Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 2, 2017

Manchester by the Sea


Manchester by the Sea ကို (၂) ခါ ပြန်ကြည့်ဖြစ်တယ်။ Act 1 (သို့မဟုတ်) Set Up အပိုင်းမှာ ဒီဇာတ်လမ်းရဲ့ အဓိက အရေးပါဆုံး ဇာတ်ကောင်နှစ်ဦးဖြစ်တဲ့ Lee Chandler (Casey Affleck) နဲ့ ဒုတိယ အရေးပါဆုံးဇာတ်ကောင်ဖြစ်တဲ့ Patrick Chandler (Lucas Hedges) တို့ နှစ်ဦးကို Lee ရဲ့ အစ်ကိုလည်းဖြစ် Patrick ရဲ့ ဖခင်လည်းဖြစ်တဲ့ Joe Chandler (Kyle Chandler) နဲ့အတူ ပင်လယ်ထဲမှာ ငါးမျှားနေတဲ့အခန်း နဲ့ စပြီးဖွင့်ထားတယ်။ ဒီဇာတ်လမ်းမှာ အဓိကဇာတ်ကောင် (Protagonist) က Lee ဖြစ်ပြီးတော့၊ သူ နဲ့ ဆန့်ကျင်ဘက် ဇာတ်ကောင် (Antagonist) ကတော့ Lee ရဲ့ တူဖြစ်တဲ့ Patrick ပါ။ ဇာတ်လမ်းကို ဒီဇာတ်ကောင်သုံးဦးလုံးရဲ့ မွေးရပ်မြေဖြစ်တဲ့ မက်ဆာချူးဆက်ပြည်နယ်၊ Essex ခရိုင်ထဲက Manchester-by-the-Sea ဆိုတဲ့မြို့လေးမှာ ဇာတ်အိမ်တည်ထားတာပါ။

ဇာတ်လမ်းပြသချိန် ပထမ (၁၅) မိနစ်အတွင်းမှာ အဓိက ဇာတ်ကောင်ရဲ့ စရိုက်၊ သူ့ရဲ့ အလုပ်အကိုင်၊ သူနေထိုင်ရာ ပတ်ဝန်းကျင်တွေကို ပြတယ်။ ဇာတ်ကောင် (Lee) ဟာ သူ့ကိုယ်သူ ယုံကြည်မှု အားနည်းသူဖြစ် ပြီး၊ လူနေအိမ်ခန်းတွေက အမှိုက်တွေပစ်ပေးရတဲ့အလုပ်၊ ရေပိုက်ပြင်တဲ့အလုပ်၊ နှင်းတွေရှင်းလင်းရတဲ့အလုပ် စတဲ့ ပျံကျအလုပ်တွေကို လုပ်ရတယ်။ ဇာတ်ကောင်ရဲ့ စရိုက်ကိုပြတဲ့အခါမှာကျတော့ သူရေပိုက်ပြင်တဲ့ အိမ်က အိမ်ရှင် နဲ့ စကားများတယ်။ ဆဲဟယ်၊ ဆိုဟယ်ဖြစ်ကြတယ်။ ဒီအကြောင်း နဲ့ ပက်သက်ပြီး အိမ်ရှင်က Lee ရဲ့ သူဋ္ဌေးကိုတိုင်တယ်။ သူဋ္ဌေးက Lee ကိုခေါ်ပြီးဆုံးမတယ်။ အဲဒီညမှာပဲ Lee က ဘီယာဘားမှာ ဘီယာ သောက်နေတုန်း တဖက်စားပွဲကနေ သူ့ကို မကြာခဏ လှမ်းကြည့်နေတဲ့ လူနှစ်ယောက်ကို အခုလို ကြည့်ရပါ့မလားဆိုပြီး လက်သီး နဲ့ သွားထိုးတယ်။ ပြသချိန် ၁၅ မိနစ် (ဇာတ်ညွှန်း ၁၅ မျက်နှာ) အတွင်းမှာ အဓိက ဇာတ်ကောင်ရဲ့ စရိုက်၊ အလုပ်အကိုင်၊ သူနေထိုင်ရာပတ်ဝန်းကျင် အခြေအနေတွေကို ပြသွားတယ်။

