Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 25, 2017

လှကျော်ဇော – ကမ္ဘာ့ပုံရိပ်နဲ့ ရခိုင်အရေး


လှကျော်ဇော – ကမ္ဘာ့ပုံရိပ်နဲ့ ရခိုင်အရေး
October 25, 2017

လှကျော်ဇော – ကမ္ဘာ့ပုံရိပ်နဲ့ ရခိုင်အရေး
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၇

ယခုတလော ရခိုင်အရေးကြောင့် ကမ္ဘာ့ပုံရိပ်ကျသွားတယ် … ဆိုတဲ့ဗမာပြည်မှာ လူအများ မခံမရပ်နိုင်ဖြစ်ကြပြီး၊ ပုံရိပ် ဘယ်လိုပြန်ကောင်းအောင်လုပ်ကြမလဲ … ဆိုတဲ့ဆွေနွေးပွဲတွေ လုပ်နေကြတာ ကြားနေရပါတယ်။ တိုင်းချစ် ပြည်ချစ်စိတ် အခြေခံနဲ့ မိမိတို့တတ်အားသရွေ့ ဥာဏ်စွမ်းရှိသမျှ အားတက်သရော ၀ိုင်းဝန်း ဆွေးနွေး အကြံအမျိုးမျိုး ပေးနေကြတာများ စိတ်ဝင်စားစရာကောင်းလိုက်တာ။

အဲသလိုပြောကြဆိုကြရင်းနဲ့ ခေတ်အဆက်ဆက် (ကိုလိုနီခေတ်ကစလို့ ဦးသိန်းစိန်အစိုးရအဆုံး) က အဖြစ်အပျက်များ (ပြည်သူတွေ မသိသေးတာတွေ) တဖြည်းဖြည်း ပေါ်ထွက်လာပါတယ်။ ညောင်မြစ်တူးကြရင်း ပုတ်သင်ဥတွေ ပေါ်လာတဲ့ဖြစ်စဉ်ပါ။ ပြည်သူတွေအတွက်ကတော့ စနစ်ဆိုးတွေရဲ့ အကျိုးဆက်တွေကို ပညာရပြီးသားဖြစ်သွားရတာပါပဲ။

သြော် … ဒါမျိုးထင်ပါရဲ့။ တချို့ကိစ္စဆိုးတွေကို ကိစ္စကောင်းအဖြစ် လှည့်ပြောင်းနိုင်တယ် … ဆိုတာ။

ဒီနေရာမှာ နှိုင်းယှဉ်လေ့လာပြီး ထည့်သွင်းစဉ်းစားစရာကောင်းတဲ့ အဖြစ်အပျက်တရပ် ရှိပါတယ်။

တရုတ်ပြည်ရဲ့ စင်ကျန်ဒေသကတဆင့် ပေါ်ပေါက်ခဲ့တဲ့ မွတ်စလင်အကြမ်းဖက်ဝါဒ လှုပ်ရှားမှုအကြောင်းနဲ့ အဲဒီဆူပူမှုတွေကို တရုတ်အစိုးရ ဘယ်လိုဖြေရှင်းခဲ့သလဲဆိုတာတွေ လေ့လာသိရှိသလောက် မျှဝေပေးချင်တာပါ။

တရုတ်ပြည်ရဲ့ အနောက်မြောက်နယ်စပ်တလျှောက်မှာ တည်ရှိတဲ့ စင်ကျန်ဒေသဟာ မွတ်စလင်ဘာသာကိုးကွယ်ကြတဲ့လူမျိုးစု (ယူဂါ (၀ီဂါ) ဟွေး၊ ကာဇတ်၊ တာဂျစ်စသဖြင့်) အများအပြား (လူဦးရေရဲ့ ၇၀%) နေထိုင်တဲ့ဒေသကြီး ဖြစ်ပါတယ်။ စင်ကျန်-ယူဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်လို့ တရားဝင်သတ်မှတ်ထားပေမဲ့၊ သက်ဆိုင်ရာလူမျိုးအလိုက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ခရိုင်များ၊ မြို့နယ်များ ဆိုပြီး ခွဲခြား သတ်မှတ်ပေးထားတာတွေ ရှိပါတယ်။

