Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 30, 2017

အသားထဲကထွက်တဲ့လောက်

အသားထဲကထွက်တဲ့လောက်
သရ၀ဏ်(ပြည်)
၁၈၈၅ ခုနှစ် နိုဝင်ဘာလ အလယ်လောက်တွင်ဖြစ်သည် ။ မမြင်စဖူးများပြားလှသော သင်္ဘောအုပ်စုကြီးသည် ဧရာဝတီမြစ်အတိုင်း တောင်မှမြောက်သို့ ဆန်တက်ခုတ်မောင်းလာလေသည် ။ ထိုသဘောင်္အုပ်စုကြီးတွင် ယူနီယံဂျက်ခေါ်ဂရိတ်ဗြိတိန်နိုင်ငံ၏အလံများတလွှားလွှားလူလျက်ရှိသည် ။ သေသေချာချာကြည့်သောအခါမှ ထိုသဘောင်္အုပ်စုမှာ သာမန်ကူးသန်းရောင်းဝယ်ရေးအတွက်ခရီးထွက်လာခဲ့ကြသော ကုန်သွယ်ရေးသဘောင်္များမဟုတ်ကြ ၊ ကျန်ရှိနေသေးသော အထက်မြန်မာပြည်ကို စစ်ရေးအရတိုက်ခိုက်သိမ်းပိုက်အုပ်ချုပ်ကျွန်ပြုရန် ထွက်လာခဲ့ကြသော အင်္ဂလိပ်ရေတပ် ၊ကြည်းတပ် ပူးပေါင်းတပ်ဖွဲ့ပင်ဖြစ်သည် ။ အင်္ဂလိပ်တို့ သည် ချီတက်သာတက်လာရသော်လည်း သိပ်ပြီး စိတ်ချလက်ချ ရှိလှသည်မဟုတ် ။ ယခင်စစ်ပွဲနှစ်ကြိမ်ဖြစ်ဖူးထားသဖြင့် ၁၈၂၄ ၊ ၁၈၅၂ ခုနှစ်များတွင် တွေ့ ကြုံခဲ့သည့်တိုက်ပွဲအတွေ့ အကြုံများအရ မြန်မာတို့သည် မည်မျှ လက်နက်ခြင်း ၊လူအင်အားခြင်း ကွာခြားသည်ဖြစ်စေ အနိုင်မခံ အလျှော့မပေးပဲ နောက်ဆုံးထွက်သက်အထိ ရွပ်ရွပ်ချွန်ချွန်အသက်စွန့်၍ တိုက်ပွဲဝင်လေ့ရှိကြောင်းသူတို့သိကြသည် ။ မြန်မာစစ်သည်များသည် မရဏနိုင်ငံသို့သွားရာတွင်ပင် အင်္ဂလိပ်စစ်သား ၊ ဂေါ်ရာစစ်သားများကို သေမင်းနိုင်ငံသို့ သူတို့နှင့်တပါတည်းရနိုင်မျှပါအောင်ခေါ်သွားဖို့ ကြိုးစားလေ့ရှိသည် ။ ဒါကို ယခင်တိုက်ပွဲမှတ်တမ်းများမှတဆင့် အင်္ဂလပ်စစ်ဗိုလ်ချုပ် ပရင်ဒါဂတ် ( General Harry Prendergast ) ကောင်းကောင်းသိသည် ။ ထို့ကြောင့် မြစ်ကြောင်းအတိုင်းသတိကြီးစွာထား၍ အထက်မြန်မာပြည်သို့ ဆန်တက်ခဲ့ခြင်းဖြစ်ပါသည် ။ ခုခံတိုက်ခိုက်မှုများရှိလာခဲ့ပါလျှင် စစ်ရေးနည်းဖြင့်ရှင်းမည် ။ သို့ သော် မတိုက်ရပဲ စစ်ပွဲကိုအောင်နိုင်လျှင်အကောင်းဆုံးဖြစ်သည် ။ ထို့အတွက်သူ့ မှာဝှက်ဖဲတချပ်ရှိသည် ။

ဧရာဝတီမြစ်ကြောင်းအတိုင်းချီလာသောအင်္ဂလိပ်ရေတပ်သဘောင်္အုပ်စု၏ ရှေ့ဆုံးတွင် သဘောင်္တစီးဦးဆောင်လာပါ၏ ။ ထိုသဘောင်္၏ကုန်းပါတ်ပေါ်တွင် လူမြင်သာလောက်သောနေရာ၌ လူတယောက်သည် မတ်တပ်ရပ်ချည်တခါ သလွန်ပေါ်တွင်ထိုင်ချည်တလှည့်ဖြင့်လိုက်ပါလာပါသည် ။ ထိုသူကို မြန်မာဘုရင်များခေတ်က မင်းညီမင်းသားများသာ အသုံးပြုခွင့်ရှိသော ရွှေထီးတော်နှစ်လက်မိုးထားပါသည် ။ သူ၏အသွင်အပြင်အ၀တ်အစားမှာလည်း ရတနာပုံနေပြည်တော်မှ မင်းသားကြီးများအတိုင်းပင် တသွေမတိမ်းဝတ်စားထားကာ ငွားငွားစွင့်စွင့် လိုက်ပါလာပါသည် ။ တိုက်ခိုက်ရန်ချောင်းမြောင်းကြည့်ရှုနေကြသော မြန်မာကင်းထောက်များသည် ရှေ့ဆုံးသဘောင်္ကုန်းပါတ်ပေါ်မှ နန်းဝတ်နန်းစားဝတ်ထားသူတယောက်ကိုမြင်သည်နှင့်
