Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 19, 2017

တရုတ်ရဲ့ One Belt One Road စီမံကိန်းနဲ့ မြန်မာနိုင်ငံ

ဘေဂျင်းမြို့တော်မှာ One Belt and One Road နိုင်ငံတကာ ညီလာခံကျင်းပဖို့ ပြင်ဆင်နေစဉ်
မေလအတွင်း ကျင်းပမယ့် တရုတ်နိုင်ငံရဲ့ One Belt and One Road OBOR Forum နိုင်ငံတကာ ညီလာခံဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့သာ ရည်ရွယ်ပြီး နိုင်ငံရေးပါဝင်ပတ်သက်မှုကို မလိုလားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က မနေ့ကပြောကြားလိုက်ပါတယ်။

အခုလို မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး နိုင်ငံတကာစီမံကိန်းကြီးဟာ မြန်မာနိုင်ငံအတွက်ရော ဘယ်လို အကျိုးသက်ရောက်မှုတွေရှိစေနိုင်ပါသလဲ။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံပေါင်း ၁၁၀ က အစိုးရကိုယ်စားလှယ်တွေတက်ရောက်မယ့် One Belt and One Road နိုင်ငံတကာညီလာခံနဲ့ ပတ်သက်လို့ တရုတ်အစိုးရက ဘာတွေပြင်ဆင်ထားသလဲဆိုတာကို နိုင်ငံခြားရေးဝန်ကြီး Wang Yi က မနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

“ညီလာခံဖွင်ပွဲအခမ်းအနားကို မေလ (၁၄)ရက်နေ့မှာကျင်းပမှာဖြစ်ပါတယ်။ သမ္မတ Xi Jinping ကိုယ်တိုင်တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြောကြားမှာပါ။ အဲဒီနောက်မှာတော့ အဆင့်မြင့် စည်းဝေးပွဲတွေကို ကျင်းပဖို့ရှိပါတယ်။ မေလ (၁၅)ရက်နေ့မှာ နိုင်ငံတကာ ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို တနေ့လုံးကျင်းပမှာဖြစ်ပြီး သမ္မတ Xi က သဘာပတိအဖြစ်ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲဒီထိပ်သီးအစည်းအဝေးပွဲကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres၊ ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim အပါအ၀င် နိုင်ငံပေါင်း ၂၈ နိုင်ငံရဲ့ အစိုးရခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးမှာဖြစ်ပါတယ်။”

ဒါအပြင် ကဏ္ဍမျိုးစုံမှာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်နိုင်ဖို့ ညီလာခံမှာ ပါဝင်တဲ့ နိုင်ငံအားလုံးအတွက် စင်မြင့်တခု ပေးထားကြောင်း တရုတ်နိုင်ငံ ဖွံဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယ အကြီးအကဲ Wang Xiaotao က သတင်းထောက်တွေကို အခုလိုပြောသွားပါတယ်။

“အဆင့်မြင့်စည်းဝေးပွဲတွေ ဆိုတဲ့ အဓိပ္ပါယ်ကတော့ အဆင့်မြင့် စုံညီစည်းဝေးပွဲတရပ်နဲ့အတူ သီးခြားစင်ပြိုင် ဆွေးနွေးပွဲ ခြောက်ခု ကို ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲတွေကနေ ကဏ္ဍပေါင်း (၈)ခုကို ဦးစားပေးမှာဖြစ်ပါတယ်။ အခြေခံယန္တရား အဆောက်အဦး၊ စက်မှုလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ စွမ်းအင်နှင့် သံယဇာတကဏ္ဍ၊ ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံ ပြည်သူကြား အပြန်အလှန် ဖလှယ်တဲ့ အစီအစဉ်တွေ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ ပင်လယ်ရေကြောင်း သွားလာမှုမှာ ပူးပေါင်းဆောင်ရွက်ရေး စတာတွေ ပါဝင်ဖို့ ရှိပါတယ်။ တက်ရောက်လာသူတွေအနေနဲ့ ဘယ်လိုနည်းနဲ့ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖေါ်မလဲ၊ ဘယ်လို မြှင့်တင်ယူမလဲ၊ လက်တွေ့ကျတဲ့ အောင်မြင်မှုတွေ ဘယ်လိုထောက်ခံမလဲ စတာတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

One Belt and One Road ညီလာခံနဲ့ပတ်သက်လို့ တရုတ်က သူရဲ့နိုင်ငံတကာစီမံကိန်းကြီးကို သူပဲထိန်းချုပ်ဖို့ ကြိုးစားနေကြောင်း ဝေဖန်မှုတွေရှိနေတာပါ။ တရုတ်အစိုးရကတော့ အဲဒီဝေဖန်မှုကို ရှောင်ကြဉ်တဲ့အနေနဲ့ ညီလာခံကို အကြံပေးလုပ်ငန်းစဉ်အဖြစ် မြင်သာအောင် ကြိုးစား ဆောင်ရွက်နေပါတယ်။

တရုတ်ရဲ့ OBOR စီမံကိန်းမှာ ဖွံဖြိုးဆဲနဲ့ ဖွံဖြိုးပြီး နိုင်ငံတွေခွဲခြားခြင်းမရှိပဲ သာတူညီမျှ တိုးတက်ရေးကို မြှင့်တင်ဖို့အတွက် ရည်မှန်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒါကြောင့် OBOR စီမံကိန်းဟာ မြန်မာနိုင်ငံအတွက် ဘယ်လို အကျိုးရှိနိုင်မလဲ။ တရုတ်-မြန်မာဆက်ဆံရေးကျွမ်းကျင်သူလည်းဖြစ်၊ မြန်မာ့နိုင်ငံရေးသုံးသပ်နေသူ ဦးမောင်မောင်စိုး အမြင်ကတော့-

