Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 7, 2017

တရားဝင်ခွင့်ပြုချက် မရှိဘဲ မိမိလက်မှတ် ရေးထိုးထားသည့် ထောက်ခံစာဖြင့် ဓာတ်ငွေ့နှင့် လောင်စာဆီများ တစ်ဖက်နိုင်ငံမှ မှောင်ခိုတင်သွင်းသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် ပြောကြား

 
တရားဝင်ခွင့်ပြုချက် မရှိဘဲ မိမိလက်မှတ် ရေးထိုးထားသည့် ထောက်ခံစာဖြင့် ဓာတ်ငွေ့နှင့် လောင်စာဆီများ မှောင်ခိုတင်သွင်းသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံလျက်ရှိနေသော အစိုးရ၏ လိုင်စင်နှင့် ခွင့်ပြုချက် မရှိဘဲ တစ်ဖက်နိုင်ငံမှ ပြည်တွင်းသို့ သယ်ဆောင်လာသော ဆီဘောက်ဆာယာဉ် အစီး ၅၀ ခန့်ကို မြ၀တီ နယ်စပ်ဂိတ်တွင် ထိန်းသိမ်းစစ်ဆေးစဉ် အဆိုပါ ယာဉ်တန်းမှ ကြီးကြပ်ရေးမှူးဆိုသူက ထောက်ခံစာပါသည် ဟုဆိုကာ ဦးဝင်းထိန် လက်မှတ်ရေးထိုးထားသည့် စာရွက်အား ထုတ်ပြခဲ့ကြောင်း၊ ဦးဝင်းထိန်မှာ အစိုးရအဖွဲ့ဝင် မဟုတ်သည့်အတွက် ယင်းယာဉ်အစီး ၅၀ ခန့်အား နယ်စပ်ဂိတ်တွင် ထိန်းသိမ်းထားကြောင်း ရေးသားဖြန့်ဝေမှုများအပေါ် ဦးဝင်းထိန်က ဧပြီ ၇ ရက်တွင် နေပြည်တော် စည်ပင်ဧည့်ရိပ်သာရှိ ၎င်း၏အခန်း၌ မီဒီယာများအား ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခု အဲဒီကိစ္စကို မေးပြီးပြီ။ မေးပြီးတဲ့အခါ ယိုးဒယားကနေ တရားဝင် ကုန်သွယ်ရေးပါမစ်နဲ့သွင်းတဲ့ ပုဂ္ဂိုလ်နှစ်ယောက်ရှိတယ်။ အဲဒီနှစ်ယောက်စလုံးက ကိုယ့်ဆီလာဖူးတယ်။ တစ်ယောက်ကတော့ ဆုံးသွားတဲ့ NLD တစ်ယောက်ရဲ့သား။ သူက အကြီးအကျယ် လုပ်နေတယ်။ ဓာတ်ငွေ့ရည်ဖြည့်တဲ့ဆိုင်တွေ ထောင်ထားတာ။ အစိုးရနဲ့ ပါမစ်ရလို့။ နောက်တစ်ယောက်က သူ့နည်းသူ့ဟန်နဲ့ ဘယ်နေရာမှာ လုပ်မှန်းတောင် မသိဘူး။ အဲဒီလုပ်ငန်းတွေ လာတိုင်ပင်ဖူးတယ်။ သူတို့နှစ်ယောက်ကို မေးတာ။ တစ်ယောက်ကတော့ သူဘာမှမသိဘူး။ ကြားတော့ကြားတယ်။ ဘောက်ဆာတွေ လေးငါးဆယ် တားထားတယ်။ အခုမေးကြည့်တော့ အဲဒီ လေးငါးဆယ်က ပတ်စ်ဖြစ်သွားတယ်” ဟု ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ပိုင်ရှင်က အရင်က ကိုယ်တို့ NLD စစ်ကိုင်းတိုင်းဥက္ကဋ္ဌ ဗိုလ်မှူးကြီးကျော်ဆန်းရဲ့သား။ ဒီကောင်က ဒီကေဘီအေနဲ့ ပေါင်းပြီးတော့ စီးပွားရေး အကြီးအကျယ်လုပ်တာ။ ဘောက်ဆာတွေသွင်းတာ။ သူနဲ့ အဆက်အသွယ် မရဘဲနဲ့။ သူနဲ့သိတဲ့သူတွေကို မေးကြည့်တာ။ ဟုတ်တယ်။ သူ့ဘောက်ဆာတွေ တရားဝင်ကို ကြီးကြပ်ရေးမှူးက မသိလို့ တားထားတာ။ ဖမ်းတာမဟုတ်ဘူး။ အခု Pass ဖြစ်သွားပြီ။ သူ့ဥစ္စာက တရားဝင်။ ကျုပ်နာမည်တစ်ခုမှ မပါလာဘူး။ တစ်စုံတစ်ယောက် သောသူက ကျုပ်နာမည်နဲ့လုပ်လို့ အတားခံရတယ် ဆိုပြီးတော့ တင်တာ။ ချက်ကောင်းပေါ့” ဟု ဦးဝင်းထိန်က ပြောကြားသည်။

