Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 18, 2017

၁၀၀ ကျပ်တန် ငွေစက္ကူကိစ္စ တစည ပါတီ ရှင်းလင်းချက် နှင့် ဒေါက်တာကျော်ဆွေ တစညပါတီသို့ ပြန်ကြားချက်။


ဒေါက်တာကျော်ဆွေ, CEC တစည ပါတီ
၁၉၈၅ နိုဝင်ဘာလ ၃ ရက်နေ့ နံနံက် ၁၁း၁၅ မြန်မာ့အသံမှ အရေးပေါ်ကြေညာချက် ထွက်ပ်ါလာတယ်။ သတင်း ကြေ ညာသူက ဦးကျော်စိုးဦး၊ သတင်းကို ယူလာပေးသူက ပြန် ကြားရေးဝန်ကြီး၊ သတင်းက ချိတ်ပိတ်စာအိပ်၊ စာအိပ်ပေးသူက လမ်းစဉ်ပါတီ ဥက္ကဌကြီး သမ္မတကြီး ဦးနေဝင်း၊ ကြားဖြတ် အရေးပေါ် ကြေညာချက် ဖြစ်၍ တနိုင်ငံလုံး နားစွင့် နေကြ တယ်။ TV ကလည်း တိုက်ရိုက် ထုတ်လွှင့်နေတယ်။
သတင်းကြေညာဖို့ စာအိတ်ဖောက်လိုက်ပြီးချိန်မှာ သတင်း ကြေညာသူဟာ လက်တွေ တုန်နေတယ်။ အသံကလည်း တုန်ရီအက်ကွဲနေတယ်။
အားလုံးကြားလိုက်ရတာကတော့
"၁၀၀ ကျပ်တန် ငွေစက္ကူများကို တရားဝင်ငွေကြေးအဖြစ်မှ ယခုအချိန်မှ စတင်၍ ရပ်ဆိုင်းလိုက် ပါကြောင်း"
တနိုင်ငံလုံး ဟင်၊ ဟာ၊ ကျွတ်၊ တောက် အသံတွေ မိုးမွှန် လျှံထွက်လာတယ်။


