးကုသခံထားရသူမို့ ကီမိုဆေးသွင်းခံရသူတွေဖြစ်လေ့ဖြစ်ထရှိတဲ့ Side Effect ဘေးထွက်ဆိုးကျိုးဖြစ်စေတတ်တဲ့
အသည်း ၊ သရက်ရွက် (Spleen) ၊ ကျောက်ကပ်အနီး အဒရီနယ်ဂလင်းကျိတ်တွေ ၊ တင်ပါးဆုံအရိုးနေရာတွေ နဲ့ အခြားလိုအပ်တဲ့နေရာတွေကိုလဲ အထူးစစ်ဆေးကြည့်ရှုမှုအရ မည်သည့်ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်တာကိုမှ မတွေ့ရှိရဘူးဆိုတဲ့သတင်းကောင်းကိုလဲ တဆက်ထဲ ပြောပြခဲ့ပါတယ် ၊ ကင်ဆာဆဲလ်တွေဖြစ်ပွားခဲ့တဲ့ လည်ချောင်းပြွန်နေရာဟာ မူလအတိုင်းပြန်လည်ကောင်းမွန်လာပြီးလေရှူပေါက်ဟာလဲလုံးဝနီးပါးပြန်ကျယ်လာခဲ့ပြီဖြစ်ပါတယ် ။ 
ရောဂါဖြစ်ပြီလို့ စတင်သိခဲ့ရချိန်မှစ မိမိကိုယ်ကို သေဆုံးသွားခဲ့ပြီလို့သတ်မှတ်ခဲ့ပြီးပြီမို့ ပျောက်ဆုံးသွားခဲ့ပြီလို့ထင်ခဲ့တဲ့ ကျွန်တော့်ရဲ့ အနာဂါတ်ဟာ ဒီနေ့ကစပြီး ပြန်လည်ရှင်သန်လာခဲ့ရပါပြီ ၊ ကိုယ်နဲ့ဘယ်လိုမှ မဆိုင်တော့မဲ့ အဓိပါယ်မဲ့ခဲ့ပြီလို့သတ်မှတ်ခဲ့တဲ့ လောကကြီးဟာ ဒီနေ့မှစ ပြန်လည်သက်ဝင်လှပလာခဲ့ပြီး ကျွန်တော့်ရဲ့ အနာဂါတ်ဟာလဲရောင်ခြည်တွေပြန်လည်တောက်ပလာခဲ့ရပြီလို့ဆိုရပါမယ် ။
ဆေးရုံကဝမ်းမြောက်စွာပြန်လည်ထွက်ခွာလာခဲ့တဲ့ကျွန်တော်ဟာ ဆေးရုံအပြင်ကိုရောက်တာနဲ့ အင်မတန်လှပတဲ့လောကကြီးကိုပြန်လည်ပိုင်ဆိုင်ခွင့် ရရှိလိုက်ပြီလို့လဲ စိတ်မှာလက်တွေ့ခံစားလိုက်ရပါတယ်... တိုက်တိုက်ဆိုင်ဆိုင်ပဲ အရှေ့ဖက်ကောင်းကင်မှာလဲ အင်မတန်လှပတဲ့ရောင်စုံသက်တန့်ကြီးတခုပေါ်ထွက်နေတာကို လူတွေဓါတ်ပုံရိုက်နေကြတာတွေ့ရလို့ ကျွန်တော်လဲ အမှတ်တရ ရိုက်ယူလာခဲ့ပါတယ် ။
ကျွန်တော့်ရဲ့လောကကြီး အရင်အတိုင်းပြန်လည်လှပ အသက်ဝင်လှုပ်ရှားလာခဲ့ရပါပြီ ။
ဘုရားပေးတဲ့ အသက်အဆစ်နဲ့ ကျွန်တော်ဆက်လက်ရှင်သန်နေဦးမည် ...

ကျော်သူရှိန်
ကိုနာကျွန်း
ဟာဝိုင်ယီ






No comments:

Post a Comment