Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 26, 2017

ခင်ပွင့်ဖြူအတွက် အလွမ်းပွင့်များ


ခင်ပွင့်ဖြူအတွက် အလွမ်းပွင့်များ

အဲဒီနေ့ နေ့လယ် တနာရီထိုးဖို့ဆယ်မိနစ်လောက်အလိုမှာ ကျွန်တော် ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းထဲကို ရောက်တယ်။

ရောက်ရောက်ချင်းပဲ မန္တလေးဆောင်ဝင်းထဲမှာ ကားကိုထိုးပြီး ၀င်းအပြင်ကို ကျွန်တော် ပြန်ထွက်လာခဲ့တယ်။ ပြီးတော့ အဓိပတိလမ်းကိုဖြတ်ပြီး အောင်ကျော်ကျောက်တိုင်ရှိရာ အဓိပတိလမ်းရဲ့ညာဘက်ခြမ်းက သမဂ္ဂ၀င်းထဲကို ၀င်လာခဲ့တယ်။

သမဂ္ဂ၀င်းထဲက အောင်ကျော်ကျောက်တိုင်ပေါ်မှာ ခွပ်ဒေါင်းအလံလွှမ်းထားတယ်။ ကျောက်တိုင်ရဲ့ အောက်ခြေမှာတော့ ၅၅ နှစ်မြောက် 7 July အထိမ်းအမှတ်အဖြစ် မနက်က လာချသွားခဲ့တဲ့ ပညာရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂအပါအ၀င် အခြားအဖွဲ့အစည်းတွေရဲ့ပန်းခွေတွေနဲ့ ပြည့်နေတယ်။

ဒီလိုနေ့မျိုး ဒီနေရာမှာ အခြားလူတွေကို ကျိန်းသေပေါက် တွေ့ရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့ ဘယ်သူ့ကိုမှ မတွေ့ရဘဲ ကျွန်တော်တယောက်တည်း ဖြစ်နေတာနဲ့ အံ့သြနေမိတယ်။

ဝင်းအပြင်ဘက်ကိုကြည့်လိုက်တော့ ၀င်းကို ကာထားတဲ့ သံတိုင်တွေရဲ့ တဖက်ခြမ်းမှာ ခပ်ငယ်ငယ် ဦးပဉ္ဇင်းတပါး ရပ်နေတယ်။

ဒါနဲ့ အပြင်ထွက်သွားပြီး ဦးပဉ္ဇင်းကို ကျွန်တော့်ကို ဓာတ်ပုံရိုက်ပေးဖို့ သွားလျှောက်တယ်။

ဦးပဉ္ဇင်းက လိုလိုချင်ချင် ကျွန်တော်နဲ့အတူ သမဂ္ဂ၀င်းထဲ ပြန်ဝင်လာပြီး အောင်ကျော်ကျောက်တိုင်ကို နောက်ခံထားပြီး ကျွန်တော့်ကို ဓာတ်ပုံရိုက်ပေးတယ်။

ဦးပဉ္ဇင်းက မိုးကုတ်ကနေ ရန်ကုန်ကို ခဏလာလည်တာတဲ့။ အဲဒီမှာပဲ ၀င်းထဲကို မျက်မှန်တပ်ထားတဲ့ အသက် ၆၀ ကျော်အရွယ် လူကြီးတယောက် ၀င်လာတယ်။ ဦးပဉ္ဇင်းဆီက ကျွန်တော့်ဖုန်းကို ကျွန်တော်ပြန် ယူပြီး လူကြီးနဲ့စကားပြောကြည့်လိုက်တော့ ၇၄ ဦးသန့် အရေးအခင်းမျိုးဆက်ကျောင်းသားဟောင်းနဲ့ နိုင်ငံ ရေးအကျဉ်းသားဟောင်းကြီး ဖြစ်နေတယ်။