ဒီဒေသဟာ သမိုင်းကြောင်းအရကို အလွန်ရှုပ်ထွေးပါတယ်။ အာရှအလယ်ပိုင်းကတဆင့် ဥရောပကုန်းတွင်းပိုင်း (ယူရေရှား) ဒေသကို ပေါက်လို့ ပထ၀ီနိုင်ငံရေးအရလည်း အချက်အချာကျတဲ့ ဒေသပါ။ တရုတ်ပြည်မှာ သဘာဝဓာတ်ငွေ့ အများဆုံးထွက်ရှိတဲ့ ပြည်နယ်ဖြစ်ပြီး အဘိုးတန်ဓာတ်သတ္တုများ တူးဖေါ်ရရှိလိုက်မှုကြောင့်လည်း ဒီဒေသရဲ့အရေးပါမှုဟာ ပိုမြင့်မားလာခဲ့ပါတယ်။

ယခင် ခေတ်ဟောင်း (ပဒေသရာဇ်ခေတ်) များကစလို့ ဆိုဗီယက်ပြည်ထောင်စုရဲ့ အိမ်နီးချင်းဖြစ်နေစဉ်မှာရော (၁၉၆၀ ခုနှစ်များ) နယ်စပ်ချင်းကပ်နေတဲ့ လူမျိုးတူများ (ကဇတ်၊ တာဂျစ်) ကတဆင့် လွတ်လပ်ရေးလှုပ်ရှားမှုများ ရှိနေခဲ့တာပါ။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲအပြီး (၁၉၉၁) နိုင်ငံအများအပြား ပေါ်ထွက်လာရာမှာ မွတ်စလင်နိုင်ငံအများစုဟာ စင်ကျန်ပြည်နယ်ရဲ့ အိမ်နီးချင်းများ ဖြစ်လာပါတော့တယ်။ အဲဒီနိုင်ငံများက (ကာဇတ်စတန်၊ တာဂျစ်ကစ္စတန်၊ ကာဂျစ်ကစ္စတန်) မွတ်စလင်အကြမ်းဖက်လှုပ်ရှားမှုများနဲ့ ဆက်စပ်ပြီး အရှေ့တာကစ္စတန် လွတ်လပ်ရေးလှုပ်ရှားမှု ဆိုတဲ့အဖွဲ့ ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။

၁၉၉၆ ခုနှစ်များကစလို့ တရုတ်ပြည်စင်ကျန်ဒေသမှာ ဒီအဖွဲ့ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေ စတင် ပေါ်ပေါက်လာပါတယ်။ အစပိုင်းက နယ်စပ်ရဲစခန်းများကို ၀င်ရောက်စီးနင်းပြီး ရဲတွေအသတ်ခံရတာ၊
ဒေသတွင်း လာရောက်နေထိုင် စီးပွားရှာလုပ်ကိုင်နေတဲ့ တရုတ် (ဟန်လူမျိုး) တွေကို တယောက်စ နှစ်
ယောက်စ လုပ်ကြံတာ၊ တရုတ်ဗဟိုအစိုးရပေါ်လစီများကို ထောက်ခံပြီး ဒေသခံလူမျိုးစုတွေကို တရားဟော စည်းရုံးဟောပြောပေးတဲ့ ဗလီဆရာများကို လုပ်ကြံတာ … စတာတွေလုပ်နေရာကနေ တဖြည်းဖြည်း အတင့်ရဲလာကြပြီး ၂၀၀၈ ပီကင်းအိုလံပစ်အကြို နယ်စပ်ကင်းစခန်းများ ၀င်စီးပြီး ရဲ ၁၈ ဦး သတ်ဖြတ်တာ၊ ၂၀၀၉ခုနှစ် လူ (၁၀၀) ကျော် (တရုတ် ဟန်လူမျိုးအများစု) သေကျေရတဲ့ စင်ကျန်ပြည်နယ်မြို့တော်မှာ ဖြစ်ခဲ့တဲ့ အထိကရုဏ်းကြီး၊ ၂၀၁၄ မတ်လ (၁) ရက် ကူမင်းဘူတာရုံ အကြမ်းဖက်သတ်ဖြတ်မှုများအထိ ကြီးကျယ်လာခဲ့ပါတယ်။

