Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 10, 2017

Morning Star စားသောက်ဆိုင်ကိစ္စပြန်လည်သုံးသပ်ပေးပါရန်တင်ပြခြင်း


 သို့

နိုင်ငံတော်သမ္မတကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတရုံး
နေပြည်တော်

ရက်စွဲ။ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၉)ရက်။

အကြောင်းအရာ။။နိုင်ငံတော်ပိုင်မြေပေါ်မှ တိုင်းရင်းသားတစ်ဦး၏ တရားသဖြင့် စီးပွားရေးလုပ်ကိုင် နိုင်ခွင့်ကို ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာနှင်လိုမှုဖြင့် ဖယ်ထုတ်လိုပြီး ပုဂ္ဂလိက ဟော်တယ်လုပ်ငန်းရှင် Royal Rose Hotel အကျိုးအတွက် မြေငှားဂရန်ထုတ်ပေး ရန် စီစဉ်နေမှုများကို ပြန်လည်သုံးသပ် (Review) ပြင်ဆင်ပေးရန်ကိစ္စနှင့် သစ်တောဦးစီးဌာန၏ (၁၇.၂.၂၀၁၇)ရက်စွဲပါ အစိုးရအိမ်ဥပစာအတွင်းမှ ဖယ်ရှား ထွက်ခွာသွားရန်အမိန့်ကို စောလျှင်စွာ ရုပ်သိမ်းပယ်ဖျက်ပေးရန်ကိစ္စ။

သမ္မတကြီးခင်ဗျား -
၀န်ကြီးဌာနအချို့သည် စီးပွားရေးလုပ်ငန်းရှင်ကြီးများ အကျိုးကို ရှေ့ရှု၍ ဥပဒေကိုလက်တစ်လုံးခြား ပြုလုပ်ပြီး အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြုလုပ်လျှက်ရှိကြပါသည်။
သစ်တောဦးစီးဌာန၏ (၂၅.၁၀.၂၀၁၂) ရက်စွဲပါစာအမှတ် ၁၃၁၄/ Rose Garden / ၂၀၁၂-၂၀၁၃ အားရည်ညွှန်း၍ အကြောင်းကြားစာပေးထားသည့်အတွက် Morning Star Café လုပ်ငန်းမြေနေရာ တည်ရာသက်သက်ကို ကျောချင်းကပ်လျှက်ရှိသည့် Emerald Rose Hotel ၏ လိုအပ်ချက်ဖြည့်ဆည်း ပေးရန်ဖြစ်ကြောင်း ပေါ်ပေါက်ပါသည်။

နိုင်ငံတော်၏ လိုအပ်ချက်အရ အများပြည်သူအကျိုးငှာ (For the benefit of public) တည်ဆောက် အသုံးပြုရန်အတွက်ဖြစ်ပါက Morning Star Café စားသောက်ဆိုင်လုပ်ငန်းမှ လိုက်နာဆောင်ရွက်ပေးရန် အစဉ်သင့်ရှိနေပါသည်။

ယခုမူ ထိုသို့မဟုတ်ပဲ လွန်ခဲ့သော ၂၀၀၂ ခုနှစ်မှစ၍ တိ/ဥယျာဉ် (ရန်ကုန်) အုပ်ချုပ်မှုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ အချင်းဖြစ်မြေသက်သက်အပေါ်တွင် Morning Star Café လုပ်ငန်းမှ Tender အောင်၍ နည်းလမ်းတကျစာချုပ်ချုပ်ဆိုလုပ်ကိုင်လျှက်ရှိရာမှ ၂၀၁၀ ခုနှစ်တွင် ပုဂ္ဂလိက အထင်ကရ “ထူး” ကုမ္ပဏီကြီးကို တိ/ဥယျာဉ် (ရန်ကုန်)မှ နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့် ပေးသည့် မြေနေရာ၌ Morning Star Café ဆိုင်ဖွင့်လှစ်ထားသော မြေဧရိယာပါရှိသည်ဟု အကြောင်းကြားလာသည့် အတွက် “ထူး”ကုမ္ပဏီမှ သတ်မှတ်နှုန်းထားအတိုင်း မြေငှားရမ်းခကို ဆက်ပေးသွင်းခဲ့ရပါသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်နေ့တွင် တိ/ဥယျာဉ် (ရန်ကုန်)အုပ်ချုပ်ရေးမှူးမှတဆင့် Morning Star Café ဆိုင်သို့ ပေးပို့ခဲ့ရာတွင် စားသောက်ဆိုင်လုပ်ငန်းမြေနေရာသက်သက်ကို “ထူး”ကုမ္ပဏီ မှ နိုင်ငံတော် လိုအပ်ချက်အရ သစ်တောဦးစီးဌာနသို့ ပြန်လည်လွှဲအပ်မည်ဖြစ်၍ ငှားရမ်းမှုရပ်ဆဲခြင်းနှင့် အတူ တစ်လအတွင်း မြေနေရာမှ ဖယ်ရှားပေးရန် အကြောင်းကြားစာကိုပါ ပူးတွဲရရှိခဲ့ပါသည်။ ယင်းစာတွင်လည်း Morning Star Café လုပ်ငန်းမြေနေရာကို ကျောချင်းကပ် Emerald Rose Hotel အတွက် လွှဲပြောင်းပေးရမည်ဟု ဆိုထားပါသည်။