တချို့တွေက ငို၊ တချို့တွေက အရူးတပိုင်းဖြစ်၊ တချို့တွေ နှလုံးရပ်ပြီး သေကြ။ အစိုးရ ငွေကြေး လက်ထဲမှာ ထားမိတဲ့ အရာရှိကြီးငယ်တွေလည်း ထိုင်မရ၊ ထမရ နဲ့ပေါ့။
ဒီလောက် ပြည်သူတွေ ထိခိုက် နစ်နာနိုင်မယ့် အရေးကို ဘာကြောင့် ဆောင်ရွက်လိုက်ရကြောင်းကိုတော့ သိသူ နည်းသလို သိအောင်လည်း မလုပ်ခဲ့ကြပါဘူး။ ဒီအချိန်အထိ ဒီအချက်ကို အညှိုးတကြီးထားပြီး တိုက်ခိုက်စရာ အာခီးလီး ဖနောင့်ကြော အဖြစ် မှတ်ယူနေကြဆဲ။
သိသူတွေသေလို့ ကြားသူတွေရှားလာချိန် ဖြစ်လာပြီ။ သမိုင်း အမှားတွေနဲ့ ကျုပ်တို့ လူငယ်တွေ ခရီးဆက်နေကြလို့ မရ တော့။ သမိုင်းအမှားတွေက အမြင်အမှားတွေ မွေးပေးနေပြီး အသိအမှားတွေနဲ့ ခရီးဆက်ကြရင် မြန်မာရာဇဝင် အရိုင်း တွေ ထပ်တိုးပေတော့မည်။ ဒါကြောင့် သိမီသူတွေ ရှာဖွေ မေးမြန်းရင်း ကွက်လပ်ဖြည့် အမှားကို ပြင်ဆင်လိုက်ပါသည်။
၁၉၈၅ ခုနှစ် မြန်မာ့စီးပွားရေးသည် ဆုတ်ယုတ်နေပြီ။ လက်ရှိတခါးပိတ် စီးပွားရေးစနစ်နဲ့ သွားလို့ မရမှန်းသိခဲ့ပြီး စီးပွားရေးစနစ်ပြောင်းလဲရေး အတွက် စီစဉ်ဆောင်ရွက် ခဲ့ကြတယ်။
ဒီအချိန်မှာ မြန်မာတပ်မတော် အတွက် အသုံးစာရိတ်တွေကိုလည်း လျော့ချခဲ့ရတယ်။ ဒါပေမယ့် စစ်ဆင်ရေးကတော့ လျော့မသွားခဲ့ဘူး။ တပ်ရိက္ခာတောင် ပုံမှန် မထောက်နိုင်တဲ့ အခြေအနေအထိ ရင်ဆိုင်လာရပြီ။
ရန်သူ့နယ်မြေရောက် ရှေ့တန်းထွက် တပ်တွေမှာ မီးကျိုး မောင်းပျက်တွေနဲ့ ကျည်မပါတဲ့ ဘက်ကပ်ခွံတွေနဲ့၊ ဟန်သာရှိတော့တဲ့ အခြေအနေ။
ဒီအချိန်မှာ KNU ဟာ တန်ခိုးထွားနေချိန်၊ မြန်မာလည်ပတ် ငွေကြေးရဲ့ ၃၀% ကျော်ဟာ KNU လက်ထဲမှာ ရှိနေခဲ့တယ်။
ငွေမဲမကြေညာမီ လတ်တလောကာလတွင် KNU လက်ထဲမှာ သတ္ထုရိုင်းနှင့် ကျွန်းသစ်ရောင်းရငွေဟာ ကျပ်ငွေ ၇ ဘီလီယန် လောက် အထိ ရှိနေတယ်။ ဒီအထဲမှာ အမြင့်ဆုံးငွေစက္ကူ ၁၀၀ တန်က ၅ ဘီလီယံကျော်ပါဝင်နေတယ်။
ဒီငွေ တွေနဲ့ ထိုင်းစစ်တပ် ကနေတဆင့် အမေရိကန်ထုတ် လက်နက်တွေ ဝယ်ယူဖို့ လုပ်ဆောင်နေတာဟာ ငွေပေး ချေဖို့ အခြေအနေထိ ရောက်နေပြီဖြစ်ကြောင်း ပြည်တွင်း ပြည်ပ ထောက်လှမ်းရေးသတင်းတွေ ရရှိနေပြီ။
ဒီလက်နက်တွေသာ KNU လက်ထဲ ရောက်သွားခဲ့ရင် မြန်မာ့သမိုင်း တမျိုးဖြစ်ဖြစ်သွားမှာ သေချာတယ်။
ဒီအချိန်မှာ သမ္မတကြီး ဦးနေဝင်းဟာ ဆုံးဖြတ်ချက် တစ်ခု ချမှတ်လိုက်တယ်။ အဂ္ဂဗျူဟာဖြစ်လို့ အသိပေးသင့်တယ် ထင်တဲ့သူ ဝန်ကြီး ၇ ပါးကို အိမ်တော်ကို ခေါ်ပြီး ရှင်းပြလိုက် တယ်။ အားလုံး သဘာတူတဲ့ အတွက် ပြန်ကြားရေး ဝန်ကြီးကို ခေါ်ပြီး စာအိပ်ကိုချိတ်ပိတ်၍ ဒီကြေ ညာချက်ကို အခု ချက်ချင်း ရေဒီယိုနဲ့ ရုပ်သံကနေ ကြေညာဖို့ ခိုင်း လိုက်ရခြင်း ဖြစ်တယ်။
ကြေညာချက် မပြီးမချင်း အိမ် တော်ရောက်နေတဲ့ ဝန်ကြီး တွေကို တခါး ပိတ်ထားခဲ့တယ်။ ကြေညာချက် ကို မြင်ရကြားရချိန်မှာတော့ အားလုံး ကြေကွဲညှိုးငယ်နေခဲ့ကြရပါတယ်။
တိုင်းပြည်ရဲ့ အနာဂတ်အတွက် သမိုင်းမှာ နာမည်ဆိုးတွင်စေမည့် လုပ်ရပ်ကို ရင်နာနာနဲ့ သတ္တိရှိစွာ လုပ်ဆောင်ခဲ့မှုကို ကျေးဇူး မတင်ချင်ရင် နေကြပါ။
မစော်ကားကြဖို့တော့ တားပါရစေ။
(သမိုင်းအလွဲများကို ချေဖျက် ကြပါစို့၊ အတိတ်ကို ပညာယူပြီး တိုင်းပြည်အနာဂတ်လှဖို့ ကြိုးစားကြပါစို့)
ဒေါက်တာကျော်ဆွေ
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
သုတေသနနှင့် လေ့ကျင့်ပညာပေးရေးဌာနမှူး
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ။
—————
ဒေါက်တာကျော်ဆွေသို့ ပြန်ကြားချက် Link-
https://www.facebook.com/BurmaDemocracy/posts/1282408215168418
——————
Kyaw Swe FB မှကူးယူဖော်ပြပါသည်။

ဒေါက်တာကျော်ဆွေ (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်) တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီသို့ ပြန်ကြားချက်။
Ko Aung Ayechan
ဖတ်ရတာအတော့်ကိုကောင်းပါတယ်။ ဆောင်းပါးပုံစံမျိုးမရေးပဲ လျှို့ဝှက်သည်းဖိုဝတ္ထုမျိုးသာရေးခဲ့ရင် ကိုကျော်ဆွေ ဘက်ဆဲလားဖြစ်မှာသေချာတယ်။ သမိုင်းကိုတည့်မတ်ပေးချင်တဲ့ ခင်ဗျားရဲ့စိတ်စေနာကိုလေးစားပါတယ်ဗျာ။ ကျနော် လူပုဂ္ဂိုလ်စွဲ, ပါတီစွဲမရှိသလို ချစ်ချင်း မုန်းခြင်းမပါပဲ ( ၁၉၈၈ ) အရေးတော်ပုန်ကိုလည်း ကောင်းကောင်း သိမှီခဲ့ဖူးသူတယောက်အနေနဲ့ လိုအပ်ချက်လေးတွေကိုတော့ ရေးချင်ပါတယ်။ ကောင်းကောင်းသိမှီခဲ့တယ်ဆိုတဲ့စကားကိုသုံးရတာကအကြောင်းရှိပါတယ်, ဦးသန့်ဈာပနလိုအရေးအခင်းမျိုးကို မှီခဲ့ပေမယ့် မူလတန်းတက်ဖို့တောင် အသက်မမှီသေးတဲ့အရွယ်ဖြစ်နေလို့ မှီရုံသာမှီခဲ့ပြီး ဘာမှဂဃနဏမသိခဲ့လို့ပါ။ လောကထဲမှာမရှိတော့တဲ့ လူတယောက်ရဲ့အပြစ်အနာအဆာကိုပြောရတာ လိပ်ပြာမသန့်ပေမယ့် အမှန်တရားအတွက်ရှေးရှုပြီးပြောရမယ်ဆိုရင် ခင်ဗျားတို့မိခင်ပါတီ ( တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ) ရဲ့ ဘူမိနက်သန်ဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ( ဦးနေဝင်းပါတီ ) ကနေ အစချီပြောမှ အမှန်နဲ့နီးစပ်နိုင်မယ်။ ၁၉၆၂- ခုနှစ်, ဇူလိုင်လ ၄- ရက်နေ့မှာ စတင်တည်ထောင်ခဲ့တဲ့ မဆလပါတီဟာ၂၅- နှစ်ကျော်ကြာခဲ့ပြီးတဲ့ ၁၉၈၇- မှ စီးပွါးရေးပြုပြင်ပြောင်းလဲမှုလုပ်ဖို့သတိရတယ်ဆိုတော့ စောနေသေးတယ်လို့များ မထင်မိဘူးလားဗျာ!!! 

လူပုဂ္ဂိုလ်တဦးကို လူဆိုးလူကောင်းသတ်မှတ်တယ်ဆိုတာ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ အချိန်ကာလတစ်ခုက ကာယကံရှင်လူပုဂ္ဂိုလ်ရဲ့ ဆိုးမွေကောင်းမွေကို အခြေခံပြီးသတ်မှတ်တာဗျ။ နိုင်ငံကိုဦးဆောင်ဦးရွက်ပြုခဲ့သူခေါင်းဆောင်တယောက်ရဲ့လုပ်ရပ်တွေထဲမှာ ကုသိုလ်တပဲ ငရဲတပိဿာလုပ်ရပ်တွေများနေရင်တော့, မကြည်ညိုနိုင်မချစ်နိုင်ကြတဲ့ပြည်သူတွေကို လွန်လှချည်ရဲ့လို့မဆိုသင့်ပေဘူး။

ကိုကျော်ဆွေက " ပူဇာ စ ပူဇာ့နေယျာနံ" ဆိုတဲ့သဘောမျိုးရေးထားလို့ ကျနော်ကဆန့်ကျင်သလိုဖြစ်နေပေမယ့်လည်း အားနာနာနဲ့ပဲ ဆက်ရေးရမှာပဲ။ ဥပမာပေးရမယ်ဆိုရင် ၁၉၈၅- ၁၉၈၇ တရားမဝင်ငွေကြေးဖျက်သိမ်းမှုတွေဟာ ၁၉၈၈- အရေးတော်ပုန်ဆိုတဲ့ မီးထလောင်တော့မယ့်လောင်စာပုံပေါ်က စနက်တံကို မီးကူးပေးလိုက်တဲ့မီးပွားတခုထက်မပိုပါဘူး။ တရားမဝင်ငွေစက္ကူဆိုပြီးဖျက်သိမ်းခဲ့လို့ ဦးနေဝင်းကို စိတ်နာကြတယ်ဆိုတာ အနည်းစုပါဗျ, သမိုင်းမှန်ကို လေ့လာခွင့်မရခဲ့ကြတဲ့ လူငယ်တွေပြောတာကို ဗွေမယူပါနဲ့ဗျာ။ တခြားနာစရာအကြောင်းတွေ တော်တော်များများကို သူတို့ခမျာသိမှမသိခဲ့ကြရတာကိုး။ မြန်မာနိုင်ငံလို သယံဇာတများတဲ့နိုင်ငံတနိုင်ငံအတွက် စလင်ပေါင် ( ၃.၅ ) ဘီလီယမ်ဆိုတာ မပြောပလောက်တဲ့ပမာဏပါ ( လက်ရှိ ကိုကျော်ဆွေတို့ ပါတီတွင်းက တဦးချင်းပုဂ္ဂလပိုင်ဆိုင်မှုတွေတောင် ဒီ့ထက်ပိုနေကြသေးတာပဲဗျာ။ အတိအကျသိချင်လျှင် ပို့ပေးပါ့မယ်)။ 