နာမည်က ဦးခင်မောင်ညွန့်တဲ့။ ဒီနေ့ ဒီနေရာမှာ တယောက်မဟုတ် တယောက်တော့ တွေ့မှာပဲဆိုတဲ့ စိတ်ကူးနဲ့ ဒီရောက်လာတာပါတဲ့။ အဲဒီမှာပဲ ရှပ်အကျီင်္လက်ရှည်နဲ့ဘောင်းဘီရှည်ဝတ်ထားတဲ့ မျက်မှန်နဲ့ လူတယောက်ဝင်းထဲကို ထပ်ဝင်လာတယ်။ ကျွန်တော်နဲ့ ဦးခင်မောင်ညွန့်ပြောနေတဲ့ ဦးသန့်အရေးအခင်း အကြောင်းကြားလိုက်တာနဲ့ ၀င်လာတာပါတဲ့။ ပြီးတော့ သူ့ကိုယ်သူ ကိုစိုးနောင်လို့ မိတ်ဆက်တယ်။

x x x

ကျွန်တော်တို့သုံးယောက် စကားလက်ဆုံကျနေတုန်း ဘောင်းဘီရှည်နဲ့ လူငယ်နှစ်ယောက် ၀င်လာတယ်။ ပြီးတော့ အောင်ကျော်ကျောက်တိုင်ကို နောက်ခံထားပြီး ဓာတ်ပုံရိုက်နေကြတယ်။ အဲဒီမှာပဲ ကျွန်တော်၊ ဦးခင်မောင်ညွန့်နဲ့ ကိုစိုးနောင်တို့ သုံးယောက် နှစ်ယောက်စီတွဲပြီး ဖုန်းကိုယ်စီနဲ့ အပြန်အလှန်အမှတ်တရ ဓာတ်ပုံရိုက်ကြတယ်။

ပြီးတော့ ၀င်းအပြင်အ၀မှာ ထိုင်နေတဲ့ လူတယောက်ကို အကူအညီတောင်းပြီး သုံးယောက်တွဲ ဓာတ်ပုံရိုက်ကြတယ်။ ပြီးတော့ ကျွန်တော်တို့ သုံးယောက် စကားပြောဖို့ ရာမညဆောင် ရှေ့နားက ကင်တင်းဘက်ကို ထွက်လာခဲ့ကြတယ်။

x x x

ရာမညဆောင် ရှေ့နားက အတွဲလိုက် ဆက်လျက်ဖွင့်ထားတဲ့ ကင်တင်းတန်းထဲက ဘယ်ဘက်အစွန်ဆုံး 'ထွန်းတောက်' မှာ ကျွန်တော်တို့ ၀င်ထိုင်လိုက်ကြတယ်။

တနာရီလောက် စကားပြောပြီး နှစ်ချက်ခွဲခါနီးတော့ ကျွန်တော်တို့ ဆိုင်က ထကြတယ်။ အင်္ဂလိပ်စာ ပြနေတဲ့ ကျူရှင်ဆရာဖြစ်သူ ကိုစိုးနောင်က ပြန်ရမယ်။ ဒါနဲ့ပဲ ဘာမှလုပ်စရာမရှိဘဲ အရှင်လတ်လတ်ကြီးကို အားနေတဲ့ ကျွန်တော်နဲ့ ဦးခင်မောင်ညွန့် ကျောင်းထဲကျန်ခဲ့ကြတယ်။ အဲဒီမှာပဲ ကျွန်တော် Facebook ဖွင့်ကြည့်မိတယ်။ Facebook က သတင်းတွေထဲမှာ ဒီနေ့ နေ့လယ် တနာရီက ထောက်ကြန့်မှာ YBS  ကားနှစ်စင်း မျက်နှာချင်းဆိုင် တိုက်မိကြတဲ့ သတင်းတွေ တက်နေတယ်။ တိုက်မိတာက  YBS ၅၅ နဲ့   YBS ၃၇ တဲ့။ ထောက်ကြန့်ကနေ မင်္ဂလာဒုံဘက်ပြန်တဲ့ ၅၅ နဲ့ ထောက်ကြန့်ဘက်ကို လာနေတဲ့ ၃၇ တိုက်ကြတာတဲ့ လူကိုးယောက် ပွဲချင်းပြီး သေဆုံးပြီး လူအများအပြား အပြင်းအထန်ဒဏ်ရာရကြပါသတဲ့။ တဆက်တည်း အဲဒီသေဆုံးတဲ့ လူစာရင်းထဲမှာ အင်းစိန်မှာနေတဲ့ မှော်ဘီနည်းပညာ တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ အင်ဂျင်နီယာ ကျောင်းသူလေးတယောက်ပါသွားမှန်းလည်း အင်းစိန်မှာနေတဲ့ သူငယ်ချင်းတယောက်ရဲ့ Facebook  မှာ တက်လာတယ်။