ဒီမှာတင် တရုတ်အစိုးရက စင်ကျန်းအကြမ်းဖက်လှုပ်ရှားမှုကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်း
ဖို့ စနစ်တကျ စီမံကိန်းတွေ ချပါတော့တယ်။

တကယ်တော့ တရုတ်ပြည်မှာ လူမျိုးစုပြသာနာများ ပေါ်ပေါက်ဖူးပါတယ်။ တိဘက်အရေး၊ စင်ကျန်
အရေး စတဲ့ကိစ္စတွေကို တရုတ်က သူ့ပြည်တွင်းရေး (အချုပ်အချာအာဏာ) ကိစ္စလို့ သဘောထားပြီး ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းက ၀င်ပြောပြော လက်မခံပါဘူး။ ဒါပေမဲ့ အနောက်နိုင်ငံ (အရင်းရှင်နိုင်ငံများ) က ဒါတွေကို လူ့အခွင့်အရေးချိုးဖေါက်မှုများလို့ ပုံဖေါ်ပါတယ်။ တရုတ် (ဟန်) လူမျိုးကြီးများက ဖိနှိပ်လွန်းလို့ လူမျိုးစုများက မခံမရပ်နိုင်လို့ ပုန်ကန်တာဆိုပြီး စာနာစိတ်တွေ ၀င်နေဟန် … ဟန်လုပ်လာပါတယ်။

ဥပမာအားဖြင့် ၂၀၀၉ အကြမ်းဖက်မှုအပြီး တရုတ်က စင်ကျန်ပြည်နယ်အတွင်း အကြမ်းဖက်သမား
များ ဖမ်းဆီးတာ၊နှိမ်နှင်းတာတွေ လုပ်နေစဉ်က အပြည်ပြည်လွတ်ငြိမ်းချမ်းသာမှုအဖွဲ့ (Amnesty International A.I) တို့၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) တို့က ထုတ်ခဲ့တဲ့ ကြေညာချက်တွေကို ပြန်ကြည့်ပါ။ တရုတ်ရဲ့အကြမ်းဖက်နှိမ်နှင်းရေး လုပ်ဆောင်ချက်တွေကို လူ့အခွင့်အရေး ဖောက်ဖျက်မှုများအဖြစ် ပြစ်တင်ရှုံ့ချကြရုံမျှမက ကုလသမဂ္ဂညီလာခံမှာ တင်သွင်းဆွေးနွေးဖို့တောင် ကြံစည် ကြိုးစားခဲ့ကြပါတယ်။

တခါ ၂၀၁၄ မတ်လ ကူမင်းဘူတာရုံမှာ ဖြစ်ပွားခဲ့တဲ့ စင်ကျန်က မွတ်စလင်အကြမ်းဖက်သမားများ
ရဲ့ (အပြစ်မဲ့ပြည်သူ (၃၀) ကျော် အသတ်ခံလိုက်ရတဲ့) အကြမ်းဖက်သတ်ဖြတ်မှုအပေါ် အနောက်နိုင်ငံက သတင်းမီဒီယာများဖြစ်တဲ့ – ဘီဘီစီ၊ စီအဲန်အဲန်၊ အေပီ၊ ၀ါရှင်တန်ပိုစ့် စတာတွေမှာ ရေးသားဖေါ်ပြထားတဲ့ သတင်းများ ဆောင်းပါးများမှာ … “အကြမ်းဖက်မှု” ဆိုတဲ့စကားကိုတောင် ရှောင်ကွင်းထားပြီး တရုတ်များ
ရဲ့ဖိနှိပ်မှုများကြောင့်လို့ကို ရေးထားတာပါ။

