Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 18, 2017

မရှိတာထက် မသိတာ တော်တော်ခက်



"မရှိတာထက် မသိတာ တော်တော်ခက်"
• • • • • • • • • • • • • • • • • • • • • • • • • • • • • • • • • • • • •
ဒီတစ်ခါတော့ ပြောစရာတွေ အများကြီးမို့ ဘယ်က စပြီး ပြောရမှန်းတောင် မသိတော့ပါဘူး။ တလောက ဒိုက်ဦးမြို့ ခေမာသီဝံဘုန်းကြီးကျောင်းထဲက ထူးခြားဖြစ်ရပ်ဆိုတဲ့ ဗီဒီယိုနှစ်ခုကို ကြည့်ပြီး ကျနော်လည်း အတော်ကို စိတ်ပျက်လက်ပျက် ဖြစ်သွားလို့ပါ။
ညအမှောင်ထဲ မြွေထီးနဲ့မြွေမ မိတ်လိုက်တော့ ယှက်လိမ်လူးလွန့်နေတာကို လူတွေက လက်နှိပ်ဓာတ်မီးနဲ့ ထိုးပြီး ဝိုင်းအုံကြည့်ရင်း တစ်ယောက်တပေါက် ပြောဆိုသံတွေ ဗီဒီယိုထဲမှာ အတိုင်းသားကြားနေရတယ်။
"မြွေတွေလာပြီး က ပြနေတာ"
"နဂါးလူးသလို လူးနေတာဟ"
"သိုက်ကလာတဲ့ မြွေတွေ ဖြစ်မယ်"
"ဆရာတော့်ကို ဦးတိုက်နေတာဘုရား"
လူးလွန့်နေတဲ့ မြွေနှစ်ကောင်ကို ဆရာတော်ဆိုသူက ခြင်းတောင်းထဲ ထည့်ဖို့လုပ်တာ မြင်တော့ ကျနော့မှာ ခေါင်းနပန်းကြီးမတတ် တုန်လှုပ်သွားမိတယ်။ မိတ်လိုက်တဲ့ ဇောမွှန်နေတဲ့ မြွေနှစ်ကောင်က ဘာမှ အန္တရာယ်မပြုဘဲ ခြင်းတောင်းထဲ ရောက်သွားပါရဲ့။ ဒါပေမယ့်၊ ကျနော့မှာ စိုးရိမ်စိတ်က မပျောက်ဖူး။ အခုအချိန်မှာ ဘာမှ ရန်မလုပ်ပေမယ့် မိတ်လိုက်တဲ့ ကိစ္စပြီးမြောက်သွားလို့ မူလသဘာဝစိတ် ပြန်ဝင်လာရင် အလွန်အန္တရာယ်ကြီးပါတယ်ဗျာ။ ထိရင် ပေါက်မှာပဲ။ ဒီမြွေမျိုးက အဆိပ်လည်း အလွန်ပြင်းတယ်။ ဆရာတော် ဆေးရုံကို အချိန်မီမရောက်ခင် ပျံလွန်တော်မူသွားနိုင်တယ်။
အဲဒီမြွေနှစ်ကောင်ဟာ ငန်းသံကွင်းစွပ် (multibanded krait) သိပ္ပံအမည် Bungarus multicinctus ဖြစ်ဖို့ များတယ်။ ငန်းတော်ကြားလို မြွေဟောက် မျိုးကွဲတစ်ခုဖြစ်ပြီး တောကြီးမြွေဟောက်တို့ မြွေပွေးတို့ထက် အဆများစွာ အဆိပ်ပြင်းပါတယ်။ ဗီယက်နမ်စစ်ပွဲတုန်းက အမေရိကန်စစ်သားတွေက ဒီမြွေမျိုးကို two step Charlie (ခြေနှစ်လှမ်းချာလီ) လို့ နာမယ်ပေးထားသတဲ့။ ဒီမြွေအကိုက်ခံရင် ခြေနှစ်လှမ်းမှာပဲ ဗိုင်းကနဲ လဲပြီး သေပွဲဝင်ရတယ်လို့ ဆိုကြတယ်။