ကျောင်းသူလေးနာမည်က ခင်ပွင့်ဖြူတဲ့။

ခင်ပွင့်ဖြူတဲ့ . . . ။

x x x

ဇာတ်လမ်းရဲ့အစကို ပြောရရင်တော့ ၁၉၉၆ ကို ပြန်သွားရလိမ့်မယ်။

၁၉၉၆ ဒီဇင်ဘာမှာ ကျွန်တော်တို့ စက်မှုတက္ကသိုလ်ကနေစလို့ အရေးအခင်းဖြစ်အပြီးမှာ တပြည်လုံးက ကျောင်းတွေ ပိတ်သွားတယ်။

၁၉၉၉ ဒီဇင်ဘာမှ ကျောင်းတွေပြန်ဖွင့်ပြီး ကျွန်တော်တို့ စက်မှုတက္ကသိုလ်ကျောင်းကို လှိုင်သာယာကို ရွှေ့လိုက်တယ်။ နယ်က ကျောင်းသားတွေအတွက်တော့ ပြည်နားမှာ PTU ဆိုပြီး ဖုတ်ပူမီးတိုက် အဆောက်အဦတွေ ဆောက်ပြီး ပြည်ကို ရွှေ့လိုက်တယ်။

နောက်တော့  GTI ကို ဖျက်သိမ်းပြီး GTC (Government Technological College)ဆိုပြီး မှော်ဘီနဲ့ သန်လျင်မှာပါ ထပ်ဖွင့်တယ်။

ဆယ်တန်းထပ်အောင်လာတဲ့ ကျောင်းသားသစ်တွေကို သူ့သက်ဆိုင်ရာ မြို့နယ်အလိုက် မှော်ဘီနဲ့ သန်လျင်ကို ခွဲပို့တယ်။ တဆက်တည်း YIT လည်း ပညာရေးဝန်ကြီးဌာနရဲ့ လက်အောက်ကနေ အသစ် ထပ်ပေါ်လာတဲ့ 'သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန'ရဲ့ လက်အောက်ကို ရောက်သွားပြီး YTU (Yangon Technological University)ရယ်လို့ ဖြစ်သွားတယ်။

နောက်ပိုင်း တပြည်လုံးမှာ ကြို့ကုန်းက မိခင်စက်မှုတက္ကသိုလ်ကြီးရဲ့ပုံစံတူကိုယူပြီး နေရာခပ်ကျဉ်းကျဉ်းမှာ တိုင်လုံးကြီးတွေနဲ့ ဆောက်ထားတဲ့ စပ်ဖြဲဖြဲ ဒီဇိုင်းနဲ့ နည်းပညာတက္ကသိုလ်တွေ မှိုလိုပေါက်အောင် ပေါ်လာတယ်။

ကျွန်တော်တို့ခေတ်အနေနဲ့ပဲပြောရရင် ကွန်ပျူတာကျောင်းသားတွေက ရွှေပြည်သာနားက ၀ါးတရာကို ရောက်သွားတယ်။

စီးပွားရေးတက္ကသိုလ်က ရွာသာကြီးကို ရောက်သွားတယ်။

အရင် RC 1,2,3  တွေက သန်လျင်ဘက်က တာဝကို ရောက်သွားတယ်။

အဲဒီကစပြီး မြန်မာနိုင်ငံတ၀န်းလုံးက တက္ကသိုလ်ကျောင်းသားတွေ မြို့တွေနဲ့ ဝေးလံခေါင်ဖျား မြစ်ကူးချောင်းခြား အပင်တပင်မှမရှိတဲ့ လယ်ကွက်ပပ်ကြားအက်ကြီးတွေပေါ်မှာ ဖြစ်သလိုဆောက်ထားတဲ့ ခါတော်မီတက္ကသိုလ်တွေမှာ ပညာစ,သင်ကြားရတယ်။