ရှေးမှီနောက်မှီလူကြီးသူမတွေ ပြောစကားနဲ့ ဟိုစပ်စပ်ဒီစပ်စပ်သိရတာလေးတွေလည်း တော်တော်များများရှိသေးသဗျ။ မဆလခေတ်ဦးမှာ အမေရိကန်ဒေါ်လာငွေ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ငါးကျပ်ပတ်ဝန်းကျင်ပါ။ ကမ္ဘာ့ဘဏ်မှာ ရွှေပေါင်အခိုင်အမာထားနိုင်တဲ့အချိန်ပေါ့ဗျာ။ " စံလင်း, မောင်ကောင်း" လက်မှတ်ပါတဲ့မြန်မာငွေတိုင်းကို နိုင်ငံရပ်ခြားငွေလဲဌာနတွေတိုင်းမှာ လိုလိုလားလားလဲလှယ်ပေးနေတဲ့ခေတ်။ အဲဒီရွှေပေါင်တွေအားလုံးကို ဦးနေဝင်းထုတ်ယူခဲ့တယ်ဆိုတဲ့ အထောက်အထားရှိပါတယ်။ မဆလ ခေတ်နှောင်းပိုင်းအထိ တစ်ဒေါ်လာကို မြန်မာငွေ ခြောက်ကျပ်ကျော်ပဲရှိပါသေးတယ် (အပြင်ဈေး ကျပ်ငါးဆယ်လောက်မှာရောက်နေပါပြီ)။ ဦးနေဝင်းကခြောက်လတကြိမ် Lufthansa ခရီးသည်တင်လေယာဉ်ကိုစင်းလုံးငှားပြီး Geneva နဲ့ Bern က ဆေးရုံမှာ ကျန်းမာရေးအတွက်ဆေးစစ်ပြီး ဥရောပနိုင်ငံတွေမှာအနားသွားယူတယ်ဆိုတာ ကြားခဲ့ရဖူးတယ် ( ဒီနေရာမှာ ကြုံကြိုက်လို့တခုပြောပါရစေဦး။ ဆွစ်ဇာလန်ကို မသွားချင်တဲ့အချိန်မျိုးတွေမှာတော့ ငပလီကိုသွားပါတယ်။ သူ့အတွက်သီးသန့် Bell ရဟတ်ယာဉ်ကို ရေထဲဆင်းလို့ရအောင် Inflatable Raft တွေတပ်ပြီး မှော်ဘီ ၅၀၁- လေတပ်စခန်းရဲ့ အမှတ် ၅၂- အုပ်စု Hanger မှာပြင်ထားပေးရပါတယ်။ 

ခင်ဗျားက မကွေးရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ တခါတည်းအမျိုးပါစပ်ပေးလိုက်မယ်ဗျာ, လေယာဉ်မှူးဗိုလ်ကြီးက ဗိုလ်ကြီးဘုန်းကျော်ရွှေပဲ။ ခင်ဗျားတို့ မကွေးတိုင်းဝန်ကြီးချုပ်ရဲ့ အစ်ကိုပါ။ ဘုန်းကျော်ရွှေ, ဘုန်းမြင့်ရွှေ, ဘုန်းမော်ရွှေ အားလုံးက စာရေးဆရာမကြီး သထုံမလေးနွယ်ရဲ့ သားတွေပဲ )။ ဆေးရုံကဆင်းတဲ့အချိန်မှာ ဆေးရုံအုပ်ကြီးမှစ တံမျက်လှည်းအဆုံး တန်းစီခိုင်း, ငွေဖလားကြီးထဲမှာ မြန်မာပြည်ကယူလာတဲ့ကျောက်သံပတ္တမြားတွေအပြည့်ထည့်, ဦးနေဝင်းကိုယ်တိုင် ငုံ့တောင်မကြည့်ပဲလက်နဲ့နှိုက်ပြီး ဝန်ထမ်းတိုင်းကိုဘောက်ဆူးပေးတာကြားခဲ့ဖူးပါတယ် ( ဈေးအပေါဆုံးပစ္စည်းကို ရရှိသူတဦးတောင်မှ ဆွစ်ဇာလန်မှာ ခြောက်လလောက် ဘာမှမလုပ်ပဲထိုင်စားနိုင်ပါတယ် )။ ဥရောပရောက်တိုင်း တည်းခိုတဲ့ဟော်တယ်အောက်မှာ အကောင်းစားကားနှစ်စီးကို နာရီကြေးပေးငှါးပြီး (၂၄- နာရီ ) စောင့်ခိုင်းထားတာကြားခဲ့ဖူးပါတယ်။
ကားငှါးတဲ့ကုမ္ပဏီကိုရှင်းရတဲ့ကုန်ကျစရိတ်တခုတည်းကပဲ မော်တော်ကားအသစ်စက်စက်နှစ်စီးတန်ဖိုးထက်များတယ်ဆိုတာကို သံအရာရှိတဦးရဲ့ပြောစကားကြားခဲ့ဖူးပါတယ် ( ဒီစကားကို ပြောပြခဲ့သူက ဂျာမနီမှာ သံအမတ်ကြီးလုပ်ခဲ့တဲ့ ဦးနေဝင်းရဲ့လူယုံ ကုလားကြီးဦးလှမောင်ပါ )။ အခေါက်ပေါင်းများလာတော့ နိုင်ငံတော်အပေါ်မေတ္တာထားပြီး ဟော်တယ်စရိတ်သက်သာအောင် ၇၅-၇၆ မှာ ဗြိတိသျှကျွန်းပေါ်က လန်ဒန်ရွှေမြို့တော်ကြီးမှာ နိုင်ငံတော်ဘဏ္ဍာနဲ့ အိမ်ကြီးရခိုင်တလုံးဝယ်တော်မူခဲ့ပါတယ်, လူသိမခံရဲလို့ ဗြိတိသျှလူမျိုးတယောက်ရဲ့အမည်နဲ့ဝယ်ခဲ့တာပါ။ အဲဒီလူသေတော့ ဗြိတိသျှဥပဒေအတိုင်း သေဆုံးသူရဲ့ဇနီးကပိုင်သွားတော့ ဆုံးပါလေရော။ အခုရှိနေတဲ့အိမ်က ဒုတိယအလုံးပါ။