ဒီအကြမ်းဖက်မှုများကို နောက်ကွယ်က ကိုင်တွယ်လုပ်ဆောင်နေတယ် လို့ တရုတ်အစိုးရက
(သက်သေသက္ကာရ အပြည့်အစုံနဲ့) စွပ်စွဲခဲ့တဲ့ ကမ္ဘာ့ယူဂါကောင်စီ (World Ugher Council.W.U.C)
ဟာ အမေရိကန်မှာ အခြေစိုက်ပြီး National Endowment for Democracy – N.E.D. ရဲ့ ငွေကြေး အထောက်အပံ့ကို ရရှိထားတာပါ။

တရုတ်က ဒီပြသာနာကို ဖက်ပေါင်းစုံက ရွက်ကုန်ဖွင့်ပြီး ဖြေရှင်းခဲ့ပါတယ်။

၁။ နိုင်ငံတကာစင်မြင့်မှာ ပြောသင့် ဖြေရှင်းသင့်သလောက်ကိုပဲ ပြောဆို ဖြေရှင်းခဲ့ပါတယ်။

ရေရှည်လုပ်ငန်းများအဖြစ်နဲ့ကတော့ …
(က) တရုတ်ပြည်တွင်းက လူအခွင့်အရေးအခြေအနေများ ဆိုတဲ့ စက္ကူဖြူစာတမ်းကို ထုတ်ဝေပြီး တရုတ်ပြည်တွင်းက လူနေမှုအဆင့်အတန်း တိုးမြှင့်ရေးလုပ်ငန်းဆောင်ရွက်ချက်တွေ၊ အောင်မြင်ရရှိချက်တွေ (ဥပမာအားဖြင့်- ကျေးရွာအုပ်ချုပ်မှုကော်မတီ ရွေးကောက်ပွဲများ အကြောင်း
တို့၊ လူမျိုးစုဘာသာရပ် သင်ကြားရေးအခြေအနေ စသဖြင့်) ကို စနစ်တကျ သုတေသနစာတမ်းတစောင်လို အချက်အလက် ကိန်းဂဏန်းအစုံအလင်နဲ့ နှစ်စဉ် ထုတ်ဝေပါတယ်။

(ခ) တချိန်ထဲမှာပဲ အမေရိကန်နိုင်ငံတွင်းက လူ့အခွင့်အရေးများ ဆိုတဲ့ စက္ကူဖြူစာတမ်းကိုလည်း ထုတ်ဝေပါတယ်။ ဒီအထဲမှာတော့ မိမိကိုယ်မိမိ “လူ့အခွင့်အရေး ကာကွယ်သူ သူရဲကောင်းကြီး” လို့ သတ်မှတ်ထားတဲ့ အမေရိကန်နိုင်ငံတွင်းက လူ့အခွင့်အရေးဆုံးရှုံးမှုတွေ (ဥပမာ လူမဲများရဲ့ တရားဥပဒေအရ ကန့်သတ်ခံရမှု .. စတာတွေ) ကို ဖေါ်ပြထားပါတယ်။

၂။ အဓိက အားစိုက် လုပ်ဆောင်တာကတော့ ပြည်တွင်းရေးပါပဲ။

(က) ဘာသာရေး။
တရုတ်ပြည်မှာ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ယုံကြည်ခွင့်ရှိပါတယ်။ ထို့အတူ လွတ်လပ်စွာ မယုံကြည်ခွင့်လည်း ရှိပါတယ်။ ဒီ (၂) ဖက်ကြား ဘယ်သူ့ဘယ်သူမှ စွက်ဖက်ခွင့် မရှိပါဘူး။ ဒါပေမဲ့ ဒီအတိုင်း မကျင့်သုံးတဲ့သူများ ကာလမျိုးလည်း ရှိခဲ့ဘူးပါတယ်။ ဥပမာ ယဉ်ကျေးမှုတော်လှန်ရေးကာလများ။ ဒါတွေအားလုံးကို တရုတ်ဗဟိုအစိုးရက သမိုင်းအမွေဆိုးများလို့ပဲ သဘောထားပြီး သူတို့ကိုယ်ကိုကိုယ်ပဲ တာဝန်ယူလိုက်ပြီး ရှေ့မှာ ဒါမျိုး မဖြစ်ပေါ်ဖို့အတွက် ခိုင်မာတဲ့ယန္တရားတွေ တည်ဆောက်ပါတယ်။