အမှန်က အဲဒီလောက် မမြန်ပေမယ့်၊ နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။ ဆေးရုံကို အချိန်မီရောက်ရင်တောင် သီးသန့်မြွေဆိပ်ဖြေဆေး ဒါမှမဟုတ် polyvalent ASV အဆင်သင့်မရှိရင် ဘဝနတ်ထံ ပျံလွန်တော်မူသွားမယ်။
အမေရိကန် ဇီဝဗေဒပါမောက္ခ ဒေါက်တာ ဂျိုးဆက်ဖ် စလိုဝင်းစကီး မြန်မာပြည်မှာ အသက်ပျောက်သွားတာ ဒီမြွေရဲ့ အဆိပ်ပြင်းချက်ပေါ့ဗျာ။ ကယ်လီဖိုးနီးယား သိပ္ပံအကယ်ဒမီက တွားသွားသတ္တဝါ ပါရဂူ ဒေါက်တာ ဂျိုး စလိုဝင်းစကီးဟာ မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ် မချမ်းဘောဒေသ နောင်မွန်းရွာကနေ သုံးနာရီကြာသွားရတဲ့ တောထဲက သုတေသနစခန်းမှာ ငန်းသံကွင်းစွပ်မြွေပေါက်စလေး အကိုက်ခံလိုက်ရတယ်။
၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့ မနက် ၇ နာရီလောက်မှာ ခဲတံလုံးလောက်ပဲ ရှိတဲ့ မြွေလေးက ဒေါက်တာ စလိုဝင်းစကီးရဲ့ လက်ကို ကိုက်လိုက်သတဲ့။ ဆေးဝါးကုသမှု မရနိုင်တဲ့ နေရာမျိုးမှာ ငန်းသံကွင်းစွပ်လို အဆိပ်ပြင်းမြွေအကိုက်ခံရရင် တခြား သိပ္ပံပညာရှင်တွေဆို ကိုယ့်လက်ကို ချက်ချင်း ဖြတ်ပစ်ကြတယ်။ အရင်ကလည်း အဆိပ်ပြင်းတဲ့ မြွေတွေ ခဏခဏ အကိုက်ခံရဖူးတဲ့ ဒေါက်တာ စလိုဝင်းစကီးက ခဲတံလုံးလောက် မြွေပေါက်စလေးကို ပေါ့ပေါ့သဘောထားမိပုံရတယ်။
ပြီးတော့၊ ငန်းသံကွင်းစွပ်နဲ့ အရောင် ပုံစံတူပေမယ့်လည်း အဆိပ်မရှိတဲ့ Dinodon ဆိုတဲ့ မြွေတစ်မျိုးလို့လည်း မှားယွင်းယူဆတာ ဖြစ်လိမ့်မယ်။ ဒါပေမယ့်၊ တစ်နာရီလောက်ကြာတော့ လက်က ထုံလာတာကြောင့် အဆိပ်တက်မှန်း သိသိချင်းပဲ ဒေါက်တာ စလိုဝင်းစကီးက သုတေသနအဖွဲ့သားတွေကို ခေါ်ပြီး မှာစရာရှိတာ အသေးစိတ်မှာတယ်။ အချိန်မီဆေးကုသမှုမရရင် သူအများဆုံး ၄၈ နာရီပဲ အသက်ရှင်နိုင်မယ်ဆိုတာ သိထားတယ်။ သူတို့အဖွဲ့မှာ သိပ္ပံပညာရှင်တွေချည်း အမေရိကန် ၈ ယောက်၊ တရုတ် ၂ ယောက်နဲ့ မြန်မာလူမျိုး သုတေသနလက်ထောက် လေးယောက်လည်း ပါတယ်။