“ ညောင်ရမ်းကိုယ်တော်ကြီးပါလား “ဟုအံ့သြစွာ ရေရွတ်မိကြသည် ။အချို့ဆိုလျှင် ကိုင်စွဲထားသောဓားလှလက်နက်များကို မြေသို့ ချကာ မြစ်ကမ်းနဖူးမှထိုင်ကန်တော့ကြသည် ။ထိုအချိန်တွင် နိုင်ငံတော်၌ ညောင်ရမ်းကိုယ်တော်ကြီးကို ထိပ်စုဘုရားကြီးနှင့်လက်ဆက်ပေးကာ နန်းတင်မည်ဟုသတင်းစကားများပျံ့နှံလျက်ရှိရာ မြန်မာအများသည် လက်ရှိသီပေါဘုရင်ကို မနှစ်သက်သည့်အတွက် မင်းလောင်းမျှော်လျှက်ရှိကြ၏ ။ မြန်မာ့နန်းတွင်းဝယ် ဆင်ဖြူမရှင်မိဖုရားကြီး နှင့် စုဖုရားလတ်တို့ သားအမိသည် ဘုရင်အပေါ်လွှမ်းမိုးပြီးတိုင်းရေးပြည်ရာများတွင်ဝင်ရောက်စွက်ဖက်နေခြင်းအား တိုင်းသူပြည်သားများကမနှစ်သက်ကြချေ ။ ထိုအခြေအနေတွင် အင်္ဂလိပ်စစ်သဘောင်္ပေါ်၌ ညောင်ရမ်းကိုယ်တော်ကြီးကိုတွေ့ လိုက်ရသောအခါ မြန်မာတို့သည်အင်္ဂလိပ်ကိုနယ်ချဲ့သူများဟုမမြင်ကြတော့ပဲ မိမိတို့လိုလားသော ဘုရင်ကိုကူညီနန်းတင်ပေးရန်လာသူများဟုသာမြင်ကြတော့သည် ။ထို့ ကြောင့် အင်္ဂလိပ်တို့မျှော်မှန်းသလောက်ခုခံတိုက်ခိုက်မှု မကြုံခဲ့ရပေ ။မန္တလေးနန်းတော်ကိုအလွယ်တကူပင်သိမ်းပိုက်နိုင်ခဲ့သည်။ သီပေါမင်းတရားအား နန်းတော်မှခေါ်တော်မူကာ ဂေါဝိန်ဆိပ်အနီးမြစ်လယ်တွင်ရပ်နားထားသော သူရိယသဘောင်္ပေါ်သို့ တင်ထားတော်မူစဉ် သီပေါမင်းစံတော်မူရာသဘောင်္အနီးသဘောင်္တစင်းပေါ်တွင် ရွှေထီးနှစ်လက်မိုး၍ မင်းသားကဲ့သို့ ဝတ်ဆင်ထားသူကို တွေ့ ရာ ထိပ်စုဘုရားကြီး၏အပျိုတော်များက ထိုလူကိုသွားကြည့်ကာ ငါတို့သခင်မနဲ့လက်ဆက်ပြီး နန်းသိမ်းပွဲခံမှာ ဟိုကိုယ်တော်ကြီးပဲတဲ့ဟဲ့ ဟုပြောဆိုနေသံကိုသီပေါမင်းတရားကြားသည်ဆို၏ ။ ထို့ကြောင့် သဲသဲကွဲကွဲသိရစေရန် သီပေါဘုရင်မင်းမြတ်သည် သူစံတော်မူရာအခန်း၏တရုတ်ကပ်မှန်ပေါင်အကြားမှအချိန်အတန်ကြာ ကြည့်ရှုနေသည်ဆို၏ ။

 နောက်ဆုံးတွင်မှ
“နောင်တော်ညောင်ရမ်းမဟုတ်ပါဘူး ၊ ငါနောင်တော့်ကိုသိပါတယ် ၊ ဘယ်ကလူမှန်းမသိ “ဟုမိန့်တော်မူလေ၏ ။
အကယ်စင်စစ် ညောင်ရမ်းကိုယ်တော်ကြီးအယောင်ဆောင်လာသူမှာ အင်္ဂလိပ်တို့၏ အစိုးရအမှုထမ်း မြန်မာနိုင်ငံသား မြန်မာလူမျိုး ဘသန်းဆိုသူပင်ဖြစ်သည် ။ ယောက်ျားတယောက်သည် မည်မျှပင်ယုတ်မာဆိုးသွမ်း မိုက်မဲ၍ သူခိုးဓားပြ မုဒိမ်းသမားဖြစ်ရစေကာမူ ကိုဘသန်းဆိုသူ လုပ်ခဲ့သော အလုပ်လောက် ယုတ်မာညစ်ထေး၍ အောက်တန်းအကျဆုံးသောအလုပ်ရှိတော့မည်မထင်ပေ ။ မိမိနိုင်ငံ မိမိလူမျိုးကို ကျွန်ပြုသိမ်းပိုက်ရန်ချီတက်လာကြသော တိုင်းတပါးသားများ သွားလမ်းသာ၍လာလမ်းဖြောင့်ဖြူးစေရန် မိမိကိုယ်ကိုယ် မင်းညီမင်းသာမဟုတ်ပဲဟုတ်သယောင်နှင့် ရှေ့တော်ပြေးလမ်းရှင်းပေးသော သူထက်ပို၍ ယုတ်ညံ့သော သစ္စာဖောက်ကားလောက၀ယ်မရှိပြီ ။ကိုယ်ပြုခဲ့သောအလုပ်၏မသတီဖွယ်ကောင်းပုံကို ထိုသူသည် အပြည့်အ၀မှနားလည်ပါလေစဟုသာမေးစမ်းကြည့်ချင်လှပါသည် ။ အင်္ဂလိပ်တို့သည် နှုတ်ကဖွင့်ဟမပြောသော်လည်း မောင်ဘသန်း၏လုပ်ရပ်ကိုကြည့်၍ မြန်မာတို့၏မျိုးချစ်စိတ်ဓာတ်ခေါင်းပါးပုံ၊ ကိုယ်ကျိုးကွက်ကွက်ပဲကြည့်ပုံကိုအလွန်စက်ဆုပ်ရွံရှာမည်ဖြစ်သည် ။ မိမိနိုင်ငံအတွက် နောက်ဆုံးအချိန်အထိ အသက်ပေး၍ရွပ်ရွပ်ချွန်ချွန်တိုက်ခိုက်ခဲ့သော မဟာဗန္စုလလိုစစ်သူကြီးကိုမူ ရန်သူပင်ဖြစ်လင့်ကစား စိတ်အတွင်းမှကြိတ်၍လေးစားနေမည်ဖြစ်သည် ။

ခေတ်ပြောင်းသွားသော်လည်း နယ်ပယ်အသီးသီးတွင် မောင်ဘသန်းတို့ကားမတိမ်ကောပါပေ ။ကိုလိုနီခေတ်တွင် နာမည်ကျော်ဆရာစံသူပုန်ထမှုကြီး ၁၉၃၀ ဒီဇင်ဘာ ၂၂ တွင်စတင်ဖြစ်ပွားခဲ့သည် ။ တောင်သူလယ်သမားအရေးတော်ပုံသည် သာယာဝတီနယ် ဇိမ်စာ၊ အင်းကောက်၊ ရေတိုက်၊ ဖားရွှေကျော်၊ ဆီနှစ်ခွ၊ လှည်းလမ်းကူး အစရှိ သော ကျေးရွာများမှ စတင်ကာ ရက်အနည်းငယ်အတွင်း သာယာဝတီနယ်အနှံ့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်တို့၏ လူခွန် ၊သဿမေဓခွန် အမျိုးမျိုးကောက်ခံပြီးတောင်သူလယ်သမားတို့ အကြပ်အတည်းဆိုးရွားစွာဆိုက်စေခြင်း၊ ဘာသာသာသနာကို ထိပါးစော်ကားခြင်း ၊ အုပ်ချုပ်သူများကအနိုင်အထက်အကြိမ်ကြိမ်စော်ကားခြင်း ၊စီးပွားရေးလွန်စွာကြပ်တည်းခြင်း၊ တောင်သူလယ်သမားတို့ဘ၀ လယ်မဲ့ယာမဲ့ဖြစ်လောက်အောင်ဆင်ရဲတွင်းနက်လာခြင်း တို့ကြောင့် နယ်ချဲ့အင်္ဂလိပ်ကို လက်နက်ကိုင်တော်လှန်ခဲ့ပေသည် ။ဆရာစံသည် မိမိကိုယ်ကို သုပဏ္ဍကဂဠုဏရာဇာဘွဲ့ခံကာ ဂဠုန်တပ်များကိုဖွဲ့စည်းပြီး အင်္ဂလိပ်ကိုတော်လှန်တိုက်ခိုက်သည် ။ ဓား၊လှံ၊လေး၊မြား၊ ဒူးလေးမှလွဲ၍ လက်နက်ကောင်းဟူ၍ လုံးဝမရှိ သောဂဠုန်တပ်များကို မြန်မာပြည်ရှိ စစ်တပ်၊ ပုလိပ်တပ်များအပြင် ဘိလပ်မှ ဂေါရာတပ်၊ အိန္ဒိယမှ ပန်ချာပီတပ်များပင်ခေါ်ယူကာ ခေတ်မီ လက်နက်များဖြင့် အပြင်းအထန်နှိမ်နင်းခဲ့ရလေသည်။ ခေါင်းဆောင်ကြီးဆရာစံအား ဖမ်းဆီးနိုင်ရန် ဆုငွေ ၅၀၀၀ိ/- ပေးမည်ဟု ၁၉၃၁ ဇန်နဝါရီလ ၉ ရက်နေ့တွင် ကြေညာခဲ့လေသည်။ ထိုမှတဖန် ငါးမည်ရ ဆရာစံ ဆုငွေ ၅၀၀၀ိ မှ ၁၀၀၀၀ ကျပ်အထိတိုးပေးမည်ဟု ဧပြီလ ၂၃ ရက်နေ့တွင် ထပ်မံကြေညာခဲ့ခြင်းဖြစ်သည်။ ဆရာစံသည် မူလက ခရိုင်အသီးသီးတွင် တပြိုင်နက်တည်း ထကြွပုန်ကန်ရန် အစီအစဉ်များ ပြုလုပ်ထားသော်လည်း အခြားခရိုင်မှ ပုန်ကန် ထကြွမှုများမရှိသေးဘဲ သာယာဝတီခရိုင်ထဲ၌သာ ပုန်ကန်လျက်ရှိရာ နယ်ချဲ့တပ်များ အလုံးအရင်းနှင့် ဖိ၍တိုက်ခိုက်မှုများကြောင့် ဆရာစံ အား အစိုးရတပ်များက လက်ရဖမ်းဆီးသွားမည်ကို စိုးရိမ်သောကြောင့် ခေတ္တခဏမျှ တနေရာသို့ ရှောင်တိမ်းရန် အကြံပေးကြသည်။ ဤသို့ ဖြင့် ဆရာစံသည် အလံတောင်စခန်းကို ဘားမားရိုင်ဖယ်တပ်များ တက်ရောက်သိမ်းပိုက်သည့်နေ့မှာပင် အလံတောင်စခန်းမှ တိမ်းရှောင်သွား ခဲ့သည်။ ၁၉၃၁ခု ဇူလိုင်လတွင် ဆရာစံသည် ရှမ်းပြည်သို့တိမ်းရှောင်၍ ရှမ်းတောင်သူကြီးများနှင့်ဖွဲ့စည်းထားသော ဂဠုန်တပ်များဖြင့် နောင်ချို၊ နောင်ပိန်၊ ရပ်စောက်တို့ရှိ နယ်ချဲ့အစိုးရတပ်များအား ချီတက်တိုက်ခိုက်သည်။ ထို့နောက် ၁၉၃၁ သြဂုတ် ၂တွင် ဆရာစံအား နောင်ချိုမြို့ မြောက်ဘက် သုံးဆယ်နယ်၊ ကုလားကွဲခရိုင် ဟိုခိုနောင်ကွမ်းရွာအနီးတွင် အင်္ဂ လိပ် ပုလိပ်တပ်များက ဖမ်းဆီးရမိခဲ့သည်။ထိုသို့ ဖမ်းဆီးနိုင်ခြင်းမှာ အခြားမဟုတ် ဆရာစံကိုဖမ်းမိအောင်သတင်းပေးနိုင်သူအား ဆုငွေ ၁၀၀၀၀ ကျပ်ပေးမည်ဟူသောအင်္ဂလိပ်အစိုးရ၏ မက်လုံးပေးမှုကို နားယောင်ခဲ့သော အနီးစပ်ဆုံးလူယုံသစ္စာဖောက်သတင်ပေးခဲ့သောကြောင့် ဆရာစံအဖမ်းခံရခြင်းဖြစ်ပေသည် ။ သတင်းပေးသူကား လမ်းပြဦးကာပင်ဖြစ်လေသည် ။အနီးကပ်လူယုံသာသစ္စာမဖောက်လျှင်ဆရာစံကိုနယ်ချဲ့အင်္ဂလိပ်တို့တော်တော်နှင့်ဖမ်းမိမည်မဟုတ်ပေ ။ ဂဠုန်ဆရာစံသည် ဖားရွှေကျော်တိုက်ပွဲ နောက်ပိုင်း ရှမ်းပြည်နယ်ဘက်သို့ တိမ်းရှောင် ခဲ့ရပြီးနောက် ၂ သြဂုတ် ၁၉၃၁ တွင် လမ်းပြ ဦးဖိုးကာ၏ သစ္စာဖောက်မှုကြောင့် ဖမ်းဆီးခြင်း ခံခဲ့ရလေသည်။ မြန်မာတို့ကား မိမိလူမျိုးအချင်းချင်းသစ္စာဖောက်ဖို့ကိုအသွေးထဲအသားထဲမှ ပါလာဟန်ရှိလေသည် ။

မြန်မာနိုင်ငံအလယ်ပိုင်းသာစည်နယ်တ၀ိုက်တွင် တောပုန်းကြီးစံဖဲဟူ၍ ကိုလိုနီခေတ် ၁၉၂၆ ဒီဇင်ဘာလ ၃ ရက်နေ့မှစကာမြန်မာတပြည်လုံး ဟုန်းဟုန်းထအောင်ကျော်ကြားခဲ့ဖူးသည် ။နဂိုကစံဖဲသည်လူဆိုးမဟုတ် လူရိုးလူကောင်းဖြစ်သည် ။ စံဖဲ၏ ယောက်ဖ ကိုလုံးသည် သာစည်မြို့သားရေကုမ္ပဏီပိုင်ရှင် ဂျာမန်အမျိုးသား မစ္စတာတရစ်ထံတွင် အလုပ်ဝင်လုပ်ခဲ့သည်။ နောက်ပိုင်းတွင် မစ္စတာတရစ်က စံဖဲကို မွေးစား၍ ကျောင်းထားပေးသည်။ ၄ တန်းသာ နေခဲ့သည်။ စံဖဲကို မစ္စတာ တရစ်က အမဲလိုက်ရာသို့ ခေါ်၍ သေနတ်ပစ်သင်ပေးခဲ့ရာ များမကြာမီ စံဖဲသည် လက်ဖြောင့်သေနတ်သမားပမာ သေနတ်ပစ်ကျွမ်းကျင်သွားသည်။စံဖဲ၏ဇနီး မသိန်းရင်ကိုသိမ်းပိုက်ချင်နေသော သူကြီးသား ငပုဆိုသူက စံဖဲကို ဓားပြမှုတမှုတွင်လက်နက်မှုဖြင့်အမှုဆင်၍ ထောင်ခြောက်လကျအောင် အာဏာပိုင်တို့နှင့်ပေါင်းကာ အကွက်ဆင်လိုက်သည် ။ စံဖဲထောင်ကျနေစဉ် မသိန်းရင်၏မိဘများကိုအမျိုးမျိုးခြိမ်းခြောက်နှိပ်စက်ပြီး မသိန်းရင်ကို ငပုကသိမ်းပိုက်လိုက်သည် ။ စံဖဲထောင်မှထွက်လာသောအခါ မိန်းမကို ငပုကသိမ်းပိုက်ပြီးဖြစ်နေရုံမျှမက ပုလိပ်ဘက် နှင့်ပေါင်းကာ စံဖဲကို နယ်နှင်ဒဏ်ပေးကာ ဇာတိမြေမဲတောရွာသို့ပြန်လာခွင့်မပေးပဲ ဆူးပန်းကျေးရွာသို့  လူဆိုးစာရင်းဝင်အဖြစ် သွားရောက်နေစေသည် ။ ထိုသို့အနိုင်ကျင့်ခံရမှုများအပြင် တခါက စံဖဲကိုမသင်္ကာမှုဖြင့် ရာဇ၀တ်အုပ်ဦးညီမောင်ကဖမ်းဆီး၍ သူကြီးအိမ်သို့ ခေါ်လာသည်။သူကြီးကတော်ကရာဇ၀တ်အုပ်စားရန်မြေပဲလှော်နှင့်လက်ဘက်လာချပေးသည် ။ ဗိုက်ဆာနေသောတရားခံစံဖဲက မြေပဲလှော်အားကောက်ယူစားလိုက်မိရာ ရာဇ၀တ်အုပ်က “ဟေ့ကောင် ဒါလူစားတဲ့အစာကွ မင်းလိုတရားခံလူမျိုး စားဖို့ ချထားတာမဟုတ်ဘူး”ဟု လူပုံအလည်တွင်အရှက်ကွဲအောင်ပြောဆိုခဲ့ပေသည် ။ မခံနိုင်သော စံဖဲက ရာဇတ်အုပ်ကိုသတ်ကာ အိမ်ပေါ်မှထွက်ပြေးသွားရာမှစကာ စံဖဲသည် ရာဇ၀င်လူဆိုးစာရင်းဝင်သွားလေသည် ။ စံဖဲသည်မြန်မာလူမျိုးအချင်းချင်းကိုဒုက္ခမပေးသော်လည်း သူကြီးဆိုးများ ၊ ပုလိပ်ဘက်ဆိုင်ရာ များ၊ သူ့ မယားကိုလုယူသွားသူမောင်ပုနှင့်ပတ်သက်ဆက်နွယ်သူများ၊ ကိုတွေ့ ရာသချိ င်္ုင်း နှိမ်နှင်းလေ့ရှိသည် ။

စံဖဲကိုအမိဖမ်းပေးနိုင်သူအား ဆုတော်ငွေ ၅၀၀၀ ကျပ်ပေးမည်ဟုကြေငြာထားသော်လည်း မည်သူမှမဖမ်းရဲကြပေ ။အချို့ကဖမ်းရဲသော်လည်း မြန်မာအမျိုးသားချင်း ဖမ်းဆီးမပေးလိုကြပေ ။ စံဖဲကလည်းအားကျမခံမြို့ ပေါ်သို့ တက်လာကာ မယားခိုးငပုနှင့် သာစည်နယ်ပိုင်ဝန်ထောက်တို့၏ ဦးခေါင်းကို ရရှိအောင် မိမိအားကူညီလျှင် ဆုတော်ငွေ ၁၀၀၀ ကျပ်ပေးမည်ဟု (၁၀)တန်ငွေစက္ကူတွင်ရေး၍ သာစည်မြို့ပိုင်ရုံးတွင် ရဲရဲဝံ့ဝံ့ ကပ်ထားလေသည်။ ထိုအချိန်မှစ၍ စံဖဲက အင်္ဂလိပ်အစိုးရအား စိန်ခေါ်ရာမှ ဗိုလ်စံဖဲအမည်တွင်ခဲ့သည်။

သို့သော်မြန်မာများကားအထက်ကပြဆိုခဲ့သော ညောင်ရမ်းမင်းသားဟန်ဆောင်ပေးသော မောင်ဘသန်း ၊ ဆရာစံကိုဖမ်းမိရန်သတင်းပေးလက်ထောက်ချခဲ့သော ဦးဖိုးကာ တို့လိုပင် ငွေရမည်ဆိုကာမဆိုလုပ်ဖို့ဝန်မလေးသောသူများလည်းမနည်းချေ။ ကိုယ့်လူမျိုးချင်းကိုယ်ပြန်ဖမ်းပေးကာ စံဖဲကိုအင်္ဂလိပ်အစိုးရလက်အပ်၍ဆုငွေထုတ်ရန်မအပ်မရာကြံစည်ကြသောမြန်မာများလည်းရှိခဲ့လေသည် ။ ဗိုလ်စံဖဲအား ထုတ်ပြန်ထားသော ဆုတော်ငွေကို မက်၍ လိုင်စင်သေနတ်ကိုင်ထားသူ ၀မ်းတွင်းမြို့မှ နယ်ချဲ့အစိုးရအလိုတော်ရိ ရှေ့နေ ဦးရွှေဗျိုင်းနှင့် စာရေးကြီး ဦးသက်ထွန်းတို့သည် စံဖဲအား ဖမ်းရန် သာဂရရွာမှ ဦးသက်ထွန်း၏ ညီတ၀မ်းကွဲ ကိုကံစ၏အိမ်သို့ လာရောက် စုဝေးကြသည်။ ထိုနေ့ကား ၁၉၂၇ ခုနှစ် မေလ ၅ ရက်နေ့ဖြစ်သည်။ ထိုသတင်းကို ဗိုလ်စံဖဲကြားထားသည့်အတွက် ကိုကံစ၏ အိမ်ကို ၀င်ရောက်တိုက်ခိုက်ရာ ရှေ့နေကြီး ဦးရွှေဗျိုင်းမှာ ဆုငွေမရလိုက်ဘဲ စံဖဲလက်ချက်ဖြင့် အသက်ပါသွားခဲ့သည်။ စာရေးကြီး ကိုသက်ထွန်း၊ ကိုကံစတို့မှာ ဒဏ်ရာရပြီး ကိုသက်ထွန်း၏ ဇနီး မပုမှာ အချောင်သေဆုံးသွားခဲ့လေသည်။ စံဖဲကား သူ့ ကိုမည်သူမှမဖမ်းနိုင် ။နောက်ဆုံးတွင် ၁၉၂၇ ခုနှစ် သြဂုတ်လ ၂၅ ရက် ကြာသပတေးနေ့ သာစည်မြို့နယ် မောင်းမဆည်ရွာအနီး တောထဲတွင် သေနတ်ခေါင်းအုံး၍ ငှက်ဖျားရောဂါဖြင့် လဲနေသော ဗိုလ်စံဖဲကို အစိုးရတပ်များက တောနင်းရှာဖွေရာ ရှာမတွေ့ဘဲဖြစ်နေရာ ဗိုလ်စံဖဲက ပုလိပ်ကို လက်ယပ်ခေါ်ပြီး `ငါစံဖဲဖြစ်တယ်´ ဟု သူကိုယ်တိုင် အဖမ်းခံရမှ ဖမ်းမိတော့သည်။ အစိုးရအစွမ်းကြောင့် ဖမ်းမိခြင်းမဟုတ်ဘဲ ငှက်ဖျားရောဂါကြောင့်သာ ဖမ်းမိခဲ့ခြင်းဖြစ်သည်။မြန်မာအချင်းချင်းအကြိမ်ကြိမ်သစ္စာဖောက်သော်လည်းမမိပဲကိုယ်တိုင်အဖမ်းခံမှ မိသည်မှာ စံဖဲ၏ ထူးခြားချက်ဖြစ်သည် ။

မြန်မာနိုင်ငံ၏ သမိုင်းကို ပြန်ကြည့်သောအခါ မိမိလူမျိုးအချင်းချင်း ၊ ဘာသာတူသူအချင်းချင်း ပြန်၍ချောက်ချ ၊ မဖြစ်စလောက်သော ငွေကြေးနှင့်အခွင့်အရေးအတွက် တိုင်းပြည်နှင့်လူမျိုးကိုသစ္စာဖောက်မှုများမှာ မရေတွက်နိုင်အောင်ပေါများလေသည် ။၁၉၈၈ မတ်လ ၁၆ ရက်နေ့က ရန်ကုန်တက္ကသိုလ်ပင်မ၀င်းထဲမှ အင်းစိန်စက်မှုတက္ကသိုလ်သို့ သွားရောက်ပူးပေါင်းရန် ပြည်လမ်း အတိုင်းချီတက်လာကြသောတက္ကသိုလ် ကျောင်းသားကျောင်းသူများသည် တံတားဖြူမှတ်တိုင်အနီးတွင် လုံထိမ်းတပ်ဖွဲ့ဝင်များ၏ ညှပ်ပူးညှပ်ပိတ် ခြေမှုန်းခြင်းကိုခံရပြီး အင်းလျားကန်ဘောင်ရေစပ်ဘက်သို့လည်းကောင်း ၊ ပြည်လမ်း အနောက်ခြမ်း အိမ်များရှိရာ သို့လည်းကောင်း ၊ အတွင်းလမ်းကြိုလမ်းကြားများမှတဆင့်ရပ်ကွက်ထဲသို့  လည်းကောင်းခြေဦးတည့်ရာအသက်လု၍ပြေးကြရပါသည် ။ မပြေးနိုင်ပဲအမိခံကြရသူများမှာ နံပါတ်တုတ်ဖြင့်ရိုက်ခံရခြင်း ၊ ဆံပင်ဆောင့်ဆွဲခံရခြင်း၊ပါးရိုက်ခံရခြင်း ၊စစ်ဖိနပ်ဖြင့်ဆောင့်ကန်ခံရခြင်း စသည့်လူမဆန်သောနှိမ်နှင်စနည်းများဖြင့် အပ်တိုတစ်ချောင်းပင်ကိုင်မထားသောကျောင်းသားကျောင်းသူများကို အကြမ်းဖက်နှိမ်နှင်းပါသည် ။ ပြောချင်သည်မှာ ထိုနေ့က ပြည်လမ်းမကြီးအင်းလျားကန်အနီးတ၀ိုက်တွင်အချို့သော အိမ်ခြံများထဲသို့  ကျောင်းသားကျောင်းသူများသည်အားကိုတကြီးဝင်ပြေးကြပါသည် ။ အချို့သောအိမ်ပိုင်ရှင် ၊ခြံပိုင်ရှင်များက ကျောင်းသားကျောင်းသူများကိုသားသမီးချင်းကိုယ်ချင်းစာကာ ဖွက်ထားပေးပါသည်။ပုန်းခိုခွင့်ပေးခဲ့ကြပါသည် ။ သို့သော်အချို့သော အိမ်ပိုင်ကြီးရှင် ၊ခြံကြီးရှင်တို့ ကား မိမိအိမ်ထဲသို့ပြေးဝင်ေ၇ာက်ရှိလာပြီုးဖြစ်သည့်ကျောင်းသားကျောင်းသူများကို လက်သင့်မခံရုံမက လုံခြုံရေးတပ်ဖွဲ့ဝင်များကိုပါဖုန်းဆက်အကြောင်းကြားသဖြင့် လာရောက်ဖမ်းဆီးခြင်းခံကြရတော့သည် ။ ကျောင်းသားများ အရိုက်ခံရသည် ၊အဖမ်းခံရသည် ၊ အချို့ဘ၀တွေပျက်သည် ၊ အချို့ အသက်တွေဆုံးရှုံးသည် ။ ထိုသို့  သတင်းပေးတိုင်ကြားလိုက်ရသူတွေသည် ဘာတွေများပြန်ရကြပါသလဲ ။ကိုယ်ပြုခဲ့သောအပြုအမုကို ယခုလိုဒီမိုကရေစီခေတ်တွင် ငါကဒီလိုလက်ထောက်ချသတင်းပေးခဲ့တာကွဟု လူကြားထဲချပြောဝံ့ကြပါမလား ၊ ကိုယ်ရပ်တည်ခဲ့သောဘက်သည် သစ္စာဖောက်လောက်ကောင်ဘ၀ပါလားဟုသာတနုံ့ နုံ့ ရှက်ရွံ့ နေရမည့်အဖြစ်များဖြစ်သည် ။

ယခုအခါ ရခိုင်ကိစ္စသည် နိုင်ငံတော်တွင်ထိပ်တန်းပြသနာတရပ်ဖြစ်လာနေချေသည် ။ သို့ သော် ဤပြသနာသည် နေ့ချင်းညချင်းဝုန်းကနဲဒိုင်းကနဲ ဖြစ်လာခဲ့ခြင်းမဟုတ် ။ သွေးရိုးသားရိုးအခြေတည်လာတာပါသလို လူလုပ်အမှား (Human Error )များကြောင့် တဖြည်းဖြည်း နိုင်ငံနှင့်လူမျိုးဒုက္ခရောက်ခဲ့ကြတာတွေရှိသည် ။ သစ္စာဖောက်များကြောင့် နိုင်ငံထိခိုက်ခဲ့ရသည် ။ လွန်ခဲ့သော နှစ်ကာလများစွာက ရခိုင်နယ်စပ်သို့  သွားချင်သော ၀န်ထမ်းများများပြားလှသည် ။ ရခိုင်သည် လူဝင်မှုကြီးကြပ်ရေးအပါအ၀င်အချို့သောဌာနဆိုင်ရာများအတွက် ရွှေပုံပေါ်ထိုင်ရသလို ၊ရတနာပုံကြီးဆိုက်ကိန်းတွေ့ ခဲ့ကြသည် ။ မှတ်ပုံတင်လိုချင်လျှင်မည်ရွေ့ မည်မျှ ၊ တရားမ၀င်ဝင်လာလိုလျှင်မည်ရွေ့ မည်မျှ စသည်ဖြင့် သတ်မှတ်ပေါက်ဈေးများ ဖြင့် မြန်မာ-ဘင်္ဂလီ နှစ်ဦးနှစ်ဘက် အလုပ်ဖြစ်ခဲ့ကြသည် ။ ကိုယ့်ကိုပစ်မည့်ကျဉ်ဆန်ကို ကိုယ်ပြန်ရောင်းနေခဲ့ကြသည် ။ ကိုယ့်နိုင်ငံကိုကျဲမည့်ဗုံးကိုကိုယ်ကိုယ်တိုင်တပ်ဆင်ပေးနေမိကြသည် ။ ရခိုင်နယ်စပ်မှ မြန်မာနိုင်ငံအတွင်းသို့ သစ္စာဖောက်လောက်ကောင်များသည် ကားလမ်းမှလည်းကောင်း၊ရေလမ်းမှလည်းကောင်း အာဏာနှင့်နည်းမျိုးစုံကိုသုံးကာ မိမိ၏ရလိုမှုကိုယ်ကျိုးတခုအတွက် တိုင်းပြည်ကို သစ္စာဖောက်ခဲ့ကြသည် ။ ရခိုင်တွင်ဘင်္ဂလီများကို တလင်တမယားဥပဒေဖြင့် လူဦးရေထိမ်းချုပ်ရန်ကြိုးစားခြင်းသည်အောင်မြင်မှုအလွန်နည်းပါသည် ။ရခိုင်တွင် ဘင်္ဂလီများသည်ဒေသဆိုင်ရာ အုပ်ချုပ်ရေးအရာရှိ၏ခွင့်ပြုချက်မရှိပဲ အိမ်ထောင်ပြုခွင့်မရှိပါ ။ဤစည်းမျဉ်းသည်ဘင်္ဂလီများအနေဖြင့်အိမ်ထောင်ပြုလိုပါက သက်ဆိုင်ရာအရာရှိများအား ဘင်္ဂလီများထံမှလာဘ်ယူရန်အခွင့်အရေးဖန်ဆီးပေးသကဲ့သို့ဖြစ်နေပြီးလက်တွေ့ တွင် အကျိုးသက်ရောက်မှုမရှိပေ ။ဘင်္ဂါလီအများအပြားသည် အစိုးရထံမှခွင့်ပြုချက်မယူပဲ တိတ်တဆိတ်လက်ထပ်အတူနေသူများအမြောက်အမြားရှိပါသည် ။အစိုးရအသိအမှတ်မပြုသောအိမ်ထောင်ပြုမှုမှ ရရှိလာသောတရားဝင်စာရင်းမ၀င်သည့်ကလေး (၂၀၁၂ စာရင်းအရ) ၆၀၀၀၀ ဦးခန့်ရှိသည်ဟုခန့်မှန်းကြသည် ။ယခုအခါ အဆပေါင်းများစွာပိုများလာနိုင်ပါသည် ။တာဝန်ရှိသောလူတယောက်ခြင်းကလာဘ်စားကာတိုင်းပြည်ကိုသစ္စာဖောက်ခဲ့လျှင် ရေရှည်တွင်တိုင်းပြည်ပဲဒုက္ခရောက်ပေမည် ။