ဗလီကျောင်းတွေ ကောင်းကောင်း ပြန်ဆောက်ပေးတယ်။ ဗလီဆရာတွေရဲ့ဘာသာရေးကျောင်းတွေကို လိုအပ်သမျှ ထောက်ပံ့ပေးတယ်။ အဲဒီကျောင်းတွေမှာ အနီးအနားရွာများက လာတက်တဲ့ ကျောင်းသားများအတွက် စရိတ်စကအားလုံး အစိုးရက တာဝန်ယူပေးတယ်။ အစိုးရက တောင်းဆိုတာ (၁) ခု တော့ရှိတယ်။ တပတ်တကြိမ် နိုင်ငံရေးဟောပြောခွင့်ပြုဖို့ပဲ။ အဲဒီဟောပြောချက်မှာ အဓိကဟောပြောချက်ကတော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဘာသာရေးဆိုင်ရာပေါ်လစီ၊ လူမျိုးစုဆိုင်ရာ ပေါ်လစီတွေကို ပြောပြကြပါတယ်။ နိုင်ငံရေးအရ ဗဟုသုတဖြစ်ဖွယ် သမိုင်းကြောင်းတွေ။ တခြားလူမျိုးစုအကြောင်းတွေ တရားဥပဒေသတ်မှတ်ချက်တွေ … စတဲ့ ဘာသာရေးနဲ့ မပတ်သက်တဲ့အကြောင်းအရာတွေ ဟောပြောပါတယ်။

အဲဒီ ဗလီဆရာများကတဆင့် ဗဟိုအစိုးရရဲ့ပေါ်လစီတွေကို အောက်ခြေလူထုကို ချပြနိုင်ခဲ့ကြပါတယ်။ ဗလီဆရာများအကြား အနည်းဆုံး အမျိုးသမီး ၁ ဦး (ဗလီဆရာမ) ထည့်ထားပါသေးတယ်။ မွတ်စလင်အမျိုးသမီးများအကြား လိုအပ်ချက်များ (ဥပမာ သားဆက်ခြားရေးကိစ္စများ၊ အိမ်တွင်းအကြမ်းဖက်မှုများ) ဖြေရှင်းရေးအတွက်ပါ။

မွတ်စလင်ဘာသာသင်ကျောင်းများကိုလည်း အဆင့်အမျိုးမျိုးနဲ့ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ ပီကင်းတို့ ရှံဟဲတို့မှာ ဆိုရင် အဆင့်အမြင့်ဆုံးကျောင်းတွေ တက္ကသိုလ်တွေ ရှိပါတယ်။

တရုတ်ပြည်ရှိ မွတ်စလင်များရဲ့ ဘ၀ကို တစိတ်တပိုင်းဖေါ်ပြနေတဲ့ သတင်းတရပ်ကို ဥပမာအဖြစ် တင်ပြပါ့မယ်။

ဆော်ဒီအာရေဗျ မက္ကာမှာ တနှစ်တကြိမ် ကျင်းပတဲ့ မွတ်ဆလင်များရဲ့ ဘာသာရေးပွဲတော်ကို နှစ်စဉ်သွားရောက်တဲ့ တရုတ်မွတ်ဆလင်များဟာ လေယာဉ်တွေကို စင်းလုံးဌားပြီး သွားကြတာ တွေ့ရပါတယ်။ ရွာလုံးကျွတ်၊ မြို့လုံးကျွတ်ကို သွားနေတာပါ။

(ခ) လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး။
ဒါတွေကိုလည်း အဆင့်ရှိစွာ လုပ်ဆောင်ပါတယ်။ ဖမ်းမိတဲ့အကြမ်း
ဖက်သမားများကို သူတို့ရဲ့ကျူးလွန်ခဲ့တဲ့ပြစ်မှုအလိုက် တရားစီရင်ရာမှာလည်း အဆင့်အမျိုးမျိုး ခွဲပါတယ်။
နောင်တရသူ၊ မိမိကိုယ်မိမိအဖမ်းခံသူ၊ သတင်းတွေ သဲလွန်စတွေဖေါ်ပြောသူတွေ စတာ စတာတွေကိုတော့ အလွန် သက်ညှာစွာ အပြစ်ပေးပါတယ်။ ထောင်ကျနေစဉ်မှာလည်း သက်ဆိုင်ရာ ဗလီဆရာတွေနဲ့ တွေ့ခွင့်ပြုပြီး တကယ့်ကိုရမ်ကျမ်း စတာတွေကို လေ့လာစေပါတယ်။ ဒီလိုနည်းနဲ့ အကြမ်းဖက်ဝါဒ မှိုင်းမိနေတဲ့ (မွတ်စလင်) လူငယ်အများစုကို လွတ်မြောက်စေပါတယ်။ လူသစ် စိတ်သစ် ဖြစ်စေပါတယ်။

