Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 7, 2017

ဇာတ်ကောင်တွေရဲ့ လေယူလေသိမ်းကို လေ့လာတဲ့ပညာရပ် -Lincoln ဇတ်ကားမှ Daniel Day Lewis ရဲ့ လေယူလေသိမ်း


ဟောလိဝုဒ်မှာ အရည်အချင်းပြည့်ဝတဲ့ ဒါရိုက်တာ (skilled director) တွေ နဲ့ အရည်အချင်းပြည့်ဝတဲ့ သရုပ်ဆောင် (skilled actor) တွေရဲ့ ထူးခြားပြောင်မြောက်တဲ့ အရည်အချင်းတွေထဲက တစ်ခုကတော့ - မင်းသား၊ မင်းသမီးတစ်ယောက်က အင်္ဂလိပ်လိုပြောလိုက်တာ နဲ့ အဲဒီပြောလိုက်တဲ့ လေသံ (accent) ကို ဖမ်းပြီးတော့ ဒီမင်းသား (သို့) မင်းသမီးဟာ (အမေရိကန်ဆိုရင်) အမေရိကန်ပြည်ထောင်စုထဲက ဘယ်ပြည်နယ်က လူတွေပြောတဲ့ လေသံလဲဆိုတာကို တန်းပြီး သိတယ်။ ဥပမာ - အမေရိကန် တောင်ပိုင်းသံ (Southern accent) လား ၊ အနောက်အလယ်ပိုင်းသံ (Mid West accent) လား၊ အနောက်ဗာဂျီးနီးယား လေသံ (West Virginia accent) လား၊ New York accent လား၊ Boston accent လား၊ Texas accent ဆိုတာကို သိတယ်။

အကယ်၍ မင်းသား၊ မင်းသမီးက အမေရိကန် မဟုတ်ပဲ အမေရိကန်ပြင်ပက အင်္ဂလိပ်စကား ပြောတဲ့နိုင်ငံတွေ က လာတဲ့သူဖြစ်တယ်ဆိုရင်လည်း Canadian accent လား၊ British accent လား၊ South African accent လား၊ Australian accent လား၊ New Zealander accent လားဆိုတာကို တန်းပြီး သိတယ်။

ဟောလိဝုဒ်မှာ တကယ့် ထိပ်တန်း မင်းသား၊ မင်းသမီးတွေဆိုရင် ကြိုက်တဲ့လေသံ နဲ့ သူတို့ကို စကားပြောခိုင်းကြည့်။ အင်္ဂလိပ်စကားကို လေသံပေါင်းစုံ နဲ့ ပြောနိုင်တယ်။ ဥပမာ - Lincoln ဇာတ်ကားထဲမှာ အမေရိကန် သမ္မတ အေဗရာ ဟန်လင်ကွန်း အဖြစ်သရုပ်ဆောင်သွားတဲ့ ဗြိတိန်မင်းသား Daniel Day Lewis ရဲ့ လေယူလေသိမ်း (အဲဒီဇာတ်ကားမှာ Daniel Day Lewis အကောင်းဆုံး အမျိုသားဇာတ်ဆောင်ဆု နဲ့ အော်စကာဆု ဆွတ်ခူးခဲ့ပါတယ်။)၊

ဗြိတိန်ဝန်ကြီးချုပ် မာဂရက်သက်ချာ အကြောင်းကို ရိုက်ထားတဲ့ The Iron Lady ဇာတ်ကားမှာ မာဂရက်သက်ချာအဖြစ် သရုပ်ဆောင်သွားတဲ့ အမေရိကန် ပြည်ထောင်စု နယူးဂျာစီပြည်နယ်ဖွား အော်စကာဆု သုံးဆုရှင် Meryl Streep ရဲ့ လေယူလေသိမ်း (အဲဒီဇာတ်ကားမှာ Maryl Streep ဟာ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု နဲ့ အော်စကာဆု ရခဲ့ပါတယ်။) ဒီနှစ်ကျင်းပတဲ့ ၈၉ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အော်စကာ ၄ ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ Hell or High Water မှာလည်း ကာလီဖိုးနီးယားပြည်နယ်ဖွား မင်းသားတွေဖြစ်ကြတဲ့ Jeff Bridges နဲ့ Chris Pine၊ မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့သား Ben Foster တို့သုံးယောက် ဇာတ်ကားတစ်ကားလုံးမှာ Texas ပြည်နယ်လေသံ နဲ့ ပြောသွားတာကို ကြားရမှာပါ။ ကောင်းဘွိုင်ဇာတ်လမ်းတွေထဲက လေသံမျိုးပေါ့။

နောက်ပြီးတော့ ... ဒီနှစ် အော်စကာ နှစ်ဆုရ Manchester by the Sea ဇာတ်ကားထဲက ဇာတ်ကောင်တွေရဲ့ Boston လေယူလေသိမ်း။
ဟောလိဝုဒ်မှာ တက်သစ်စ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေကနေ၊ ဟိုး အထက်ပိုင်းမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေကြတဲ့ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေအားလုံး အဲဒီ လေယူလေသိမ်း ကိစ္စကို အရမ်းကို ဂရုစိုက်ကြပါတယ်။ ဇာတ်ကောင်က အမေရိကန် ဇာတ်ကောင်ဖြစ်ပြီးတော့ ကိုယ်သုံးတဲ့ မင်းသား မင်းသမီးက Australian (သို့) British (သို့) South African (သို့) New Zealander ဖြစ်ခဲ့မယ်ဆိုရင် မင်းသား၊ မင်းသမီးအနေနဲ့ အမေရိကန် လေသံ နဲ့ ပြောရဲ့လားဆိုတာကို ဒါရိုက်တာအနေနဲ့ နားပါးပါး နဲ့နားထောင်မှ ရမှာပါ။ တစ်ချက်တစ်ချက်မှာ လွတ်ထွက်သွားတတ်တဲ့ အတွက်ကြောင့်ပါ။