မကြာသေးမီကလည်း ဘင်္ဂလားဒေ့ရှ်သို့  မြန်မာနိုင်ငံသားနှစ်ဦးသည် ဂျာမဏီနိုင်ငံ GEO မဂ္ဂဇင်းမှစေလွှတ်ခိုင်းစေမှုကြောင့် ဘင်္ဂလီ (သူတို့အခေါ်ရိုဟင်ဂျာ )ဒုက္ခသယ်များကိုသွားရောက်ဓာတ်ပုံရိုက်ကူးခဲ့ပေသည် ။ထိုသူများသည် မြန်မာနိုင်ငံဘက်မှရပ်တည်သူများလား ၊ ဂျာမဏီဘက်ကလိုချင်သော (ရိုဟင်ဂျာဒုက္ခသည်များ)ဓာတ်ပုံကို ရယူဖို့ကြိုးစားနေသူများဖြစ်သည် ။ သူတို့၏ရပ်တည်ချက်သည် ဘယ်သူ့ ဘက်ကလည်းဆိုတာ နဖူးပေါ်လက်တင်စဉ်းစားစေလိုပါသည် ။

ရာဇ၀င်အဆက်ဆက် မြန်မာနိုင်ငံသည် ညောင်ရမ်းကိုယ်တော်ကြီးလိုဝတ်ဆင်ဟန်ဆောင်ပြခဲ့သော မောင်ဘသန်းလိုလူများ၊ ဆရာစံကိုသစ္စာဖောက်သတင်းပေးခဲ့သော ဦးဖိုးကာလိုပုဂ္ဂိုလ်များ၊ ဆုငွေလိုချင်သဖြင့်ဗိုလ်စံဖဲကိုဖမ်းဆီးရန်ကြိုးစားခဲ့သော ရှေ့နေကြီးဦးရွှေဗျိုင်းနှင့်စာရေးကြီးကိုသက်ထွန်းလိုလူများ ၊ ၈၈ အရေးအခင်းတွင်ကျောင်းသားကျောင်းသူများအဖမ်းခံရအောင် ချောက်တွန်းခဲ့ကြသူများ ၊ မိမိမိသားစုငွေကြေးရလိုမှုတခုတည်းအတွက် ဘင်္ဂလီများကို ရန်ကုန်သို့  နည်းအမျိုးမျိုးဖြင့် အခကြေးငွေယူကာပို့ ဆောင်ခဲ့ကြသူများ ၊ ဘင်္ဂလီများ ဇနီးတယောက်ထက်ပိုမိုလက်ထပ်ကာ ကလေးတွေတပြုံကြီးမွေးနေသည်ကို လာဘ်ငွေယူကာမသိချင်ယောင်ဆောင်ခဲ့သူများ၊ ကိုယ့်နိုင်ငံ အစိုးရ ကိုယ့်လူမျိုး ကိုပစ်တင်ရှုတ်ချရန် မြန်မာစစ်တပ်ကရက်ရက်စက်စက် တိုက်ခိုက်သဖြင့်ထွက်ပြေးလာရသောသနားစရာ ရိုဟင်ဂျာဒုက္ခသည်များဟု နိုင်ငံတကာသို့ ပြမည့်ဓာတ်ပုံကို ကိုယ်တိုင်သွားရောက်ရိုက်ကူးပေးသူများ၊ ဗမာစင်စစ်ဖြစ်ပါလျက်မိမိကိုယ်ကိုရိုဟင်ဂျာဟုဆိုကာ နိုင်ငံတကာကိုဒေါ်လာလက်ဖြန့်တောင်းနေသူများ စသည်ဖြင့် အသားထဲကထွက်ခဲ့သော လောက်များနှင့် များခဲ့ပြီဖြစ်သည် ။ထိုသို့ သစ္စာမဖောက်ကြဖို့  ဥပဒေနှင့် ကြပ်မတ်ရုံဖြင့်ရနိုင်သည်မဟုတ် ။ လုပ်သင့်မလုပ်သင့်ဆိုသောကိစ္စကိုမိမိနှလုံးသားနှင့် ပိုင်းခြားဝေဖန်ပြီး နောင်ရာဇ၀င်အဆက်ဆက် အများတံတွေးခွက်တွင်ပက်လက်အမျောမခံရစေဖို့ မိမိအသိတရားနှင့်မိမိသာ မိမိနိုင်ငံ ၊မိမိလူမျိုး ၊မိမိဂုဏ်သိက္ခာကိုစောင့်ရှောင့်ရစ်ကြပါဟုတိုက်တွန်းလိုက်ရပါသတည်း ။
သရ၀ဏ်(ပြည်)
စောင့်ကြည့်ဂျာနယ်
၂၉.၉.၂၀၁၇

No comments:

Post a Comment