“ထူး” ကုမ္ပဏီကို တိ/ဥယျာဉ် (ရန်ကုန်)မှ ၂၀၁၀ ခုနှစ်တွင် နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့် ပေးထားရာမှ Morning Star Café မြေနေရာပါဝင်၍ မြေငှားရမ်းခအတွက် “ထူး”ကုမ္ပဏီသို့ Receipt Voucher No:00972 (၅.၆.၂၀၁၃) နှင့် No:01022 (၃.၇.၂၀၁၃) ရက်နေ့အထိ ငှားရမ်းခများရယူထားပါလျှက် (၁၄.၁၁.၂၀၁၂) ရက်စွဲဖြင့် ငှားရမ်းမှုရပ်ဆဲခြင်းနှင့် တစ်လအတွင်း မြေနေရာမှ ထွက်ခွာသွားရန်ပေးသော တဆင့်ခံ Notice စာမှာ ဥပဒေနှင့်မညီညွတ်သော တရားမ၀င် Notice စာဖြစ်နေ၍ Morning Star Café မှ လက်မခံငြင်းပယ်လျှက်ရှိပါသည်။

ပထမအချက်အနေဖြင့် -
“ထူး” ကုမ္ပဏီသည် နှစ်ရှည်ငှားရမ်းထားရာမှ Morning Star Café လုပ်ကိုင်လျှက်ရှိသော မြေနေရာသက်သက်ကို သစ်တောဦးစီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးရခြင်းမှာ လည်း Emerald Rose Hotel အတွက်ဖြစ်ကြောင်း ပေါ်ပေါက်သောကြောင့် နိုင်ငံတော်သည် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု မူဝါဒဥပဒေ အရ တိုင်းရင်းသားလုပ်ငန်းရှင်အသေးစား လက်ငုတ်လုပ်ငန်းကို ရပ်ဆဲပြီး “ထူး”ကုမ္ပဏီနှင့် “Emerald Rose Hotel” လုပ်ငန်းရှင်ကြီးများ၏ အပေးအယူအခွင့်အရေးကိစ္စ၌ နိုင်ငံတော်၏အာဏာကို အလွဲသုံးစား မပြုလုပ်သင့်ပါကြောင်း ရိုးသားစွာတင်ပြအပ်ပါသည်။

ဒုတိယအချက်အနေဖြင့် -
သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပြန်ကြားရေးမှူးရုံး၏ (၁၇.၂.၂၀၁၇)ရက်စွဲပါစာအမှတ် -စီမံ /ဝထ/၀၀၁ (၁၅၅၂/၂၀၁၇) အရ “အစိုးရ အိမ်ဥပစာအတွင်းမှ ဖယ်ရှားထွက်ခွာသွားရန်အမိန့်”
ဆင့်ဆိုချက်၌ (၁၇.၂.၂၀၁၆)ရက်နေ့ (၁၆.၀၀) နာရီနောက်ဆုံးထား၍ အစိုးရအိမ်ဥပစာအတွင်းမှ ဖယ်ရှား ထွက်ခွာသွားရန် ၁၉၅၅-ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိစေအပ်သည်ဟု အခွင့်ရအာဏာပိုင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်ထွန်း က လက်မှတ်ရေးထိုး၍ Morning Star စားသောက်ဆိုင်ပိုင်ရှင် ဦးကျော်စိုးမိုးနှင့် စားသောက်ဆိုင်တာဝန်ခံ ဦးနိုင်လင်းတို့ နှစ်ဦးအပေါ် ဆင့်ဆိုထားပါသည်။