ဒေသအသီးသီးမှာလည်း ဒေသဆိုင်ရာလူမျိုးတွေကို လုံခြုံရေးဆိုင်ရာတာဝန်တွေ ပေးအပ်ပါတယ်။ နည်းနာပေါင်းစုံ ကျင့်သုံးတာပါ။ ရွာတွေအထိ လုံခြုံ့ရေးကွန်ရက်ကို ဖြန့်ကျက်ထားလို့ သတင်းသဲလွန်စ အစအနတွေ (ဥပမာ – လူစိမ်းဝင်လာတာ) အဆက်မပြတ် ရနေတတ်ပါတယ်။

(ဂ) ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ဆောင်ချက်များ။

တရုတ်အစိုးရက အကြမ်းဖက်ဝါဒရဲ့ဇာစ်မြစ်ဟာ ဆင်းရဲမွဲတေမှုနဲ့ အသိဥာဏ်ပညာ နိမ့်ကျမှု
ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် တပြည်လုံး တခွင်တပြင်လုပ်ဆောင်နေတဲ့ ဆင်းရဲမှုပပျောက်ရေး
စီမံ့ကိန်းတွေကို လုပ်ဆောင်ကြရာမှာ ဒီဒေသတွေကို အထူးဦးစားပေးဒေသများအဖြစ် သတ်မှတ်ပါတယ်။

ဒေသလိုက် ဒေသလိုက် တွဲဖက်ပေးပြီး အကူအညီပေးတဲ့စနစ် (Pairing Assistance Program) ဆိုတာကို တီထွင် လုပ်ဆောင်ရာမှာ အတော့်ကိုအောင်မြင်တာ တွေ့ရပါတယ်။

အဲဒီစနစ်ကတော့ ဥပမာအားဖြင့် ရှံဟဲကို စင်ကျန်က မြို့တမြို့နဲ့ တွဲဖက်ပေးလိုက်ပြီး အဲဒီမြို့ရဲ့
ဖက်စုံ တိုးတက်ဖွံ့ဖြိုးရေးကို ရှံဟဲက တာဝန်ယူရပါတယ်။ စီးပွားရေးအရ စက်ရုံဖွင့်လှစ်နိုင်ရေးအတွက် ကူ
ညီရတာ၊ ပညာရေး အဲဒီမြို့က ကျောင်းသားတွေကို ခေါ်ယူသင်ကြားပေ့းရတာ၊ မိမိဆီကဆရာများကို အဲ
ဒီမြို့လွှတ်ပြီး မွမ်းမံသင်တန်းတွေပေးရတာ၊ ကျန်းမာရေးအရလည်း ဆရာဝန်များ ဆေးအဖွဲ့များ လွှတ်ပေးရတာ စသဖြင့် အကုန် တာဝန်ယူရတာပါ။ ဒီလိုနည်းနဲ့ ဖွံ့ဖြိုးတိုးတက်ပြီးဒေသ (ရှံဟဲ) က မိမိရဲ့ဖွံ့ဖြိုးမှုကို မျှဝေပေးရတာပါ။ ဒီလိုတွဲဖက်တဲ့နည်းနဲ့ စင်ကျန်ပြည်နယ်တခုလုံးကို မြှုင့်တင် ပေးလိုက်ပါတယ်။