နဝတ အစိုးရခေတ်လောက်အထိ ခြောက်လတကြိမ်အိမ်စောင့်ဖို့အတွက် စစ်သားတွေကိုအလဲအလှယ်နဲ့ ပို့ပေးရပါသေးတယ်။ ဒေါက်တာဒေါ်ရင်ရင်နွယ် ( ဦးနေဝင်းချွေးမ ) နေဖူးလိမ့်မယ်ထင်ပါတယ်။ မွန်တီကာလိုက လောင်းကစားကုန်ကျစရိတ်တွေနဲ့ ဒေါ်ရတနာနတ်မယ်အတွက် နစ်နာကြေးတွေ ကြားခဲ့ဖူးပါတယ်။ လန်ဒန်နဲ့ ပါရီလိုမြို့ကြီးတွေမှာ မိုးကုတ်ပတ္တမြားနဲ့ ဖားကန့်ကျောက်စိမ်းကို အဓိကထားရောင်းတဲ့ ရတနာဆိုင်ကြီးတွေမပါသေးပါဘူး။ အင်းယားလိတ်ဟော်တယ်အဝင် ကမ္ဘာအေးဘုရားလမ်းဘေးမှာ သမီးတက္ကသိုလ်ကျောင်းသူနှစ်ဦး ( ဒေါ်စန္ဒာဝင်း, ဒေါ်ကြေးမုံဝင်း ) နဲ့ သူတို့အပေါင်းအသင်းတွေ ငွေရှင်းစရာမလိုပဲ နိုင်ငံခြားမုန့်မျိုးစုံကိုအချိန်မရွေးစားနိုင်ဖို့ဖွင့်တဲ့ဆိုင် မပါသေးဘူး။ တိုကျို ဂင်ဇာရပ်ကွက်က မြန်မာသံရုံးပိုင်မြေကို ရောင်းစားတာ ကြားဖူးခဲ့တယ် ( နဝတ, နအဖ ခေတ်မှာ လက်ရှိတိုကျိုသံရုံးအဆောက်အဦပိုင်မြေကို တခြမ်းခွဲရောင်းလိုက်ပါသေးတယ်)။ ကျနော်တို့ ဦးနေဝင်းခေတ်မှာ သင်ခဲ့ရတဲ့မြန်မာ့သမိုင်းလိမ်တွေထဲမှာတောင် ဦးနေဝင်းရွပ်ရွပ်ချွံချွံစွန့်စွန့်စားစားလုပ်ဆောင်ခဲ့တာ မရှိသလောက်နည်းပါးပါတယ်။ ရဲဘော်သုံးကျိပ်ထဲပါတယ် အင်းစိန်တိုက်ပွဲဦးဆောင်တယ်ဆိုတာလောက်က လူပြိန်းအသိမျိုးပါ။ ပုဂ္ဂလိကသမိုင်းတခု သေချာနိုင်ဖို့အတွက် သက်ဆိုင်သူကာယကံရှင်ရဲ့ ကျောထောက်နောက်ခံနိုင်ငံရေးအဖွဲ့အစည်း, အမွိုင်ကိုပါလာရခြင်းအကြောင်းရင်း, စာရိတ္တ, အရည်အချင်း အားလုံးကို ဆက်စပ်လေ့လာမှ အမှန်နဲ့နီးစပ်မှာပါ။