ရည်ရွယ်ချက်ကတော့ နောင်မှာ ဘယ်အခါမှာမှ ကျောင်းသားအရေးအခင်းတွေ ထပ်မပေါ်ပေါက်ဖို့ဘဲ။

ရှင်းလည်း ရှင်းတယ်၊ ပြတ်လည်း ပြတ်တယ်။ လှိုင်သာယာကပဲ ၂၀၀၂ မှာ ကျွန်တော် ဘွဲ့ရတယ်။

x x x

ဘွဲ့ရကတည်းက လှိုင်သာယာကို ကျွန်တော် ကျောခိုင်းခဲ့တယ်။

နောက်ပိုင်း 'ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ်'လို့အမည်ပြောင်းလိုက်တဲ့ လှိုင်သာယာဟာ ကျွန်တော်တို့ ကျောင်းသားတွေရဲ့ အသည်းထဲမှာ စူးနေတဲ့ ဆူးပဲ။

ကြို့ကုန်းက မိခင်ကျောင်းတော်ကြီးမှာ အနည်းဆုံး တနှစ်လေးပဲဖြစ်ဖြစ် တက်ခဲ့ရတဲ့ မျိုးဆက်တွေထဲ ဒီခံစားချက်ဟာ တသားတည်းပဲ။

ဘွဲ့ရပြီးနောက်ပိုင်း လှိုင်သာယာ ထိန်ပင် သုသာန်အကျော်က အဲဒီတုန်းက ရန်ကုန်နည်းပညာတက္ကသိုလ်ကို ပြန်သွားတဲ့သူ တယောက်တလေလောက်တောင် ကျွန်တော် မတွေ့ရတဲ့အထိ စိတ်ထဲနာကြည်းခဲ့ရတယ်။

ဒီလိုနဲ့ ၂၀၀၈-၂၀၀၉ လောက်မှာ သတင်းတပုဒ်ကြားရတယ်။

လှိုင်သာယာမှာတက်နေတဲ့ ကျောင်းသူလေးတယောက် ကျောင်းမှာ မြွေကိုက်ခံရပြီး အင်းစိန်ဆေးရုံပို့တာ အချိန်မမီဘဲ ဆေးရုံမှာ ဆုံးပါးသွားရပါသတဲ့။

အဲဒီသတင်းကို ကြားကြားချင်းပဲ စိတ်ထဲမှာ ကြို့ကုန်းမှာဆို ဒီလိုဖြစ်မှာ မဟုတ်ဘူးဆိုတဲ့အတွေးဝင်လာတယ်။

အဲဒီ ကျောင်းသူလေးဟာ လယ်ကွင်းပြင်ထဲမှာ တည်ထားခဲ့တဲ့ တက္ကသိုလ်အမည်ခံ ကျောင်းကြီးတွေရဲ့ ပထမဆုံးသားကောင်ဖြစ်ခဲ့တယ်။

x x x

ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ၁၀ နှစ်ကျော်ကျော်လောက် မရောက်ဖြစ်ခဲ့တဲ့ ကျောင်းတော်ကြီးကို ကျွန်တော် ပြန်ရောက်သွားတယ်။

စိတ်ထဲမှာ မျှော်လင့်ထားခဲ့တဲ့အတိုင်း ကျောင်းကြီးထဲမှာ လူတွေ ရှင်းနေတယ်။

အီလက်ထရွန်နစ်ဌာနကို လိုက်ရှာတော့ အရင်နေရာမှာ မဟုတ်တော့ဘူးတဲ့။

ဒါနဲ့ပဲ မေးမြန်းစုံစမ်းပြီး ဟိုးနောက်ဘက် L 5 6 7 8  တွေရဲ့အကျော်မှာ ဆောက်ထားတဲ့ ဟိုးအရင်ကမရှိခဲ့တဲ့ အဆောက်အဦသစ်ကြီး နှစ်လုံးထဲက အီလက်ထရွန်နစ်ဌာနရှိတဲ့  HRD အဆောက်အဦကြီးကို ရောက်သွားတယ်။