လေယူလေသိမ်း ကိစ္စနဲ့ပက်သက်ပြီး မြန်မာရုပ်ရှင် အပိုင်းကိုတော့ အပြုသဘောအနေနဲ့ နည်းနည်းလေးဝေဖန် ခွင့်ပြုပါ။ မြန်မာရုပ်ရှင်တွေထဲမှာ ဇာတ်ကောင်က ကရင်ဖြစ်တယ်ဆိုရင် ကရင်အင်္ကျီ ကောက်ပြီး စွပ်လိုက်တာ နဲ့ ကရင်ဖြစ်သွားရော။ မွန်ဆိုရင်လည်း မွန်တိုက်ပုံ၊ မွန်လုံချည်ဝတ်လိုက်တာ နဲ့ မွန်ဆံထုံး ထုံးလိုက်တာ နဲ့ မွန်ဖြစ်သွားရော။ တကယ်ဆိုရင် ဒါရိုက်တာ အနေနဲ့ အဲဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်မယ့် မင်းသား (သို့မဟုတ်) မင်းသမီးကို ဇာတ်ကောင်ရဲ့ လေယူလေသိမ်းကို သီးသန့် လေ့လာခိုင်းရမှာပါ။ ဥပမာ - ကျနော် အကြိုက်ဆုံး လုံးချင်းဝတ္ထုတွေထဲက တစ်ခုဖြစ်တဲ့ ဆရာမ မြသန္တာရဲ့ နော်ရင်မွှေး ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်တော့ နော်ရင်မွှေးအဖြစ် သရုပ်ဆောင်တဲ့ စိုးမြတ်သူဇာအနေနဲ့ ကရင်လေသံ လုံးဝမပေါက်ပါဘူး။ (အဲဒီဇာတ်ကားမှာ ၁၉၉၄ ခုနှစ်အတွက် အမျိုးသမီး ဇာတ်ဆောင်ဆုကို နော်ရင်မွှေးဇာတ်ကား နဲ့ စိုးမြတ်သူဇာ ရခဲ့ပြီး အဲဒီဆုက သူ့အတွက် ပထမဆုံး အကယ်ဒမီ ဆုပါ။) ဇာတ်ကောင်တွေရဲ့ လေသံ စစ်စစ်ကို မကြားရတာကလွဲရင် နော်ရင်မွှေးရုပ်ရှင်ကားကလည်း ကျနော်အကြိုက်ဆုံး ရုပ်ရှင်ကားတွေ ထဲက တစ်ခုပါ။

အဓိက ပြောချင်တာက (အခုခေတ်) မြန်မာရုပ်ရှင် လောကမှာ ဒါရိုက်တာ အများစု နဲ့ သရုပ်ဆောင် အများစုဟာ ဇာတ်ကောင်စရိုက်ကိုပဲ လေ့လာကြပေမဲ့၊ ဇာတ်ကောင်တွေဟာ မြန်မာပြည်ရဲ့ ဘယ်အရပ်ကလဲ၊ သူတို့ မြန်မာလို စကားပြောကြတဲ့အခါမှာ ဘယ်လို လေယူလေသိမ်းမျိုး နဲ့ ပြောသလဲဆိုတဲ့အပိုင်းကို လေ့လာမှု အားနည်းတယ်လို့ပဲ မြင်တယ်။ ရုပ်ရှင်ထဲမှာ ဇာတ်ကောင်တွေရဲ့ စရိုက်ကို မြင်ရပေမယ့်၊ ဇာတ်ကောင်တွေရဲ့ လေသံစစ်စစ်ကို မကြားရဘူး။

အမေရိကန်ပြည်ထောင်စုမှာလိုပဲ မြန်မာပြည်မှာလည်း တောင်ပိုင်း လေယူလေသိမ်း (မွန်၊ ကရင်၊ ထားဝယ်၊ မြိတ်) ၊ မြောက်ပိုင်းလေ ယူလေသိမ်း (ကချင်)၊ အနောက်ပိုင်း (ချင်း) စသည်ဖြင့် လေသံအမျိုးမျိုးရှိပါတယ်။ ဗမာတွေကြားထဲမှာတောင်မှ ရန်ကုန်သံ၊ အညာသံ၊ မန္တလေးသံ ကွာပါသေးတယ်။

ဇာတ်ကောင်တွေရဲ့ လေယူလေသိမ်းကို လေ့လာတဲ့ပညာရပ်ဟာ ဒါရိုက်တာ ပညာ နဲ့ သရုပ်ဆောင် ပညာရပ်တွေထဲက တစ်ခုပါ။ အဲဒီပညာရပ်မျိုးကျတော့ ကျောင်းမှာ သင်ယူလို့မရပါဘူး။ အပြင်မှာ အရပ်ဒေသ ပေါင်းစုံက လူပေါင်းစုံ နဲ့ ထိတွေ့ဆက်ဆံ ပြောဆိုရင်း နဲ့ လေ့လာရတာပါ။
Kyaw Thein Kha





No comments:

Post a Comment