အသည်းနာစရာအကောင်းဆုံးတချက်က လှော်ရင်းနစ်ရင်းဖြစ်နေတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ဗိုလ်ချုပ်အောင်ဆန်းကပဲချမှတ်ထားခဲ့သယောင် ယုတ်ယုတ်ကမ်းကမ်း ဝါဒဖြန့်ရေးသားချက်တွေပဲ။ " အောင်ဆန်းဇာနည်" ကဗျာရဲ့ နောက်ဆုံးပိုဒ်မှာ ထပ်ဖြည့်ထားတဲ့ " ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ၊ ဗိုလ်ချုပ်ချမှတ်သွား" ဆိုတဲ့စာကြောင်းကိုပြောတာ, မူရင်းကဗျာမှာ အဲဒီအပိုဒ်လုံးလုံးမပါခဲ့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး ၁၅- နှစ်ကြာမှပေါ်လာတဲ့ပါတီတခုမှာ Burmese way to socialism ဆိုပြီးလုပ်ချင်ရာလုပ်ပြီးလို့ မအောင်မြင်တော့မှ ဗိုလ်ချုပ်အောင်ဆန်းအပေါ်လွှဲချတဲ့ အဆုံးစွန်ယုတ်ကမ်းမှုတခုပဲ။ ဒါတောင် ကျနော်ဗုဒ္ဓဘာသာမြန်မာစစ်စစ်တယောက်ရဲ့အမြင်နဲ့ရေးသားချက်တခုတည်းပဲရှိပါသေးတယ်။ ဆဲဗင်းဂျူလိုင်, မှိုင်းရာပြည့်, ဦးသန့်ဈာပန, အလုပ်သမားသပိတ်, ၈၈- လိုအရေးတော်ပုန်အဆက်ဆက်မှာ ကြွေလွင့်ခဲ့ကြတဲ့ ရဟန်းရှင်လူ အားလုံးရဲ့ အသက်တွေ ဘဝတွေမပါသေးဘူး။ တိုင်းရင်းသားညီအစ်ကိုမောင်နှစ်မတွေရဲ့ ခံစားချက်, နာကြည်းချက်တွေ မပါသေးဘူး။ ဦးနေဝင်းလမ်းစဉ်ကို လိုက်နာဆက်ခံသူတွေမှာ မဆလတွေချည်းပဲမဟုတ်ပါဘူး, ခင်ဗျားတို့ တစည ခေါင်းဆောင်တော်တော်များများလည်း လိုက်နာနေကြပါသေးတယ်။ 

၁၉၉၃- မှာ ဦးစန်းယုနဲ့ နောက်ပါအခြံအရံအတော်များများ စင်ကာပူကို ဆေးကုသမှုခံယူဖို့ရောက်လာစဉ်က Lufthansa ခရီးသည်လေယာဉ်ကြီးကိုပဲ ချာတာငှါးလာပြီး Changi လေဆိပ်မှာ တလနီးပါးရပ်နားပြီး စောင့်ခိုင်းထားတာ ကိုယ်တိုင်မြင်ခဲ့ဖူးပါတယ်။ လိုက်ပါလာသူ လူသုံးဆယ်ကျော်အတွက် မင်ဒရင်ဟော်တယ်ရဲ့အပေါ်ဆုံးနှစ်ထပ်ကို အခန်းကုန်ယူထားတယ်။ ဓါတ်လှေကားကို interchanged စီးမှသူတို့အထပ်ရောက်တယ်, အဲဒီခေတ်ကငွေကြေးနဲ့ လူတယောက်အတွက် တည်းခိုခသက်သက် တရက်စာကို စင်ကာပူဒေါ်လာ ၂,၀၀၀- ဝန်းကျင် ကျတယ်။ စင်ကာပူဆရာဝန်တွေကလည်း ဘာလုပ်ရမယ်ဆိုတာကို သဘောပေါက်ထားကြပုံပဲ။ ဦးစန်းယုသွားတယ်, မြန်မာပြည်ပြန်ရောက်ပြီး သိပ်မကြာခင်ဆုံးတယ်။ ဦးစိုးဝင်း သေမလိုဖြစ်တော့ စင်ကာပူကိုပြေးတယ်, မကယ်လိုက်နိုင်ဘူး။ ဦးအောင်သောင်း, အသက်ပြန်ပါမလာဘူး။ တရားရကြဖို့အချိန်က တန်ရုံမက လွန်တောင်နေပြီပဲ။ ခင်ဗျားတို့ ခေါင်းကိုင်ဖခင်ကြီးရဲ့အဆိုးတကာ့အဆိုးဆုံးလုပ်ရပ်တခုက စစ်တပ်ကို အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးအာဏာပေးပြီး သရဲမွေးသလိုမွေးခဲ့တဲ့ အချက်ပဲ။ ဒီနေ့ထိ ကုတ်နဲ့ကော်ထုတ်တောင်မထွက်နိုင်ကြပဲ မျက်နှာပြောင်တိုက်ဝင်ထိုင်နေတုန်း။ ရဟန်းရှင်လူ အရပ်သားပြည်သူလူထုနဲ့ တပ်မတော်ကို တစတစဝေးကွာလာအောင် သပ်လျှိုသွေးခွဲခဲ့တဲ့တရားခံနံပါတ်တစ်က ဦးနေဝင်းနဲ့ မဆလပဲဗျ။

 ရွှေတိဂုံဘုရားဂေါပကမှသည် သင်္ချိုင်းကုန်းကသုဘရာဇာအထိ စစ်တပ်ကပါဝင်ပတ်သက်စေတဲ့စနစ်ဆိုးကြောင့် အမုန်းတရားနဲ့ ပြဿနာပေါင်းစုံပေါ်လာခဲ့ရခြင်းပဲ။ သူ့အမွေကိုဆက်ခံတဲ့ နဝတ, နအဖ ခေတ်မှာတော့ အဖေ့ထက်သားကလက်ဇောင်းပိုထက်တော့တာပေါ့ဗျာ, " ပြည်သူသာအမိ၊ ပြည်သူသာအဖ " ဆိုတဲ့ မြန်မာ့တပ်မတော်ရဲ့ဆောင်ပုဒ်ကိုပါ " တပ်မတော်သာအမိ၊ တပ်မတော်သာအဖ " အထိဖြစ်အောင်ကိုပြောင်မြောက်လိုက်ကြတော့တာပါပဲ။ ကနေ့အထိ ပြည်သူတိုင်းကတပ်မတော်ကိုဦးသုံးကြိမ်ချသင့်တဲ့ကျေးဇူးရှင်ကြီးတွေဆိုတဲ့အမြင်မျိုး, ပြည်သူကို စော်ကားမော်ကားပြုတဲ့ အပြောအဆို အရေးအသားမျိုးတွေ မကြားချင်အဆုံး မဖတ်ချင်အဆုံး မြင်နေတွေ့နေရတာပဲ။ စစ်အစိုးရအစဉ်အဆက်ရဲ့ ဥပဒေဆိုတာ ဂုတ်ကြားကို အောင်နက်, အောင်နက်ကို ဖိုးလုံးပြောင်းခေါ်တဲ့သဘောလေဗျာ။ ကမ္ဘာ့နိုင်ငံပေါင်း (၁၉၆ ) နိုင်ငံမှာ တပ်မတော်အစိုးရပဲဖြစ်ဖြစ်, တပ်မတော်လူဝတ်လဲအစိုးရပဲဖြစ်ဖြစ် စိုးမိုးအုပ်ချုပ်တော်မူလို့ တိုင်းနိုင်ငံကြီးသာယာဝပြောနေပါတယ်, ကမ္ဘာနဲ့ယှဉ် ရင်ဘောင်တန်းနိုင်ခဲ့ပါတယ်, ပတ်ဝန်းကျင်တိုင်းပြည်တွေက လေးစားအားကျအတုယူရပါတယ်ဆိုတဲ့ အဖြစ်အပျက်မျိး တခုတလေများရှိခဲ့ရင် အလင်းပြစမ်းပါဗျာတို့!!! ကျနော်တော့ ခွေးဖြစ်ကုန်တဲ့တိုင်းပြည်တွေပဲ တွေ့ဖူးနေလို့ပါ။
နောက်တခုပြောချင်တာက ဒေါက်တာကျော်ဆွေအနေနဲ့ မွေးရပ်မြေ ပြည်ထောင်စုသမတမြန်မာနိုင်ငံတော်ကြီးကို ဖွံ့ ဖြိုးမှုအနိမ့်ဆုံးတိုင်းပြည် LDC အဆင့်ထိရောက်အောင် ချခဲ့တာကို ဂုဏ်တောင်ယူနေသေးပုံပဲ။ ရိုးရိုးသားသားမြန်မာနိုင်ငံသူနိုင်ငံသားတွေကို ဘူးလုံးနားမထွင်းစကားတွေနဲ့ မရေးသင့်ဘူးဆိုတာ ဒေါက်တာကြီးသတိချပ်ပါလေ။ LDC အဆင့်ကို တိုင်းပြည်ရောက်ခဲ့ရတဲ့အတွက် ဘယ်လောက်ထိခိုက်ခဲ့တယ်, ဘယ်လိုထိခိုက်ခဲ့တယ်ဆိုတာကို မျက်စေ့ပိတ်နားပိတ်ခံခဲ့ကြရတဲ့ သပ္ပူရိသပြည်သူအများစုက ဘယ်သိနိုင်ပါ့မလဲဗျ ( ဒါကြောင့်လည်း လူမျိုးရေးမှိုင်း, ဘာသာရေးမှိုင်း တိုက်လို့လွယ်နေသေးတာပဲ )။ လူအနည်းစုလောက်ပဲသိတာကိုး, အဲဒီဆိုးကျိုးတွေကောင်းကောင်းသိတဲ့အထဲမှာ ခင်ဗျားပါတယ်ကိုကျော်ဆွေ။ LDC ကိစ္စက, နိုင်ငံ့ GDP ကိုမိသားစုရဲ့ GDP လိုသဘောထားနေတဲ့ မိသားစုဝင်တွေတိုင်း ဘယ်သူ့ကိုမှမထိခိုက်နိုင်ဘူး, တိုင်းသူပြည်သား လူဆင်းရဲအများစုကိုပဲထိခိုက်တာ။ မိသားစုရဲ့စားဝတ်နေရေးအတွက် ပြည်ပနိုင်ငံတွေမှာ အလုပ်အကိုင်သွားရောက်လုပ်ကိုင်သူတိုင်း အနည်းနဲ့အများကြုံဖူးကြတဲ့ အလွယ်ဆုံးအဖြစ်အပျက်တခုကိုပဲ ပြောမယ်ဗျာ, လေဆိပ်ရဲ့ သာမန်လူဝင်မှုကြီးကြပ်ရေးအမှုထမ်းက မြန်မာနိုင်ငံကူးလက်မှတ်ကိုမြင်တာနဲ့ မသတီသလိုအကြည့်ခံရတယ်၊ ယိုးဒယား, မလေးရှား, ဗီယက်နမ် နိုင်ငံကူးလက်မှတ်တွေနဲ့ နိုင်ငံတော်တော်များများကို ဗီဇာမယူပဲ သွားချင်သလိုသွားခွင့်ရနေတဲ့အချိန်မျိုးမှာတောင် ကျနော်တို့ရဲ့ တကောင်းအဘိရာဇာ သာကီဝင် မြန်မာနိုင်ငံသားတွေအတွက် အာဖရိကတိုက်ရဲ့ ချောင်ချိုချောင်ကြားတိုင်းပြည်တွေသွားဖို့ကိုတောင် ဗီဇာယူနေကြရသေးတဲ့အနေအထားမပါ။ 