ဓာတ်လှေကားနဲ့ ကျွန်တော်အပေါ်တက်လာပြီး စာသင်ခန်းတွေ ဖြတ်လာတော့ ကျွန်တော့် ဆရာမ ဒေါ်မြမြအေး လက်ချာသင်နေတာကို တွေ့တယ်။

စာသင်ခန်းထဲကိုကြည့်လိုက်တော့ လူမှ တကယ့်နည်းနည်းလေးပဲ။ ၁၅ ယောက်၊ အယောက် ၂၀ လောက်ပဲ ရှိတယ်။ ကျွန်တော်တို့တုန်းက ကျူရှင်တက်တာ ကျနေတာပဲ။

ဒါနဲ့ပဲ Level 2 မှာရှိတဲ့ အီလက်ထရွန်နစ်ဌာနကိုရောက်ပြီး တွေ့တဲ့ ကျွန်တော့်ဆရာမတွေကို မေးကြည့်တော့မှ အခု ကျောင်းတကျောင်းလုံးမှာမှ ကျောင်းသား ၁၀၀၀ ကျော်လောက်ပဲ ရှိတော့မှန်း သိရတယ်။

အရင်တုန်းက စာသင်နှစ် ခြောက်နှစ်မှာ တတန်းကို လူ ၈၀၀ နှုန်းနဲ့ တွက်ကြည့်ရင် ကျောင်းသား ၅၀၀၀ နီးပါး ရှိခဲ့တယ်။ အခုတော့ ၁၀၀၀ ကျော်တဲ့။

ဘယ်လို ကျောင်းသားတွေက ဒီမှာတက်ရတာလဲမေးကြည့်တော့ အခု ကျွန်တော်တို့ ကြို့ကုန်းက ရန်ကုန်နည်းပညာတက္ကသိုလ်ဟာ ဆယ်တန်းမှာ အမှတ်အမြင့်ဆုံးရတဲ့ ကျောင်းသားတွေသာ တက်ခွင့်ရတဲ့ တက္ကသိုလ်ဖြစ်ခဲ့ပြီတဲ့။

အဲဒီမှာ တက်ဖို့ အမှတ်မမီတဲ့ ကျောင်းသားတွေက ကိုယ်နေထိုင်ရာ မြို့နယ်အလိုက် မှော်ဘီနဲ့ လှိုင်သာယာက ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်တွေမှာ တက်ရတာတဲ့။

ကျွန်တော်တို့တုန်းကလိုပဲ စာသင်နှစ် ခြောက်နှစ်ပြန်ဖြစ်ခဲ့ပြီတဲ့။

အခု လောလောဆယ်တော့ ပဉ္စမနှစ်အထိပဲ ရှိသေးတယ်တဲ့။

နောက်လာမယ့် စာသင်နှစ်မှ ဆဋ္ဌမနှစ်အထိ အပြည့်အစုံ ရှိတော့မှာတဲ့။

ကျွန်တော်တို့တုန်းက မိန်းကလေးဦးရေကို ၂၀ ရာခိုင်နှုန်းသာ လက်ခံတဲ့စနစ်ကိုလည်း ပယ်ဖျက်လိုက်ပြီမို့ အခု ကျောင်းမှာ မိန်းကလေးဦးရေက ယောကျာ်းလေးဦးရေထက်တောင် ပိုများပါသတဲ့။

ဆရာမပြောတာတွေကို နားထောင်ပြီး လူတွေရှင်းနေတဲ့ ကျောင်းဝင်းကြီးထဲ ကျွန်တော် ပတ်ကြည့်မိတယ်။