မြွေဆိပ်တက်တာကို သိတဲ့ မနက် ၈ နာရီကတည်းက မြန်မာအဖွဲ့ဝင် နှစ်ယောက်က ဆက်သွယ်ရေးစက်ရှိတဲ့ အနီးဆုံး နောင်မွန်းစစ်တပ်စခန်းကို ပြေးပြီး ရဟတ်ယာဉ် ခေါ်ပေးဖို့ အကူအညီတောင်းကြတယ်။ အနီးဆုံးဆိုတာတောင် ၃ နာရီကြာသွားရတဲ့ ခရီးကြမ်းပါ။ ဒါပေမယ့်၊ လူနာကို တစ်ခေါက်ပြန်ကြည့်ပြီးမှ အခြေအနေကို ထပ်သတင်းပို့ဖို့ စစ်တပ်ကပြောလို့ အဖွဲ့သားနှစ်ယောက် စခန်းကို ပြန်လာရပါတယ်။
အကိုက်ခံရပြီး ၅ နာရီအကြာ မွန်းလွဲ ၁၂ နာရီကျော်မှာ ဒေါက်တာ စလိုဝင်းစကီး အသက်ရှူရပ်သွားပါတော့တယ်။ သူ့အဖွဲ့သား သိပ္ပံပညာရှင်တွေကလည်း မှာထားတဲ့အတိုင်း ပါးစပ်ချင်းတေ့ပြီး အသက်ရှူကယ်ဆယ်ရေး အလှည့်ကျလုပ်ပေးရင်း ဆေးဝါးအကူအညီကို ရင်မောစွာ စောင့်မျှော်ကြရတာပေါ့။ စစ်တပ်ကို ပြေးပြီးအကူအညီတောင်းသူတွေ ပြန်လာတဲ့ နေ့လယ် ၃ နာရီအချိန်မှာတော့ အသက်လုနေကြရပြီ။ ဒီအကြောင်း စစ်တပ်ကို ပြန်ပြောဖို့ နောက်တစ်ခေါက် သုံးနာရီခရီးကို ပြေးကြရပြန်တယ်။
အဲဒီအချိန်၊ ကမ္ဘာပျက်သလို ကိစ္စကြီးလည်း ဖြစ်ပွားနေတယ်။ အမေရိကန် ပြည်ထောင်စုမှာ အကြမ်းဖက်သမားတွေ လေယာဉ်လေးစီးကို အပိုင်စီးပြီး နယူးယောက်မြို့က မိုးမျှော်တိုက်ကြီးနှစ်ခုကို ဝင်တိုက်ပစ်လိုက်လို့ သမိုင်းမှာ ကမ္ဘာကျော်တဲ့ 9/11 ဖြစ်ရပ်ဆိုးကြီးကြောင့် ဝရုန်းသုန်းကား ဖြစ်နေတာနဲ့ တစ်နေ့တည်းအချိန်ပေါ့။ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးလည်း မြွေပူရာကင်းမှောင့်သလို ဒေါက်တာ စလိုဝင်းစကီးရဲ့အသက်ကို ကယ်ဆယ်ဖို့ အပူတပြင်း စီစဉ်ရပြန်တယ်။
အမေရိကန်သံရုံးက စင်ကာပူဆေးရုံကို လူနာပို့ဖို့ စီစဉ်ရင်း မြန်မာစစ်တပ်ကိုလည်း ရဟတ်ယာဉ်လွှတ်ပေးဖို့ ဖိအားပေးတောင်းဆိုနေရတယ်။ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုသလိုပဲ အဲဒီနေ့က တစ်နေ့လုံး သာယာကြည်လင်နေတဲ့ ရာသီဥတုဟာ ညနေပိုင်းမှာ မိုးသားတိမ်တိုက်တွေ မဲမှောင်ပြီး မိုးကြီးလေကြီး ထစ်ချုန်းရွာပါတော့တယ်။ ဒီအချိန်မှ ရောက်လာတဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်လည်း နှစ်ကြိမ်တိုင်ကြိုးစားပေမယ့် ဘယ်လိုမှ ဆင်းလို့မရဘဲ ပြန်လှည့်သွားရတယ်။