အရပ်စကားနဲ့ပြောရရင် မျက်နှာကြီးအိမ်က စတုဒီသာအလှူကို သူတောင်းစားရောက်လာတဲ့သဘောနဲ့ ခပ်ဆင်ဆင်တူသဗျို့။ ဒါကြောင့်လည်း နိုင်ငံရပ်ခြားမှာ ကာလရှည်ကြာရုန်းကန်နေကြရတဲ့ မြန်မာနိုင်ငံသားအများစုက တခြားနိုင်ငံကြီးတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို ပဲ အဓိကထားအသုံးပြုနေကြရတာပဲ။ နိုင်ငံကြီးတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကိုင်ထားလို့ မွေးရပ်မြေကိုမချစ်ကြဘူးလို့တော့ မထင်နဲ့ဗျို့, ခင်ဗျားတို့ချစ်တယ်ဆိုတာထက် မပိုရင်သာရှိမယ် မလျှော့စေရဘူး။ ချစ်တယ်ဆိုတာ ပါးစပ်က အော်နေဖို့မလိုဘူး ကိုကျော်ဆွေ, ချစ်တတ်ဖို့လည်းလိုသေးတယ်, လူမျိုးနဲ့ တိုင်းပြည်ကို လူတောတိုးအောင် လူရာဝင်အောင် လုပ်နိုင်ဖို့လည်းလိုသေးတယ်။ ရေးချင်တာ တော်တော်များများရှိပါတယ်, အချိန်ရရင်ရေးပါ့မယ်။ 

ခင်ဗျားဦးနေဝင်းအပေါ် ရှာကြံပြီးကျေးဇူးစကားဆိုနေတာကို ကျနော်အပြစ်မပြောပါဘူး, ခင်ဗျားလုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတခု, ခင်ဗျားရဲ့ယုံကြည်လွတ်လပ်ခွင့်ပါ။ ကျေးဇူးရှင်အပေါ်ကျေးဇူးဆပ်ခွင့်ရတာ မင်္ဂလာတရားတော်နဲ့ညီသကိုးဗျ, နတ်လူ သာဓုခေါ်မခေါ်တော့ မသိပေမယ့် သမိုင်းမှန်သိနေသူတိုင်း ဘယ်သူမှ သာဓုခေါ်မှာမဟုတ်ဘူး။ ပညာရှိသတိဖြစ်ခဲဆိုသလိုပဲ, ခင်ဗျားတို့သတိပြုသင့်တဲ့အချက်တခုက ပြည်သူ့မေတ္တာဆိုတာ ချူစရာမလိုဘူး, ချူလို့လည်းရကောင်းတဲ့အရာမဟုတ်ဘူး ဆိုတာပါပဲဗျာ!!! ခင်ဗျားတို့တွေ ပြည်သူ့မေတ္တာကို ငတ်မွတ်တောင့်တနေကြတယ်ဆိုရင် အားနာနာနဲ့ပဲပြောပါရစေ ကိုကျော်ဆွေခင်ဗျာ, ဒီဘဝတော့သိပ်မသေချာဘူး .... ဆယ်လေးတလေးလောင်းဝံ့တယ်။ လူ့သက်တမ်း အချိန်တိုတိုကလေးအတွင်းမှာ နေတတ်ကြပါစေ။ သေတတ်ကြပါစေ။
 ( ဒေါက်တာကျော်ဆွေရဲ့ ပို့စ်နှစ်ခုအတွက် ရေးချင်စိတ်ပေါက်လာလို့ ရေးမိရေးရာ ရေးထားတာပါဗျာ။ 
ကျနော့်ရဲဘော်ရဲဘက်တချို့ကို tag တွဲလိုက် ပါတယ်။)
Ko Aung Ayechan
————
ဒေါက်တာကျော်ဆွေ post link-
https://www.facebook.com/drkyaw.swe/posts/778034102352921
Ko Aung Ayechan FB မှကူးယူဖော်ပြပါသည်


No comments:

Post a Comment