အဆိုပါ ၁၉၅၅-ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ ပုဒ်မ ၂(ဂ)၌ “အိမ်ဥပစာ” ဆိုသည်မှာ အဆောက်အဦးကို သို့တည်းမဟုတ် အဆောက်အဦးတစ်ခု၏ အစိတ်အပိုင်းကိုဆိုလိုသည့် အပြင် ထိုစကားရပ်တွင် အောက်ပါတို့လည်းပါဝင်သည်။

(၁)​အဆောက်အဦးနှင့် သို့တည်းမဟုတ် အဆောက်အဦးတစ်ခု၏ အစိတ်အပိုင်းနှင့်စပ်ဆိုင် လျက်ရှိသော ပန်းခြံ၊ မြေရာနှင့် အိမ်ရံအဆောက်အဦးများ။
(၂)​ပိုမိုအကျိုးခံစားနိုင်ရန် ထိုအဆောက်အဦးတွင်သော်လည်းကောင်း၊ ထိုအဆောက်အဦး တစ်ခု၏ အစိတ်အပိုင်းတွင်သော်လည်းကောင်း၊ တပ်ဆင်ထားသောအရာဝတ္ထုများဟု ပြဋ္ဌာန်းထားပါသည်။

Morning Star Cafe မြေနေရာကို စတင်ငှားရမ်းသော ၂၀၀၂-ခုကတည်းက သီးခြားပိုင်းခြားကာရံ သတ်မှတ်ပေးထားပြီးသော အဆောက်အဦးမပါ မြေဧရိယာ (၂၂၀-ပေ×၈၂-ပေ) ၀.၄၁၄ ဧကသည် မြေကွက်သက်သက်ကား ရပ်နားရာမြေနေရာကွက် ဖြစ်ပါသည်။ အဆောက်အဦး (လုံးဝ)မပါရှိပါ။
Morning Star Cafe စားသောက်ဆိုင်ကို အချင်းဖြစ်ငှားရမ်းမြေပေါ်တွင် အဆောက်အဦး တည်ဆောက်လုပ်ကိုင်လျက်ရှိသော အစိုးရမြေဖြစ်ပါသည်။ ဦးကျော်စိုးမိုးသည် စဉ်ဆက်မပြတ် (၁၅)နှစ် တိုင်တိုင် လက်ငုတ်လက်ရင်းလုပ်ကိုင်လျက်ရှိသော မြေနေရာကို Emerald Rose Hotel သို့လွှဲပြောင်းပေး အပ်ရန် သစ်တောဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးနေခြင်းမှာလည်း ဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့်အပြင် ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တည်ဆဲ ဖွဲ့စည်းပုံအခြေအခံဥပဒေပုဒ်မ ၃၄၇ တွင် “နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်။ ထို့အပြင်ဥပစာ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာရယူ ပိုင်ဆိုင်ခွင့် ပေးရမည်” ဟု ပြဋ္ဌာန်းချက် ရှိပါသည်။

သို့ဖြစ်ပါ၍ သစ်တောဦးစီးဌာနမှ (၁၇.၂.၂၀၁၇)ရက်စွဲပါ “အစိုးရအိမ်ဥပစာအတွင်းမှ ဖယ်ရှားထွက် ခွာသွားရန်အမိန့်” သည် ဥပဒေပြဋ္ဌာန်းချက်နှင့် ကိုက်ညီမှုရှိ /မရှိ ဆိုသည်ကို ပြန်လည်သုံးသပ် (Review) ပေးရန်ကိစ္စ- နှင့်
နိုင်ငံတော်ပိုင်မြေနေရာကို လက်ရှိငှားရမ်းလုပ်ကိုင်ခွင့် ပေးထားသောတိုင်းရင်းသားလုပ်ငန်းရှင် အား နှင်ထုတ်၍ ပုဂ္ဂလိက ဟော်တယ်လုပ်ငန်းရှင် “Emerald Rose Hotel သို့လွှဲပြောင်းပေးရန် စီစဉ်မှုတို့ သည် တရားမျှတ မှန်ကန်မှုရှိ /မရှိ။
ဆိုသောအချက် ၂-ချက်ကို ဥာဏ်အမျှော်အမြင်ကြီးစွာဖြင့် သမ္မတကြီးမှ ဆုံးဖြတ်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ “အစိုးရအိမ်ဥပစာအတွင်းမှ ဖယ်ရှား ထွက်ခွာသွားရန်အမိန့်” ကိုစောလျှင်စွာရုပ်သိမ်းပယ်ဖျက်ပေးရန် ညွှန်ကြားချက်ကို ထုတ်ပြန်ပေးပါမည့် အကြောင်း ရိုသေလေးစားစွာဖြင့် တိုင်ကြားအပ်ပါသည်။