အတိတ်က အရိပ်တွေက ရင်ထဲပေါ်လာတယ်။ ပြီးတော့ ကျွန်တော် ကင်တင်း ဆင်းထိုင်တယ်။ ပြီးတော့ ကျွန်တော် အိမ်ပြန်လာခဲ့တယ်။

x x x

တကယ်တော့ ကြို့ကုန်းက ကျောင်းတော်ကြီးဟာ ကျွန်တော်တို့ရဲ့ ဘူမိနက်သန်ပဲ။

၁၉၉၉ ဒီဇင်ဘာမှာ ကိုယ့်ကျောင်းကိုခွဲပြီး လှိုင်သာယာမှာ ကျောင်းစတက်ရတော့ ရင်ထဲမှာ နင့်နေတာပဲ။ မီးလောင်သလို ပူနေတဲ့ နေရောင်တွေအောက်မှာ အမြင့်ဆုံးအပင်ဟာ ကျွန်တော့်အရပ်သာသာ လောက်ပဲရှိတယ်။ ကျွန်တော့်နေရာ ရန်ကုန်မြို့ထဲနဲ့ဆို ၂၈ ကီလိုမီတာဝေးတယ်။

အဲဒီ လှိုင်သာယာမှာ နောက်ဆုံးနှစ်စာမေးပွဲရဲ့ နောက်ဆုံးဘာသာကို ဖြေအပြီး နောင်ဘယ်တော့မှ ပြန်မရောက်တော့တဲ့အထိ လှိုင်သာယာကို ကျွန်တော်တို့ နာကြည်းခဲ့ကြတယ်။

ဒါပေမဲ့ ကျွန်တော် ဘယ်လိုနာကြည်း နာကြည်း ကြို့ကုန်းကျောင်းတော်ကြီးရဲ့ တံခါးတွေ ပိတ်မြဲပိတ်ထားပြီး တနှစ်ပြီးတနှစ် အထက်တန်းအောင်လာတဲ့ မျိုးဆက်သစ်ကျောင်းသားလေးတွေ မြို့နဲ့ဝေးလံခေါင်ဖျားက တက္ကသိုလ်မဟုတ်တဲ့ တက္ကသိုလ်တွေမှာပဲ ဆက်တက်ရရင်း အခုဆိုနှစ် ၂၀ တောင်ကြာခဲ့ရပြီပဲ။

အခု နောက်ဆုံးသားကောင်ရဲ့ အမည်လေးက 'ခင်ပွင့်ဖြူ'တဲ့။

ရန်ကုန်မြို့ထဲက ကောင်းပေ့ဆိုတဲ့ အကွက်အကွင်းကျတဲ့နေရာကြီးတွေ မြေကွက်လပ်ကျယ်ကြီးတွေမှာ ကွန်ဒိုအိမ်ရာစီမံကိန်းကြီးတွေ တခုပြီးတခု ပေါ်လာတယ်။

လူတွေ တကယ်နေထိုင်နိုင်ခြင်းမရှိတဲ့ ဟီးထနေတဲ့ ကွန်ကရစ်အဆောက်အဦကြီးတွေ တခုပြီးတခု ပေါ်လာတယ်။ အဲဒီ သွားရလာရ အဆင်ပြေတဲ့နေရာကြီးတွေမှာ ကျွန်တော်တို့ ဘာလို့တက္ကသိုလ်တွေ မဖွင့်နိုင်ရတာလဲ။ ကျွန်တော်တို့ ဘယ်လောက်မိုက်မဲလိုက်သလဲ။

ကြို့ကုန်းက ကျောင်းတော်ကြီးမှာလည်း အရင်က ကျောင်းသား ၅၀၀၀ နီးပါးကို တပြိုင်နက်စာသင် ပေးနိုင်ခဲ့တာပဲ။

မှော်ဘီနဲ့ လှိုင်သာယာကို တနေ့တနေ့ အဝေးကြီး ဆင်းရဲဒုက္ခကြီးစွာ သွားလာနေကြရတဲ့ ကိုယ့် သားသမီးအရွယ် လူငယ်လေးတွေကို ဘာလို့စာသင်မပေးနိုင်ရမှာလဲ။

အဲဒီလို ဝေးလံခေါင်းပါးတဲ့နေရာတွေမှာ ကျောင်းသွားတက်နေရတဲ့ လူငယ်လေးတွေအားလုံး ရန်ကုန်မြို့ထဲမှာပဲ နေကြတာပါပဲ။