ပညာရေးကလည်း မသင်မနေရ စနစ်ပါ။ ပြည်မကြီးမှာ အခမဲ့စနစ်ကို ၉နှစ်သာ ထားပေမဲ့ အဲသလို လူမျိုးစုဒေသတွေမှာ ၁၂နှစ် ထားပါတယ်။ တခြားထောက်ပံ့ရေး အစီအစဉ်များလည်း ရှိပါသေးတယ်။ လူမျိုးစုကျောင်းသားများ တက္ကသိုလ်ကျောင်းဝင်ခွင့် လျှောက်ရာမှာ အမှတ် (၂၀) အပိုဆောင်းပေးတာ၊ တက္ကသိုလ်များဝင်ခွင့်မှာ ကိုတာစနစ်ထားရှိတာ (လူမျိုးစုကျောင်းသား – ၁၀% လက်ခံရမယ် ဆိုတာမျိုး)
ကျန်လူမျိုးစုများအနေနဲ့ မိမိတို့အတွက် ဘက်အသီးသီးမှာတရားမျှတစွာ ဆက်ဆန်ခံရတယ်။ မိမိတို့ အပေါ်မတရားခွဲခြားမှုမရှိဘူး ဆိုတာကို လက်တွေ့အရ ခံစားလာရအောင် လုပ်ဆောင်ပေးတာပါပဲ။

ဒီလိုနည်းနဲ့ လူမျိုးစုတွေ (မွတ်စလင်လူနည်းစုတွေအပါ) ကို စည်းလုံး သိမ်းသွင်းနိုင်ခဲ့ပါတယ်။ ဒါတွေကို အလွန် စိတ်ရှည်စွာ နှစ်ရှည်လများ အနစ်နာ အဆင်းရဲအမျိုးမျိုးခံပြီး လုပ်ခဲ့ရတာပါ။ (ဥပမာ – တရုတ် (ဟန်လူမျိုး) ဆရာဝန်ကြီးတွေ၊ ပါမောက္ခကြီးတွေ အဲဒီဒေသတွေမှာ သွားအမှုထမ်း၊ ဒေသခံတွေကို ပညာတွေသင်ပေး စတာတွေမျိုး)

ဒါ့အပြင် ၂၀၀၀ ခုနှစ်များအလွန်မှာ တရုတ်ပြည်ရဲ့ စီးပွားရေးပုံစံပြောင်းဖို့ လုပ်ဆောင်လာရာမှာ အလုပ်သမားခတွေ တိုးမြင့်လာနေတဲ့ တရုတ်ပြည်အရှေ့ဘက်နဲ့ တောင်ဘက်များက စက်ရုံများ အဲဒီဒေသတွေကို ရွှေ့ပြောင်းလာတဲ့အတွက် ဒေသခံလူများအတွက် အလုပ်အကိုင်များ ပေါ်ပေါက်လာမှုကလည်း ဒေသတွင်းဆင်းရဲမှုတွေကို ပပျောက်စေခဲ့ပါတယ်။

အခုပေါ်ထွက်လာနေတဲ့ ၂၁ရာစုရဲ့ အလွန်မျှော်မှန်းချက်ကြီးလှတဲ့ ပိုးလမ်းမစီမံကိန်းကြီးရဲ့ လမ်းမကြီးတသွယ်ဟာ အဲဒီစင်ကျန်ဒေသကထွက်ပြီး အာရှအလယ်ပိုင်း (ယခင် ဆိုဗီယက်ယူနီယံက ကွဲထွက်လာတဲ့နိုင်ငံများ) ကိုဖြတ်ပြီး အရှေ့အလယ်ပိုင်းကနိုင်ငံများကို ရောက်ပါတယ်။ ဒီမှာတင် စင်ကျန်အတွက် စီးပွားရေးအခွင့်အလမ်းတွေ အများအပြား ပေါ်ပေါက်လာပါတယ်။

