Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 6, 2017

စိတ်မနာပါစေနဲ့



ကျနော် တရားဟောပုဂ္ဂိုလ် မဟုတ်ရပါ ၊ သို့သော် အဖေ အသက်ပျောက်ဖို့ ၅ မိနစ်ခန့်အလိုမှာ ကျနော့် နှလုံးသားထဲက တရားလေး ဟောဖြစ်ခဲ့တယ် ။ ရှင်တော်မြတ်စွာဘုရားရဲ့အတိုဆုံးသော တရားတော် တစ်ခုကို အဖေ့အား share လုပ်ပေးဖြစ်ခဲ့တယ် ။ ဖြစ်ပုံက ၁၂-၄-၂၀၁၅ သင်္ကြန်အကြိုနေ့ နံနက် ၉နာရီခန့် ကျနော့်ရေချိုးခန်းဝမှာ အဖေ့ ဝေယာဝစ္စဆောင်ရွက်ပေးနေတဲ့ ခလေးမလေး လာအကြောင်းကြားပေးတယ် ၊ အဖိုးတစ်ယောက် အရင်လို မဟုတ်ဘူး ယောက်ယက်ခတ်နေတယ် ၊ လာကြည့်ပေးပါတဲ့ ။ လိုက်သွားကြည့်တော့ ဘဘ(အဖေ) အရင်ထက် ချိနဲ့ပြီး မောပန်းနေတယ် ချွေးတွေ လည်းစို့လို့ ။ ကျနော် ဘုရားစင်မှာ ဗောဇ္ဈင်္ဂသုတ် ပရိတ်သွားယူပြီး ဘဘ ဘေးမှာထိုင်လို့ ၃ခေါက် ရွတ်ပေးမိတယ်။ ဆရာဝန်တလှည့် ဘုရား ဂုဏ်တော် တဖုံနဲ့ ဘဘအသက်ကို ဆွဲဆန့်ပေးလာတာလည်း အသက်(၉၀)ဖြစ်ခဲ့ပြီ ။ စကားမပြောနိုင်တော့ပဲ ဖျော့တော့နေတဲ့ ဘဘ ကျနော့်လက်ကို လှမ်းကိုင်တယ် ။ လွန်ခဲ့တဲ့(၅)ရက်ကမှ ရွှေFMရေဒီယိုမှာ နာလိုက်ရတဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့တရားတော်လေး ဘဘကို ပြန်ပြောပြ ဖြစ်သွားတယ် ။ တရားတော်ရဲ့သမိုင်းကြောင်းကတော့ မြတ်စွာဘုရားရှင်ရဲ့ ဘ၀ အဟောင်း အဟောင်းတွေတုန်းက တော်စပ် ခဲ့တဲ့ ဖခင် မိခင်ဟောင်း က ဘုရားရှင်ကို လက်ရှိဘ၀မှာ လျှောက်တာ ဒီလိုတဲ့ ။ အဖေတို့အမေတို့ အသက်ကြီးပြီ အိုပါပြီ သေခါနီး အခုချိန်မှာ သားတော် ဘုရားရှင်ရဲ့ ခက်ခဲ နက်နဲလွန်းတဲ့ တရားတော်တွေကို အဖေအမေတို့ နာယူခွင့် ရနေသော်လည်း ဥာဏ်နှုံ့ချိန် ဘ၀စွန့်ခါနီးချိန်မှာ  နားလည်နိုင်စွမ်း မရှိ တော့ပါ ၊ ဒါကြောင့်မို့ အဖေအိုအမေအိုတို့ နားလည်နိုင်မည့် တရားတော် ခပ်တိုတိုလေးများ ရှိခဲ့လျှင် ဟောပေး တော်မူပါတဲ့ ။ ဘုရားရှင်တော်မြတ်ကလည်း တော်ပါပေ့တယ် ၊ ချက်ခြင်းပဲ ဒိုးခနဲ ဒေါက်ခနဲ ဟောချ ပါလေရော ၊ အဖေအမေတို့ ကိုယ်ခန္ဓာဘယ်လောက်ပင် နာပါစေ ၊ စိတ်မှာ မနာပါစေနှင့် တဲ့ ။ စက္ကန့်ပိုင်းမျှသာ ကြာမည့် တရားပွဲကြီး ပြီးသွားပါတယ် ။ စာဖတ်သူ သင် သံသယရှိပါသလား ။ တရားဓမ္မဆိုတာ ဒီလောက်တောင် တိုရသလား ၊ ပေါ့ပျက်နိုင်လှချည်လားလို့ တွေးမိပါသလား ။ မြတ်စွာဘုရားရဲ့ ၄၅ ၀ါ ပါတ်လုံး ဟောခဲ့သမျှတရားတွေ အားလုံးဟာ ဒီတရားအတိုလေးရဲ့ အသေးစိတ် ရှင်းလင်းချက်တွေချည်းပဲ၊ (တနည်း) ခေါင်းစဉ်ကြီးအောက်က ခေါင်းစဉ်ခွဲ အသေးလေးတွေသာလျှင် လို့ ကျနော်နားလည်ပါတယ်  (မှားရင် လည်း ခွင့်လွှတ်ကြပါ) ။ ကျနော်တို့အားလုံး အသက်ထွက်အောင် ဝေဒနာအမျိုးမျိုး အဖုံဖုံဖြင့် နှိပ်စက်မည့် ကျနော်တို့ရဲ့ခန္ဓာကိုယ် လူဆိုးကြီးကို အနိုင်ပြန်ယူဖို့ဖြစ်စေ၊ တောင်းပန် အသနားခံ လို့ဖြစ်စေ ၊ ဘယ်လိုပဲ ကြိုးစားသော်လည်း တစ်နေ့မှာ ကျနော်တို့ အရှုံးပေးရမှာ သေချာပါတယ် ။ ကျနော်တို့ကို အသေသတ်မည့် ရန်သူဟာ ဘယ်ကများ လာပါလိမ့်မလဲလို့ မစဉ်းစားပါနဲ့၊ အသေသတ်ဖို့ အမှန်တကယ် ဂျူတီကျ စောင့်ဆိုင်းနေသူက ကျနော်တို့ရဲ့ ခန္ဓာကိုယ်ကြီးပါပဲ ။ ကျနော်တို့ ကျွေးတဲ့ ထမင်းလည်း နေ့တိုင်းစားတယ်။ ထမင်းရှင် ကျေးဇူးရှင်ကို ဒုက္ခအမျိုးမျိုး ရောဂါအမျိုးမျိုး ဖန်တီးပြီး အသေပြန်သတ်မှာလည်း ဒီခန္ဓာကိုယ်ကြီးပါပဲ ။ ကျနော်တို့ ခိုင်းတိုင်း အကုန်လုပ်ပေးတယ် သစ္စာစောင့်သိတယ် လို့ ထင်ရသော်လည်း နောက်ဆုံးမှာ လုံးဝ(လုံးဝ) သစ္စာ ဖေါက်ပြီး သခင်ကို ပြန်သတ်သွားမည့်သူက ကျနော်တို့ရဲ့ ခန္ဓာကိုယ်ကြီးပါပဲ။ ထွက်သက် အချိန်နီးမှ ဟဲ့ သစ္စာဖေါက်ကြီးရဲ့ နင်ငါ့အလို မလိုက်ရကောင်းလား လို့ ဒေါသတွေထွက်မိမှာ အသေအချာပဲ ။ ဒေါမနသနဲ့ အသက်ထွက်သွားရင် ဒုက္ခ အတိပြီးတဲ့ အပါယ်လေးဘုံထဲမှာ ဘ၀အသစ် သွားဖြစ်တယ်တဲ့။ မြတ်စွာဘုရားက ဒါကို ကြိုသိနေလို့ ကိုယ်ခန္ဓာဘယ်လောက်ပင် နာပါစေ ၊ စိတ်မှာ မနာပါစေနှင့်လို့ လိုရင်း အနှစ်ချုပ်ကို တိုတို ရှင်းရှင်းလေးပဲ ဟောပေးခဲ့တာ ။ ဒါကြောင့် -