ပူးတွဲ​(၁)​သစ်တောဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၏ (၁၇.၂.၂၀၁၇)ရက်စွဲပါ စာအမှတ်၊ စီမံ/၀ထ/၀၀၁/(၁၅၅၂/၂၀၁၇) ဓါတ်ပုံမိတ္တူမှန် (၂)ရွက်
(၂)​(၅.၉.၂၀၀၂) ရက်စွဲပါစာချုပ်အမှတ်-/စအက-/၂၀၀၂/ရန်ကုန်တိရစ္ဆာန်ဥယျာဉ် စီမံအုပ်ချုပ် မှု ကော်မတီနှင့် စားသောက်ဆိုင်ရောင်းချဖွင့်လှစ် ခွင့်နှင့် ယာဉ်ရပ်နားစခန်း ငှားရမ်းလုပ်ကိုင်ခွင့် ရရှိသည့်လုပ်ငန်းရှင်တို့ နှစ်ဦးသဘောတူစာချုပ် ဓါတ်ပုံမိတ္တူမှန် (၂)ရွက်
(၃)​Htoo Zoological & Gardens Business Unit Yangon (Zoo) ၏ (၆.၈.၂၀၁၃)ရက်စွဲပါ Receipt Voucher No.01127 ဓါတ်ပုံမိတ္တူမှန် (၁)ရွက်
(၄)​Htoo Zoological & Gardens Business Unit Yangon (Zoo) ၏ (၉.၁၀.၂၀၁၃)ရက်စွဲပါ Receipt Voucher No.01304 ဓါတ်ပုံမိတ္တူမှန် (၁)ရွက်
(၅)​Htoo Zoological & Gardens Business Unit Yangon (Zoo) ၏ (၅.၆.၂၀၁၃)ရက်စွဲပါ Receipt Voucher No.00972 ဓါတ်ပုံမိတ္တူမှန် (၁)ရွက်
(၆)​Htoo Zoological & Gardens Business Unit Yangon (Zoo) ၏ (၃.၇.၂၀၁၃)ရက်စွဲပါ Receipt Voucher No.01022 ဓါတ်ပုံမိတ္တူမှန် (၁)ရွက်
(၇)​ဆောက်လုပ်ရေးဝန်ကြီးဌာန၏ (၁၄.၆.၂၀၁၆)ရက်စွဲပါစာအမှတ် နပတ/အယဖ/ဥပဒေ/ ၉၇/၂၀၁၆(၀၇၄) (အယူခံဝင်ရောက်ခြင်းကိစ္စ)ဓါတ်ပုံမိတ္တူမှန် (၁)ရွက်

လေးစားစွာဖြင့်

ဦးကျော်စိုးမိုး
Morning Star Cafe စားသောက်ဆိုင်လုပ်ငန်း
အထက်ပန်းဆိုးတန်းလမ်းနှင့် ဗိုလ်မင်းခေါင်လမ်းထောင့်
မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့
ဖြန့်ဝေခြင်း
၁။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးရုံး
နေပြည်တော်
၂။ဥက္ကဋ္ဌ
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်
ပြည်ထောင်စုလွှတ်တော်
နေပြည်တော်
၃။ဥက္ကဋ္ဌ
တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ
ပြည်သူ့လွှတ်တော်
နေပြည်တော်
၎။ဥက္ကဋ္ဌ
ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ
အမျိုးသားလွှတ်တော်
နေပြည်တော်






No comments:

Post a Comment