ဥပမာအားဖြင့် ဟာလာစီးပွားရေးလုပ်ငန်း (မွတ်စလင်များရဲ့ အစားအစာလုပ်ငန်း) ဟာ ဒေါ်လာ
ဘီလီယံ ချီ ၀င်တဲ့လုပ်ငန်းပါ။ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများဟာ အလွန်ချမ်းသာတဲ့ မွတ်စလင်နိုင်ငံ
များဖြစ်တော့ အဲဒီကရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး စင်ကျန်မှာ တိရစ္ဆာန်မွေးမြူရေးခြံတွေ၊ သားသတ်စက်
ရုံတွေ တည်ဆောက်စေပါတယ်။ အမြန်ရထားလမ်းတွေကလည်း ပေါက်နေပြီဖြစ်ပါတယ်။ မွတ်စလင်တွေကပဲ လုပ်ဆောင်နေတာမို့ အာရပ်များရဲ့ယုံကြည်စိတ်ချမှုကို ပိုရနေပါတယ်။ အဲဒီလုပ်ငန်းရဲ့ဝင်ငွေကလည်း အတော်ကောင်းနေတာ တွေ့ရပါတယ်။

စင်ကျန်ပြည်နယ်ကအထွက် ပိုးလမ်းမတလျှောက်ဟာ မွတ်စလင်နိုင်ငံများချည့် ဖြစ်တာကြောင့်
ဒီဒေသတခုလုံး စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်လာနိုင်တာကြောင့် အကြမ်းဖက်ဝါဒလည်း တဖြည်းဖြည်း အရှိန်အဟုန် ကျဆင်းလာနိုင်ပါတယ်။

ဒါကတော့ တရုတ်များပြောပြောနေတဲ့ အားလုံးပါဝင် အကျိုးရှိတဲ့ နည်းနာများဖြစ်ပါတယ်။

ဒီလိုနည်းနဲ့ တရုတ်ပြည်ဟာ သူ့ပြည်တွင်းမှာပေါ်ပေါက်ခဲ့တဲ့ စင်ကျန်ဒေသက မွတ်စလင်အကြမ်း
ဖက်သမားများရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ် ကန့်သတ်နိုင်ခဲ့ပါတယ်။

အဓိက ပြည်သူလူထုတရပ်လုံးကို စည်းလုံးညီညွတ်စွာ အတူတကွပူးတွဲနေနိုင်အောင် နိုင်ငံရေးအရလည်း ပညာပေး စီးပွားရေးအရလည်း ထောက်ကူ ပညာရေးအရလည်း မြှင့်တင်ပေး စသဖြင့် ဘက်စုံက (တယောက်မှ မကျန်နေရအောင်) လုပ်ဆောင်ပေးမှုရဲ့ ရလာဒ်ပါပဲ။ ပြည်သူလူထုအကျိုးစီးပွားကို ဦးထိပ်ထားတဲ့ အစိုးတရပ်ကသာ ဒါမျိုးလုပ်နိုင်မယ် ဖြစ်ပါတယ်။

ဗမာပြည်ရဲ့ရခိုင်အရေးဟာလည်း အလွန်ရှုပ်ထွေးပါတယ်။ ပထ၀ီနိုင်ငံရေးအရ ဗမာပြည်ရဲ့ တရုတ်အရင်းအနှီးအပေါ် မှီခိုပြီး စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်လာမှာ အထူးသဖြင့် ပိုးလမ်းမကြီးရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ဘင်္ဂလားဒေရှ်နိုင်ငံနဲ့ တဆက်တစပ်ထဲဖြစ်သွားမှာ စတဲ့နိုင်ငံတကာအကြောင်းရင်းများအပြင်၊ ပြည်တွင်းအကြောင်းများ (မိမိတို့ရဲ့လက်ဝယ်ရရှိပြီးသား အကျိုးအမြတ်များ ထိန်းသိမ်းထားချင်) ကလည်း ဆွေးနွေးမယ်ဆို အများကြီး ဆက်ဆွေးနွေးနိုင်ပါတယ်။

အဓိက အရေးကြီးတာကတော့ ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်လုပ်ဆောင်ပေးတဲ့ အစိုးရတရပ် ပီပီပြင်ပြင်ရရှိရေးသာ ဖြစ်ပါတယ်။ ပြည်သူလူထုကြီးက ဒါကိုမျက်ခြည်မပြတ်ကြဖို့ ဖြစ်ပါတယ်။

လှကျော်ဇော
၂၄-၁၀-၂၀၁၇

No comments:

Post a Comment