ဘဘ  အသက်ထွက်ကာနီး ကျနော် ပြောဖြစ်လိုက်တာက  ဘဘ အခုနာကျင်ခံစားနေတဲ့ ဝေဒနာထက် ၁၀ ဆ မက ထပ်နာချင်လည်း နာပါစေ ၊ ဒီဝေဒနာကို အပြိုင် အနိုင်လုဖို့ မကြိုးစားပါနဲ့ ။ သူ့သဘောနဲ့သူ ဖြစ်နေတာ ၊ ဘဘ သူ့ကို ဘာမှ မလုပ်နိုင်စွမ်းပါဘူး ။ ဖြစ်ချင်တာ ဖြစ်စမ်းပါစေ လွှတ်သာ ထားလိုက်ပါ ။ ဘဘ စိတ်ကို ခန္ဓာကိုယ်ရဲ့ ပြသသနာနဲ့ မရောပါစေနဲ့ ။ ယုတ်မာတဲ့ ခန္ဓာကိုယ်ကြီး သူ့ဟာသူ ဘာလုပ်လုပ် ဘဘနဲ့ မပါတ်သက်ပါစေနဲ့ ၊ ဘဘ ဘ၀မှာ အမြတ်တွေ အများကြီးရခဲ့ပြီ ၊ ပြည်တော်အေး ကမ္မဌာန်းကျောင်းမှာ နှစ်စဉ်မပျက် ၀ါဦး သီတင်းတိုင်းလည်း ဥပုတ်ဆွမ်းလှူလာခဲ့တာတွေ ပြန်သတိရလိုက်ပါ ။ သားသမီးတွေလည်း လူလားမြောက်ခဲ့ပြီပဲ ၊ ဘဘ ဘ၀မှာ အမြတ်တွေချည်းပဲ ကျေနပ်စရာတွေ အပြည့်ပဲ ။ ဒါတွေပဲ အောင့်မေ့ပါ ။ ခန္ဓာ့ ဝေဒနာ နှိပ်စက်နေတာ သူ့သဘောနဲ့သူ ပစ်သာထားလိုက်ပါ ။ ဘဘစိတ်ကို သီးခြားခွဲထုတ်ပါ ဘဘ လို့ ကျနော်ပြောဖြစ်ခဲ့ပါတယ် ။ ကျနော်ပြောနေတာ ဘဘ တုန့်ပြန် စကားပြောဖို့ အင်အားလက်ကျန် မရှိတော့ပြီ ။ ခက်ခဲလွန်းလှစွာ အသက်ရှုနေရင်း ၊ ချိနဲ့ ရွန့်တွနေတဲ့ သူ့လက်နဲ့ ကျနော့်လက်ကို လှမ်းကိုင်ပြီး ငြိမ်နားထောင်နေတယ် ။ ကျနော့် တရားစကားလေး ပြီးသွားတော့ ဘဘ ချွေးမထွက်တော့ပါ ။ အသက်ရှုတဲ့ ပုံစံ ကလည်း အလုအယက်ရှုရာ ကနေ မှန်မှန်လေး ဖြစ်လာတယ် ။ မျက်လုံးစုံမှိတ်ချပြီး ကျနော့်တရားဆက်နာပါတယ် ။ စကားမပြောနိုင်သော်လည်း ကျနော့်လက်ကို အသာလေး ဖွဖွကိုင်ထားတာ အဓိပ္ပါယ်ဖေါ်ကြည့်ရင်ဖြင့် ဘဘ ရင်ထဲမှာ ကျနော့်ကို ဘာတွေများပြောနေပါလိမ့် ။ အေးဟုတ်တယ် မင့်ပြောမှပဲ ငါအမှတ်ရ တော့တယ်လို့ ပြောနေလေသလား ၊ မင့်တရား ဆက်ဟောပါဦးလို့ ပြောသလား ၊ ဘဘ ဘ၀ကူးတော့မယ် ငါ့အနားက မခွာကြပါနဲ့လို့ ပြောချင်လို့ ကျနော့်လက်ကို ဆွဲထားသလား ၊ ကျေးဇူးပဲ သားရယ်လို့ ပြောနေသလား ၊ နောက်ဆုံး နှုတ်ဆက်ခြင်းဖြင့် နှုတ်ဆက်နေပြီလား ၊ တခုခုတော့ တခုခုပဲ ။ သေချာတာကတော့ ဘဘမျက်နှာမှာ ဝေဒနာ ခံစားနေရတဲ့ အရိပ်အယောင်မရှိတော့ဘူး ၊ အသက်ရှုနှုန်း ပုံမှန်ဖက် ဦးတည်လာတယ် ။ ဘဘ စိတ်အခြေအနေက ခန္ဓာကိုယ်နှိပ်စက်မှု ဝေဒနာ ဆီက ခွဲထွက်နိုင်ပြီဆိုတာ သေချာတယ် ။ တနည်းပြောရရင် ဝေဒနာ ခွာရှုနည်းဆိုတဲ့ အတတ်ကို ဘဘ သေခါနီး မိနစ်ပိုင်းအလိုမှာ ကျင့်တတ်သွားလေပြီ ။ ဒီအချိန်မှာ မယ်မယ်(အမေ) ၀င်လာတယ် ။ အသံဗလံ မလုပ်ပါနဲ့လို့  ဘဘ အသက်ပျောက်တော့မယ်ဆိုတဲ့အကြောင်း မယ်မယ့်ကို ကျနော် အရိပ်အယောင်ပြပြီး အသံတိတ် သတိပေးပါတယ် ။ ပိုသေချာအောင်လို့ အခန်းပြင် ခဏထွက် ပေးပါလို့ ကျနော် လက်ပြပြီး မယ်မယ်ကို ခဏခေါ်ထုတ်တယ်။ ဘဘကိုလည်း ခဏလေးနော် ကျနော် ချက်ခြင်း ပြန်လာမယ်လို့ နှစ်သိမ့် ပြောခဲ့တယ် ။ အခန်းပြင်ရောက်တော့ ဘဘ အသက်ပျောက်တော့မယ်ဆိုတဲ့အကြောင်း ၊ မိသားစုဝင်များအားလုံး တိတ်ဆိတ်စွာ နေပေးဖို့ အားလုံးကို သတိပေးပြီး  တရားထပ်ဟောပေးဦးမယ် ရည်ရွယ်ချက်နဲ့ ဘဘအခန်းထဲ ချက်ခြင်း ပြန်ဝင်ပါတယ် ၊ သို့သော် ဘဘ ခမြာ လုံးဝ ငြိမ်သက်နေရှာပြီ ။ ဒူးထောင်အိပ်နေတဲ့ ပိန်လှီလှီ ဒူးနှစ်ဘက် အိပ်ယာပေါ် ဖြည်းဖြည်းချင်း လှဲကျသွားပါတော့တယ် ။ ဘဘ ရင်ဖတ်ပေါ်တင်ထားတဲ့ စောင်ပါးလေး အသာဖယ်ပြီး ဘဘ ရင်ဖတ်ကို ကျနော် နားကပ်နားထောင်ကြည့်တော့ နှလုံးခုံသံ လုံးဝ မရှိတော့ဘူး ။ ကိုယ်ထဲကျန်နေသေးတဲ့ လေ အဟုန်နဲ့ ချွဲသံတော့ တချက်နှစ်ချက် ကြားလိုက်ရသေးတယ် ။ ဘာဖြစ်ဖြစ် သေချာတာတော့ ဘဘ သေရှာပြီ ။
မီးစာကုန် လောင်စာခမ်းတဲ့ အသက်(၉၀)ဘဘ တစ်ယောက် အသက်ထွက်ချိန်လေး အားရစရာကောင်းလှပါတယ် ။ အခြားသူတွေလိုမျိုး အော်ဟစ်ငြီးတွား ရုန်းကန်ပြီး မချိမဆန့် အသက်ပျောက်သွားတာမျိုး မရှိတာကြောင့် ဘဘ တစ်ယောက် အပါယ်မကျဘူးဆိုတာ ကျနော်ရိပ်စားမိပြီး အရမ်း ကြည်နူး ၀မ်းသာမိတယ် ။ သူတကာက မေးကြမယ် ၊ ကိုယ့် အဖေ သေတာ မင်းမို့လို့ ၀မ်းသာရသလား မေးရင် တကယ် ၀မ်းသာပါတယ် ။ တစ်ဘ၀ မှာ တစ်ခါထည်းသာ သေခွင့်ရှိတာမို့ အသေမှားသွားရင် ပြန်ပြင်ဖို့ မရနိုင်ဘူး ။ အခုတော့ ဘဘ တစ်ယောက် ကွက်တိကြီး အသေမှန်သွားတာ မျက်မြင်ကိုယ်တွေ့ မြင်ရတာ ကျနော် အရမ်းဝမ်းသာတယ် ။ ပီတိဖြစ်လွန်းလို့ မျက်ရည်များထွက်ကျလာပြီး ၊ ရင်ထဲမှာ အလုံးလိုက်ကြီး ဆို့နှစ်ပြီး ကျနော် ဘာစကားသံမှ ထွက်လို့ မရတော့ဘူး ၊ သတိ တရားက နာရေးကူညီမှု အသင်းမိတ်ဆွေကို ဖုန်းဆက်ရတော့မယ် အသိပေးလာလို့ ဖုန်းနံပါတ် နှိပ်ပါတယ် ၊ ဟိုဖက်က ဖုန်းကိုင်ချိန်မှာ ကျနော် စကားပြောလို့ မရတော့ဘူး ။ ဘဘ နှင့် အပြီးတိုင်ခွဲခွာရပြီဆိုတဲ့အသိ ခံစားချက်ရယ် ၊  ဘဘ အပါယ်မကျဘူး ဆိုတာရော သိလို့ ၀မ်းသာလုံး ဆို့တာရော ပေါင်းပြီး တယ်လီဖုန်းထဲက ဟဲလို အသံကို ကျနော် မတုန့်ပြန်နိုင်တော့ပါ ။ စကားသံ ဘယ်လိုမှ ထွက်မရတော့ပြီ ၊ ကျနော့် ရင်ဖတ်အ၀မှာ ခံနေတဲ့ ကြီးမား မာခဲနေတဲ့ အလုံးကြီးကို ဖိချရင်းက ဇနီးသည် လက်ထဲကို ဖုန်းထိုးပေးပြီး အမူအယာနှင့် အကူအညီတောင်း သူ့ကိုပဲ ဖုန်းပြောခိုင်းရပါတယ် ။ ဘဘ ကောင်းရာ သုဂတိ လားနိုင်အောင် အလွယ်ဆုံးနည်းလေး လို တို ရှင်း သင်ပေးခဲ့တဲ့ ဘုရားရှင်ကိုလည်း အောင့်မေ့ ကျေးဇူးတင်လိုက်တာ ။
စာဖတ်သူခင်ဗျား ၊ သင် သေကာနီးရင် မဖြစ်မနေ သတိရဖို့ မှာပါရစေ၊  ကိုယ်ခန္ဓာဘယ်လောက်ပင် နာပါစေ ၊ စိတ်မှာ မနာပါစေနှင့် ။ သင့် မိသားစုကိုလည်း ပြောပြပါ ။ သင့်မိတ်ဆွေတွေ အားလုံးကိုလည်း ပြောပြကြပါ ။ ကမ္ဘာသူ ကမ္ဘာသားအားလုံး မည်သူနှင့်မဆို သက်ဆိုင်တဲ့ တရားတော်လေးပါ ။ အားလုံးထံ share ပေးကြပါ ။ ရောဂါဖိစီးလို့ သော်လည်းကောင်း ဘေးဆိုး ကပ်ဆိုး သဘာဝဘေးဒါဏ် အမျိုးမျိုးကြောင့် သော်လည်းကောင်း ၊ စစ်မက်ဘေး နှင့် ယာဉ်အန္တ္ကရာယ်အမျိုးမျိုးကြောင့် သော်လည်းကောင်း၊ အခြား နည်းမျိုးစုံသော အသေနည်းတွေကြောင့် သော်လည်းကောင်း ဘယ်နည်းနှင့် မဆို သင် သေတော့ မယ်ဆိုရင် (အသိလေး သတိလေး ရှိနေသေးရင်) ကိုယ်ခန္ဓာဘယ်လောက်ပင် နာပါစေ ၊ စိတ်မှာ မနာနိုင်အောင် ကြိုးစားကြပါ ။ မမေ့ကြပါနှင့် ၊      ကျနော်လည်း မမေ့ဖြစ်အောင် ကြိုးစားပါမယ် ။ 
ကိုယ်ခန္ဓာ ဘယ်လောက်ပင် နာပါစေ ၊  စိတ်မှာ မနာကြပါစေနှင့် ။ ဘ၀ကူး ကောင်းနိုင်ကြပါစေသောဝ်                                                                                                                 ( ထင်လင်းဆွေ )