“တရုတ်အဖို့ကတော့ ပိုးလမ်းခါးပတ်စီမံကိန်းနဲ့ ပတ်သက်ပြီး ကျောက်ဖြူစီးပွားရေးဇုံဆိုပြီး ကားလမ်း၊ ရထားလမ်းဆက်သွယ်ရေးလမ်း ဖောက်ရင်းပဲဖြစ်ဖြစ် သူ့အနေနဲ့ လုပ်လို့ရတယ်။ ရွှေဂတ်စ် ပိုက်လိုင်းကလည်း သူတို့ ၀ယ်ယူထားပြီးသာ ဖြစ်တော့ အဲဒီကနေ လျှပ်စစ်ဓါတ် ထုတ်လို့လည်း ရတယ်။ လုပ်ငန်းထူထောင်မယ်ဆိုရင်ပေါ့။ အရေးကြီးတာက ဘာပြဿနာဖြစ်နေလဲဆိုတော့ မြန်မာပြည်မှာက တရုတ်ရင်းနှီးမြှုပ်နှံမှုကို စိုးရိမ်တာပေါ့။ စိုးရိမ်တဲ့အခါမှာ နှစ်နိုင်ငံလုံး အကျိုးရှိတဲ့ အခြေအနေဖြစ်ဖို့ လိုတယ်။ ပိုးလမ်းခါးပတ်စီမံကိန်းမှာ မြန်မာပြည်ပါလို့ တရုတ်ရင်းနှီးမြှုပ်နှံမှု ၀င်လာမယ်ဆိုရင် မြန်မာပြည်အတွက် ဘယ်လောက်ထိ အကျိုးရှိမလဲ။ မြန်မာပြည်သူတွေအတွက် ဘယ်လောက်ထိ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မလဲ။ ဒါတွေအရေးကြီးပါတယ်။ ဒါကို မြန်မာအစိုးရဘက်က ကြိုးစားရုံမက တရုတ်အစိုးရဘက်ကလည်း မြန်မာပြည်ကို ဖြတ်ရင် မြန်မာပြည်သူတွေရဲ့ မျက်နှာကို အဓိကကြည့်ဖို့ လိုတယ်။ တကယ်လို့ တရုတ်ဖက်က အစိုးရချင်း သဘောတူညီရင် ပြီးရောဆိုရင်တော့ မြစ်ဆုံစီမံကိန်းလို ပြဿနာတွေဖြစ်နိုင်ပါတယ်။”

ညီလာခံမတိုင်ခင် တရုတ်အစိုးရဟာ သူ့ရဲ့ OBOR ပိုးလမ်းခါးပတ် စီမံကိန်းအတွက် ထောက်ခံမှုကို တိုးချဲ့တဲ့အနေနဲ့ နိုင်ငံပေါင်း ၅၆ နိုင်ငံနဲ့ သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။ ဒါအပြင် OBOR စီမံကိန်းကို အကောင်အထည်ဖေါ်ဖို့ ပိုးလမ်းမ ရံပုံငွေဆိုပြီး အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ မ တည် ရင်းနှီးခဲ့ပါတယ်။

One Belt and One Road ညီလာခံဖွင့်ပွဲ အခမ်းအနားကိုရုရှားသမ္မတ Vladimir Putin၊ အီတလီ ၀န်ကြီးချုပ် Paolo Gentiloni၊ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF အကြီးအကဲ Christine Lagarde တို့လည်း တက်ရောက်ကြမှာဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ပိုင်နက် အငြင်းပွားနေတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေနဲ့လည်း တရုတ်အစိုးရက ညှိုနှိုင်းထားတဲ့အတွက် OBOR ညီလာခံကို အဲဒီနိုင်ငံက ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။

ဥရောပနဲ့ အရှေ့ဥရောပနိုင်ငံတွေဖြစ်တဲ့ Greece၊ Belarus အပြင် ပါကစ္စတန်၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ အီသီယိုပီးယား စတဲ့ နိုင်ငံတွေလည်း ညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်။

ဒါပေမယ့် ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယနဲ့ စင်္ကာပူနိုင်ငံတွေကတော့ သူတို့ရဲ့ ခေါင်းဆောင်တွေ ညီလာခံတက်ရောက်ဖို့ရှိမရှိ တရုတ်နဲ့ သဘောတူညီမှုမရသေးသလို တရုတ်ရဲ့ စီးပွားရေးမဟာမိတ်အုပ်စုနိုင်ငံတွေဖြစ်တဲ့ ဘရာဇီးလ်နဲ့ တောင်အာဖရိကနိုင်ငံတွေကတော့ သူတို့ရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေ တက်ရောက်ဖို့ မရှိဘူးလို့ တရုတ်နိုင်ငံခြားရေးဌာန သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

တရုတ်ရဲ့ ပိုးလမ်းခါးပတ်စီမံကိန်းမှာ အာရှနဲ့ ဥရောပတိုက်ကိုဖောက်လုပ်မယ့် ကုန်လမ်းနဲ့ ရေကြောင်းလမ်းတွေပါဝင်ပါတယ်။

အင်ကြင်းနိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment