Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 6, 2017

ကရ၀ိက်ဥယျာဉ်၊ ပြည်သူ့ဥယျာဉ်နှင့် မြကျွန်းသာ အစရှိသည့် မြေနေရာများကို ငှားရမ်းခသည် ကာလပေါက်ဈေးထက် များစွာလျော့နည်းနေသဖြင့် နိုင်ငံတော်မှ နှစ်စဉ်ကျပ်ဘီလျံနှင့်ချီ နစ်နာလျက်ရှိကြောင်း ရန်ကုန်တိုင်း စာရင်းစစ်ချုပ်က တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြား

 

ကရ၀ိက်ဥယျာဉ်၊ ပြည်သူ့ဥယျာဉ်နှင့် မြကျွန်းသာ အစရှိသည့် မြေနေရာများကို ငှားရမ်းခသည် ကာလပေါက်ဈေးထက် များစွာ လျော့နည်းနေသဖြင့် နိုင်ငံတော်မှ နှစ်စဉ် ကျပ်ဘီလျံနှင့်ချီ နစ်နာလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားသည်။

ဧပြီ ၅ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအား ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားရာ၌ ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာနသည် ကန်တော်ကြီး စိမ်းလန်းစိုပြေရေး သာယာလှပရေးနှင့် အများပြည်သူများ လွတ်လပ်စွာ အနားယူအပန်းဖြေနိုင်ရန် မြေဧရိယာ ၁၈ ဒသမ ၇၃၁ ဧကအား ဇေကမ္ဘာကုမ္ပဏီသို့ ငှားရမ်းခဲ့ကြောင်း၊ ဇေကမ္ဘာကုမ္ပဏီမှ နှစ်ရှည်ငှားရမ်းထားသည့် ကန်တော်ကြီးကရ၀ိက် ဥယျာဉ်ကမ္ဘာ မြေနေရာသည် ကာလပေါက်ဈေးထက် လျော့နည်းနေမှုကြောင့် နိုင်ငံတော်မှ တစ်နှစ်လျှင် ကျပ် ၁၉ ဘီလျံကျော် နစ်နာနေကြောင်း၊ ငှားရမ်းသည့် ကာလသည် စက်တင်ဘာ ၁ ရက် ၂၀၁၀ ပြည့်နှစ်မှ စတင်ပြီး နှစ် ၃၀ ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း ပထမငါးနှစ်အထိ ငှားရမ်းခ တစ်နှစ်လျှင် တစ်ဧက ကျပ် ၁ ဒသမ ၂ သန်းနှုန်းဖြင့် ကျပ်သန်း ၃၀ ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ငှားရမ်းမှုစာချုပ် ငှားရမ်းခများအား နှစ်စဉ်တိုးမြှင့်ချုပ်ဆိုခြင်း မပြုဘဲ ငါးနှစ်တစ်ကြိမ် စာချုပ်ချုပ်ဆိုပြီး မူလငှားရမ်းခ၏ ငါးရာခိုင်နှုန်းထက် မနည်းသော ၁၀ ရာခိုင်နှုန်းထက် မများသောနှုန်း တိုးမြှင့်ရန် ဖြစ်သဖြင့် များစွာနစ်နာလျက်ရှိကြောင်း၊ ပထမငါးနှစ် စက်တင်ဘာ ၁ ရက် ၂၀၁၀ ပြည့်နှစ်မှ သြဂုတ် ၃၀ ရက် ၂၀၁၅ ခုနှစ်အထိ စာချုပ်သက်တမ်း ပြည့်မြောက်ပြီး ငှားရမ်းစာချုပ်ပါ အပိုဒ် ၃ အရ နောင်စာချုပ် ထပ်မံချုပ်ဆိုသည့် အချိန်တွင် နိုင်ငံတော်အတွက် နစ်နာမှု မဖြစ်ပေါ်စေရေးအတွက် အလေးထားဆောင်ရွက်ရန် အကြံပြုခဲ့သဖြင့် တစ်နှစ်လျှင် ကျပ်သန်း ၆၀ တိုးမြှင့်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

“ကန်တော်ကြီး ပတ်ဝန်းကျင်ဒေသမှာ ငှားရမ်းပါက တစ်စတုရန်းပေကို ကျပ် ၂၀၀၀ ခန့်ပေးပြီး ငှားရမ်းနေရချိန်မှာ ဇေကမ္ဘာ ကုမ္ပဏီက တစ်စတုရန်းပေကို ခြောက်ကျပ်နှုန်းဖြင့်သာ ငှားရမ်းထားတဲ့အတွက် တစ်လကို ကျပ် ၁၉၉၄ လျော့နည်းနေပါတယ်။ တစ်လကို ကျပ် ၁၆၅၉ ဒသမ ၈၆ သန်း၊ တစ်နှစ်ကို ကျပ် ၁၉ ဒသမ ၉၂ ဘီလျံ နစ်နာလျက် ရှိပါတယ်” ဟု ဒေါ်ခင်သန်းလှက ပြောကြားသည်။

ထို့ပြင် ပြည်သူ့ဥယျာဉ်ရှိ မြေဧက ၇၆ ဒသမ ၃၆ ဧကအား Natural World Co.,Ltd သို့ ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ကာ ၂၅ နှစ် နှစ်ရှည်ငှားရမ်းခဲ့ပြီး ၂၀၁၁ စက်တင်ဘာ ၁၁ ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ စာချုပ်အား ငါးနှစ်တစ်ကြိမ် ချုပ်ဆိုငှားရမ်းခဲ့ကြောင်း၊ ကစားနည်းအချို့နှင့် ၀န်ဆောင်မှုလုပ်ငန်းများ ကျန်ရှိနေသေးသော်လည်း ပြီးစီးရန် အချိန်ကာလများ သတ်မှတ်ထားမှု မရှိသောကြောင့် အရေးယူ ဆောင်ရွက်ထားမှု မရှိကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရသည်။

Natural World Co.,Ltd သည် စာချုပ်ပါ လုပ်ငန်းများအနက် ၀င်ငွေရမည့် လုပ်ငန်းများကိုသာ အဓိကထား ဆောင်ရွက်ထားပြီး ငွေကြေးကုန်ကျမည့် လုပ်ငန်းများအား ဆောင်ရွက်ခြင်း မရှိသေးကြောင်း၊ ကုမ္ပဏီသို့ ငှားရမ်းထားသည့် မြေဧက ၇၆ ဒသမ ၃၆ အနက် ၀င်ငွေရ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှုမှာ ၂၉ ဒသမ ၃၉ သာရှိပြီး ကျန် ၄၈ ဒသမ ၉၇ ဧကမှာ Public Area များသာ ဖြစ်သောကြောင့် ကုမ္ပဏီမှ စိမ်းလန်းစိုပြေရေး လုပ်ငန်းများ လုပ်ကိုင်နေရသဖြင့် ၀င်ငွေရလုပ်ငန်း လုပ်ကိုင်သည့် မြေ ၂၇ ဒသမ ၃၉ ဧကအတွက် ငှားရမ်းမှုအဖြစ် တွက်ချက်ပါက ငှားရမ်းခမှာ တစ်စတုရန်းပေ ကျပ် ၂ ဒသမ ၄၇ သန်းသာ ရရှိသဖြင့် တစ်လလျှင် ကျပ် ၁၁၉၀ ဒသမ ၁၆၁ သန်း တစ်နှစ်လျှင် ကျပ် ၁၄ ဒသမ ၂၈၁ ဘီလျံ နစ်နာနေကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရသည်။

ယင်းအပြင် ရန်ကုန်မြို့၏ အချက်အခြာကျသည့် နေရာတွင်ရှိသည့် မြကျွန်းသာ အပန်းဖြေဥယျာဉ်သည် ခေတ်ကာလပေါက်ဈေးနှုန်း တစ်စတုရန်းပေလျှင် ကျပ် ၁၀၀၀ ပေးနေရချိန်တွင် စီးပွားရေးလုပ်ငန်း ကုမ္ပဏီရှစ်ခုအား တစ်ဧကကျပ် ၁၀ သိန်းနှုန်းဖြင့် ငှားရမ်းခဲ့ရာ တစ်စတုရန်းပေလျှင် တစ်လလျှင် ၂၅ ကျပ်သာ ရရှိသဖြင့် ငှားရမ်းခများ တိုးမြှင့်သတ်မှတ်ထားသည့်တိုင် တစ်လလျှင် ကျပ် ၁၈၀၂ ဒသမ ၄၆ သန်း တစ်နှစ်လျှင် ကျပ် ၂၁ ဒသမ ၆၂၉ ဘီလျံ နစ်နာနေကြောင်း သိရသည်။

အဆိုပါ မြကျွန်းသာဥယျာဉ်တွင် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများမှာ Max Myanmar Group Co.,Ltd, Eden Group Co.,Ltd, Inya Palace Co.,Ltd, Magic Land Co.,Ltd, Nay La Pwint Services Co.,Ltd, MGS Resort & Entertainment Co.,Ltd, Good Shan Brothers, Ryu Ji Co.,Ltd တို့ဖြစ်ကြောင်း သိရသည်။

Writer: 
ဆန်းထူးအောင်၊ ထက်ရှိုင်း
Eleven Media Group

No comments:

Post a Comment