အဲဒီညမှာတော့ စစ်သားတွေနဲ့အတူ မြန်မာလူငယ်ဆရာဝန်တစ်ယောက်၊ သူနာပြုနှစ်ယောက် ရောက်လာတော့လည်း ဆေးဝါးပစ္စည်းချို့တဲ့တော့ ဘာမှမတတ်နိုင်ဘူး။ ပါးစပ်ချင်းတေ့ အသက်ရှူကယ်ဆယ်ရေးကို ၂၄ နာရီကြာ လုပ်ပေးနေရင်း နောက်တစ်နေ့ မွန်းလွဲ ၁၂ နာရီကျော်မှာ ဒေါက်တာ စလိုဝင်းစကီး နှလုံးခုန်ရပ်သွားပြီဖြစ်ကြောင်း မြန်မာဆရာဝန်လေးက အတည်ပြုလိုက်ပါတယ်။ ကယ်လီဖိုးနီးယား သိပ္ပံအကယ်ဒမီက ထူးချွန်ထက်မြက်တဲ့ အသက် ၃၈ နှစ်အရွယ် ဒေါက်တာ ဂျိုး စလိုဝင်းစကီး တစ်ယောက် မြန်မာပြည်မြောက်ဖျား တောနက်ကြီးထဲမှာ အသက်ပျောက်သွားခဲ့ရပြီ။
ပြောချင်တာကတော့ မြွေပါရဂူတစ်ယောက် ၂၉ နာရီအတွင်း အသက်ဆုံးရှုံးသွားအောင် အဆိပ်ပြင်းထန်လှတဲ့ ငန်းမြွေနှစ်ကောင် မိတ်လိုက်နေတာကို ဝိုင်းကြည့်ပြီး ထင်ရာမြင်ရာ လျှောက်ပြောနေကြတဲ့ ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ အသိဉာဏ်အဆင့်အတန်းကို အံ့အားသင့်မိတယ်။ ဒကာဒကာမတွေကို အသိပညာပေးဖို့နေနေသာသာ ဆရာတော်ကိုယ်တိုင် မျက်ကန်းတစ္ဆေမကြောက် မြွေနှစ်ကောင်ကို ခြင်းတောင်းထဲထည့်ပြီး ယူသွားမှတော့ ပိုလို့တောင် စိတ်ဓာတ်ကျမိတာပေါ့။ ဒါတောင် တောကြိုအုံကြား တောင်ပေါ်ဒေသ မဟုတ်သေးဘဲ ရန်ကုန်နဲ့ မဝေးလှတဲ့ ဒိုက်ဦးနယ်ပါဗျာ။
အဲဒီဗီဒီယိုအောက်မှာ ရေးထားတဲ့ ကွန်မန့်တွေထဲက ဘုန်းကြီးတချို့လည်း "ဆရာတော်ရဲ့ မေတ္တာတန်ခိုး" လို့ ချီးမွမ်းကြပြန်သေးတယ်။ အမှန်က မေတ္တာမဟုတ်ဖူး တဏှာဗျ တဏှာ။ မြွေတွေ မိတ်လိုက်ဖို့ ကာမတဏှာပြင်းထန်နေတာကြောင့် လူကို ရန်မလုပ်တာပါ။
ဒီလို အသိအမြင်နည်းပြီး ဗဟုသုတခေါင်းပါးတဲ့ မြန်မာပြည်သူတွေဟာ ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်း၊ နိုင်ငံရေးမှိုင်းတွေ ဝင်လာရင် အမိုက်မှောင်ပိတ်ဖုံးပြီး ဆုံးဖြတ်ချက်မှားကြမှာ စိုးရိမ်ပူပန်မိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျနော်တို့အနေနဲ့ ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီအစိုးရအပေါ် ယုံကြည်မှုအပြည့် ထားကြဖို့ ကိုယ့်ပြည်သူတွေကို အချင်းချင်း စည်းရုံးပညာပေးရမယ့် တာဝန်ဟာ ပိုလို့ပိုလို့သာ အရေးကြီးလာတယ်လို့ ယူဆမိပါတယ်ခင်ဗျာ။
မင်းမြတ်မောင်