Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 19, 2017

အင်းလေးကန်တွင် ယခုနှစ်နွေရာသီ ရေမခန်းနိုင်တော့ဟု အင်းတိုင်းရင်းသားရေးရာဝန်ကြီး ပြောကြား

 
အင်းလေးကန်တွင် ယခုနှစ်နွေရာသီ ရေမခန်းနိုင်တော့ဟု အင်းတိုင်းရင်းသားရေးရာဝန်ကြီး ပြောကြား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တွင် ယခုနှစ်နွေရာသီ ရေမခန်းခြောက်နိုင်တော့ကြောင်း အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က ဧပြီ ၁၈ ရက်တွင် ပြောကြားသည်။

အင်းလေးကန်တွင် ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တို့တွင် ဆိုးရွားစွာ ရေခန်းခြောက်ခဲ့ခြင်းကြောင့် အင်းလေးကန်တွင် သွားလာမရသော ရွာပေါင်းများစွာရှိပြီး ရေခန်းခြောက်ခြင်းကြောင့် ကုန်းခေါင်ခေါင်ဖြစ်ခဲ့ကာ ဖောင်တော်ဦးဘုရားနှင့် ဟဲယာရွာမကဲ့သို့သော ရွာလယ်လမ်းမကြီးများတွင် သွားရေးလာရေး ခက်ခဲမှုများ ကြုံတွေ့ခဲ့ရသော်လည်း ယခုနှစ် နွေရာသီတွင် ရေခန်းခြောက်ရန် လုံးဝ မဖြစ်နိုင်တော့ကြောင်း အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က ပြောကြားသည်။ ယခင်နှစ် ၂၀၁၆ ခုနှစ်တွင် အင်းလေးကန်တွင်း လက်ရိုက်ဆည် ၁၂ ခု၊ ကိုယ်ထူကိုယ်ထ အင်းလေးကန်တွင်း လမ်းဖောက်မှု ၁၀ ရွာခန့် (၁၀ မိုင်) ကျော် လမ်းဖောက်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“အဆင်ပြေပါတယ်။ ဖောင်တော်ဦးဘုရားရှေ့ကို မနှစ်က သွားလာလို့ မရဘူးလေ။ ဒီနှစ် သွားလာလို့ ရနေတယ်။ လယ်တွေလည်း စိုက်ရတာပေါ့။ တောင်ပိုင်းက ပိုအဆင်ပြေတယ်။ မြောက်ပိုင်းလည်း အဆင်ပြေပါတယ်။ မနှစ်တုန်းက ဈေးတွေ ဘာတွေ မ၀ယ်ရဘူးလေ။ ဒီနှစ် ၀ယ်ရတယ်လေ။ အရင် လမ်းဟောင်းတွေတော့ သွားလို့ရတယ်။ ဖောင်တော်ဦးရှေ့မှာ သုံးပေ လေးပေ ရှိနေသေးတယ်။ ဒီတစ်နှစ်တော့ ရေမခန်းတော့ဘူးလေဗျာ။ တက်ဖို့ပဲ ရှိတယ်။ ဟိုတစ်နေ့က မိုးနည်းနည်းရွာတော့ အင်းလယ်မှာ သုံးလက်မလောက်တက်ပြီး ကျွန်တော်တို့ရွာမှာ ခြောက်လက်မလောက် တက်တယ်။ ကျွန်တော်တို့ ရွာလည်း ဆယ်ထားတာကိုး။ ရေတက်တယ်။ မိုးနည်းနည်းရွာတယ်။ ဧည့်သည် မပြတ်သွားဘူး။ သင်္ကြန်မှာလည်း ဖောင်တော်ဦးဘုရား စည်ကားနေတုန်းပါပဲ။ မုန်တိုင်းတော့ မကျဘူး။ မိုးတော့ရွာတယ်” ဟု အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ ထွန်းလှိုင်က ပြောကြားသည်။

“ရေအခြေအနေ ကောင်းနေသေးတယ်။ ကျွန်တော်တို့ Save the Inle Lake အဖွဲ့ကနေ သောက်သုံးရေအတွက် ရေတွင်းတူးနေတာ လေးငါးရွာလောက် တူးပေးနေတယ်။ ရေနည်းနည်းလေးပဲ ကျန်တော့လို့ ရေသုံးဖို့ အဆင်မပြေဘူး။ ကျွန်တော်တို့အဖွဲ့ကနေ တူးထားပေးတဲ့ ရွာက ၁၉ ရွာလောက် လမ်းတွေ တူးဖော်ထားပေးတယ်။ မင်းလမ်းအနောက်ဘက်ကမ်း တောက်လျှောက်ပေါ့။ အင်းဝန်ကြီး အစီအစဉ်နဲ့လည်း ဆက်တူးပေးနေသေးတယ်။ လှေလမ်းကြောင်း တစ်မြောင်းပဲ၊ နှစ်ရွာ သုံးရွာလောက် ဆုံနေတဲ့နေရာတွေ သွားလာမရတဲ့ ရွာတွေကို တူးလိုက်တာ။ ဒီနှစ်တော့ အဆင်ပြေနေသေးတယ်။ သွားလာလို့ ရနေတယ်” ဟု Save the Inle Lake အဖွဲ့မှ ကိုညီညီထွန်းက ပြောကြားသည်။

ယခုနှစ် နွေရာသီတွင် ရေခန်းခြောက်ရန် မဖြစ်နိုင်တော့ဘဲ မိုးရွာပြီး ရေတက်လာဖို့သာ ကျန်တော့ကြောင်း အင်းဝန်ကြီး ဒေါက်တာထွန်းလှိုင်က ပြောကြားသည်။

အင်းလေးကန်တောင်ဘက်ပိုင်းတွင် လက်ရိုက်ဆည် ၁၂ ခု ရိုက်ထားပြီး (၁) ဟဲခမ်းဦး၊ (၂) ဆီဆုံ၊ (၃) မိုင်းပျိုး၊ (၄) လွယ်မော၊ (၅) ကျိုင်းခမ်း၊ (၆) ပေါ့မူ (အပေါ်၊ အလယ်၊ အထက်)၊ (၇) လီမီး၊ (၈) ကျောက်တိုင်၊ (၉) ဗန်းကန်၊ (၁၀) ဟိုပုံး၊ (၁၁) ကျွဲတူးစသော ကျေးရွာများတွင် လက်ရိုက်ဆည်များကို မိမိတို့ အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိခြင်းဖြစ်ကြောင်း အင်းတိုင်းရင်းသားရေးရာ ၀န်ကြီးက ဆိုသည်။

အင်းလေးဒေသ ညောင်ရွှေမြို့နယ်တွင် ကျေးရွာပေါင်း ၄၄၅ ရွာ၊ ကျေးရွာအုပ်စု ၃၅ အုပ်စု၊ ရေပေါ်ကျေးရွာ ၂၂၀ ကျော်၊ လူဦးရေပေါင်း တစ်သိန်းရှစ်သောင်းခန့် နေထိုင်ကာ၊ အင်းလေးကန်တွင်းသို့ စီးဝင်သော အဓိကချောင်းကြီး လေးချောင်းနှင့် ချောင်းလက်တက် ၂၉ ချောင်းရှိကြောင်း သိရသည်။

Writer: 
စည်သာ (တောင်ကြီး)
Eleven Media Group

No comments:

Post a Comment