အဲဒါပြီးတော့ Manchester မှာရှိတဲ့ Beverly ဆေးရုံကနေ Lee ကို ဖုန်းဆက်ပြီး၊ သူ့အစ်ကိုဖြစ်သူ Joe Chandler နှလုံးသွေးလည်ပတ်မှု ပုံမှတ်မဟုတ်တော့တဲ့အတွက် ဆေးရုံတင်ထားရကြောင်း အကြောင်းကြား တယ်။ သူ ဆေးရုံကို လိုက်သွားပေမယ့် သူ့အစ်ကိုရဲ့ အသက်ကို မမီတော့ဘူး။ အဲဒီအခန်းတွေကိုပြပြီး တပြိုင်နက် Lee ရဲ့ “Flash Back” လို့ခေါ်တဲ့ “နောက်ကြောင်းပြန်” တဲ့ အခန်း ၃ ခန်းကိုပြတယ်။ (၁) သူ့အစ်ကို အရင်တခေါက်ဆေးရုံတက်ရစဉ်၊ ဆရာဝန်က ရောဂါ နဲ့အခြေအနေနဲ့ပက်သက်ပြီး Joe အသက်အရွယ်ဝန်းကျင် လူနာတွေအနေနဲ့ ခန့်မှန်းခြေ ၅ နှစ်အထိသာ အများဆုံးခံမယ်ဆိုတဲ့အကြောင်း ပြောစဉ်မှာပဲ အစ်ကို့ မိန်းမဖြစ်သူက သူ့အစ်ကို နဲ့ စကားများ ပြီး ဆေးရုံအခန်းထဲကနေ ထွက်သွားတဲ့ပြကွက်။ ဒါကို ပြချင်းအားဖြင့် နောက်ပိုင်းမှာ ကျန်ရစ်မယ့် မရီးဖြစ်သူရဲ့ စိတ်နေစိတ်ထားကို သိသာစေတယ်။ (၂) အစ်ကို ဖြစ်တဲ့ Joe က အရှေ့မှာ လှေမောင်း၊ ညီဖြစ်တဲ့ Lee နဲ့ သူ့တူ Patrick တို့ နှစ်ယောက်သား လှေအနောက်ဖက်မှာ ငါးမျှားကြတဲ့ပြကွက်၊ ဒီပြကွက်ကတော့ တူ နဲ့ ဦးလေးတို့ နှစ်ယောက်ကြားက နီးစပ်မှုကို ပြတာပါ။ (၃) Lee နဲ့ သူ့ မိန်းမ Randi ၊ သားသမီး သုံးယောက်ကို ပြတယ်။ Lee ရဲ့ မိသားစုဘ၀၊ အိမ်ထောင်ဦးစီးဘ၀ နဲ့ ကလေးတွေကို ချစ်တဲ့ ဖခင်ဘ၀ကို ပြတာပါ။ (ဒီနောက်ကြောင်းပြန်တဲ့ ပြကွက် ၃ ခုဟာ အစ်ကိုဖြစ်သူက သူမသေခင် အရွယ်မရောက်သေးတဲ့ သားဖြစ်သူကို ဘယ်သူ နဲ့ စိတ်ချပြီးထားခဲ့မလဲ (အရက်အလွန်အကျွံသောက်တတ်တဲ့ သူ့မိန်းမ နဲ့လား ညီဖြစ်သူ နဲ့လား) ဆိုတာကို ဆုံးဖြတ်တဲ့ အခါမှာ အထောက်အကူပေးပါတယ်။

အဲဒါတွေအားလုံးပြပြီး ဇာတ်ကားပြသချိန် ၃၃ မိနစ်ကြာတဲ့အခါမှာ Act 1 (ဒါမှမဟုတ်) Set Up အပိုင်း အဆုံးသတ်ပါတယ်။ ပြီးခဲ့တဲ့ပို့စ်မှာတုန်းက Act 1 အပိုင်းတွေကို ရေးခဲ့ပါတယ်။ အဲဒီအပိုင်းတွေအားလုံး Manchester by the Sea ရဲ့ Act 1 မှာ ပါသလားဆိုတာ ကြည့်ရအောင်ပါ။

၁။ အဓိက ဇာတ်ကောင်တွေကို Set Up အပိုင်းမှာ ချပြမှု ရှိသလား?
၂။ အဓိကဇာတ်ကောင်ရဲ့ စရိုက်၊ စိတ်နေ၊ စိတ်ထား၊ လှုပ်ရှားသွားလာမှု၊ သူ့ရဲ့ ပတ်ဝန်းကျင်?
၃။ ပရိသတ်ရဲ့ အာရုံကို အမိအရ ဖမ်းဆုပ်လိုက်နိုင်တဲ့ပြကွက် (hook)?
၎။ ဇာတ်ရှိန်တင်ဖို့အတွက် စပြီးအားယူတဲ့အပိုင်း (Inciting Incident)?


အဲဒါကတော့ ကျောင်းမှာတုန်းက ဇာတ်ညွှန်းရေးနည်း သင်တန်းထဲမှာ ဆရာက လုပ်ခိုင်းတဲ့ပုံစံပါ။ ကျနော်တို့အတန်းသား အယောက် (၂၀) လုံးကို ရုပ်ရှင်ဇာတ်ကား ၂၀ စာရင်းပေးပြီး ကိုယ်အကြိုက်ဆုံး စိတ်ကြိုက်ကားတစ်ကားစီကို ရွေးခိုင်းတယ်။ ပြီးရင် အဲဒါကို အိမ်စာအနေနဲ့ ပေးလိုက်ပြီး ဇာတ်လမ်းအစ၊ အလယ်၊ အဆုံး Three Act Structure ကို (အတတ်နိုင်ဆုံး) ရှင်းပြစရာမကျန်တဲ့အထိ အခုလို (ဒါပေမယ့် အင်္ဂလိပ်လို) စုံစေ့အောင် ရေးပြီး တင်ပြရတယ်။ ဇာတ်လမ်းတခုလုံးကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်တဲ့ အပေါ်မူ တည်ပြီး အမှတ်ပေးသွားတာပါ။

Manchester by the Sea ရဲ့ Act 2, Act 3, Plot Point 1, Plot Point 2, Rising Action, Climax, Turning Point တွေ နဲ့ Resolution အပိုင်းတွေကို အချိန်ရရင် ရသလို ဆက်ပြီးရေးသွားပါမယ်။
Kyaw Thein Kha










No comments:

Post a Comment