ထို့အတူ ပြည်တွင်းသုံးစွဲမှု လိုအပ်ချက်အရ မြ၀တီနယ်စပ်မှတစ်ဆင့် တစ်ဖက် ထိုင်းနိုင်ငံထုတ် ဓာတ်ငွေ့ရည်များ တင်သွင်းလျက်ရှိရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် လက်မှတ်ပြပြီး သယ်ဆောင်သည့် ဓာတ်ငွေ့ရည်ဘောက်ဆာ အစီး ၅၀ ဖမ်းဆီးခံရခြင်း သတင်းမှာ မဟုတ်မှန်ကြောင်း Awra Trading Co.ltd တာဝန်ရှိသူ တစ်ဦးဖြစ်သည့် မန်နေးဂျင်းဒါရိုက်တာ ဦးကျော်မျိုးနိုင်က ပြောကြားသည်။

“ဖေ့စ်ဘုတ်သတင်းမှာ တက်နေတဲ့ Gas ဘောက်ဆာတွေကတော့ ကျွန်တော်တို့ကုမ္ပဏီက ကားတွေပါပဲ။ ဓာတ်ပုံကလည်း ပုံဟောင်းတွေပါ။ ဖမ်းဆီးခံရတယ် ဆိုတာတောင် မသိပါဘူး။ ဖမ်းဆီးခံရတာလည်း မရှိပါဘူး။ ကျွန်တော်တို့ကုမ္ပဏီက တရားဝင် တင်သွင်းနေတာ ဖြစ်ပါတယ်။ ပြီးတော့ တစ်လလုံးမှ ဘောက်ဆာ အစီး ၅၀၊ ၁၀၀ တင်သွင်းရတာပါ။ ဘောက်ဆာ အစီး ၅၀ ဖမ်းခံရတယ်လို့ သတင်းမှာ ရေးထားတော့ အံသြမိပါတယ်။ လုပ်ကြံသတင်းသာ ဖြစ်ပါတယ်” ဟု Awra Trading Co.ltd တာဝန်ရှိသူ တစ်ဦးဖြစ်သည့် မန်နေးဂျင်းဒါရိုက်တာ ဦးကျော်မျိုးနိုင်က ပြောကြားသည်။

ဓာတ်ငွေ့ရည်ဘောက်ဆာ အစီး ၅၀ ထိမ်းသိမ်းခံရခြင်းမှာ ကုမ္ပဏီနှင့် နိုင်ငံရေးပါတီအပေါ် မလိုမုန်းတီး တိုက်ခိုက်လို၍ လုပ်ကြံဖန်တီးရေးသားခြင်း ဖြစ်နိုင်သလို ကုမ္ပဏီအနေဖြင့်လည်း မည်သည့်လက်မှတ်မှ တစ်စုံတစ်ရာ ခုတုံးလုပ် တင်သွင်းခြင်းမျိုး မရှိဘဲ နိုင်ငံတော်သို့ တရားဝင် အခွန်ဆောင် တင်သွင်းနေခြင်းသာ ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ယခုကဲ့သို့ အွန်လိုင်းတွင် ရေးသားဖြန့်ဝေခဲ့ခြင်းအပေါ် ဥပဒေကြောင်းအရ မည်သို့မျှ ဆောင်ရွက်သွားမည် မဟုတ်ကြောင်းလည်း ဦးဝင်းထိန်က  မီဒီယာများသို့ ပြောကြားခဲ့သည်။

“မလုပ်ပါဘူး။ အလုပ်ရှုပ်တယ်။ ကျွန်တော့်မှာ အလုပ်တွေက အများကြီး” ဟု ဦးဝင်းထိန်က ပြောကြားသည်။
EMG

No comments:

Post a Comment