ကျွန်တော်တို့ ဘာအဓိပ္ပာယ်တခုမှ မရှိပါဘဲ ဘာလို့ နိုင်ငံခြားကနေ နိုင်ငံခြားငွေနဲ့ ၀ယ်နေရတဲ့ ဓာတ်ဆီတွေကို ဖြုန်းတီးပစ်နေရတာလဲ။ အဲဒီထက် အဖိုးတန်တဲ့ ကျောင်းသားကျောင်းသူတွေရဲ့အချိန်တွေကို ဘာလို့ ဖြုန်းတီးပစ်နေရတာလဲ။ ဒါတွေဟာ အရင်းစစ်ကြည့်လိုက်တော့ အတိတ်ရဲ့ ဆိုးမွေပါပဲ။

ခု ဆုံးပါးသွားခဲ့ရတဲ့ ညီမလေး ခင်ပွင့်ဖြူနေတဲ့နေရာကို ကျွန်တော် ဖတ်ကြည့်လိုက်တော့ အင်းစိန်မှာတဲ့။ ညီမလေးက အင်းစိန်မှာနေတာတဲ့။ ညီမလေးနေတဲ့ အင်းစိန်နဲ့ ကျွန်တော်တို့ရဲ့ ကျောင်းတော်ကြီး တည်နေရာ ကြို့ကုန်းဟာ နီးနီးလေးပါပဲ။

ခုတော့ မိနစ်ပိုင်းသာသာ,သာ လာရမယ့် ကြို့ကုန်းက ကျောင်းတော်ကြီးအစား ညီမလေးခမျာ မှော်ဘီကို သွားခဲ့ရရှာတယ်။

ဒီခရီးဟာ ညီမလေးအသက်ကို ဆွဲနုတ်သွားခဲ့တာပဲ။ ဒီခရီးဟာ ညီမလေးအတွက် သေလမ်းဖြစ်သွားခဲ့တာပဲ။

တကယ်တော့ ရန်ကုန်မြို့ပြင်ဘက်ကို သွားရတဲ့ခရီးတွေမှာသာ ဒီလိုပြင်းထန်တဲ့ မတော်တဆမှုတွေဟာ ဖြစ်နိုင်တာပါပဲ။ ညီမလေးရဲ့အသက်ကို ကြည့်လိုက်တော့ ၂၁ နှစ်တဲ့။

ညီမလေးက ခုမှ ၂၁ နှစ်တဲ့ . . .။

ခုတော့ ကြို့ကုန်းက စက်မှုတက္ကသိုလ်ကြီးရဲ့ ကျောင်းတံခါးတွေ ပိတ်သွားတဲ့ ၁၉၉၆ မှာ လူ့လောကထဲ ရောက်ခဲ့တဲ့ ညီမလေးတယောက် သူဘာမှမသိလိုက်ရတဲ့ အတိတ်ရဲ့ဆိုးမွေတွေအတွက် ရန်ကုန် စက်မှုတက္ကသိုလ်ကြီးရဲ့ ကျောင်းတံခါးတွေ လူတိုင်းအတွက် ပြန်မဖွင့်ခင်မှာ လူ့လောကထဲက ထွက်သွား ခဲ့ရပြီပဲ။

ရေးနေရင်းနဲ့ ခင်ပွင့်ဖြူရဲ့ဓာတ်ပုံကလေးကိုကြည့်ရင်း ကျွန်တော် တွေးနေမိတယ်။

ခင်ပွင့်ဖြူက ကျွန်တော့်ကို ပြောနေတယ်။

“အဲဒီ မှော်ဘီက ကျောင်းတံခါးကြီးပိတ်သွားအောင် လုပ်ပေးပါလား အစ်ကိုရယ်”တဲ့။

အဲဒီကျရင် သူ ငြိမ်းချမ်းစွာ နားနေပါတော့မယ်တဲ့။

သူ တကယ်ပဲ နားပါတော့မယ်တဲ့။

ညိုထက်ညို
http://www.newswatch-mm.com/index.php?article_detail&id=73