Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 8, 2017

တရုတ်-မြန်မာ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် အရှိန်မြင့်ကြိုးပမ်းမည်


မြန်မာသမ္မတ ဦးထင်ကျော်၏ တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ် ဧပြီ ၂၀၁၇။
တရုတ်-မြန်မာ နှစ်နိုင်ငံကြား စီးပွားရေး၊ ကုန်သွယ်ရေး ရင်းနှီးမြုပ်နှံရင်းနှီးမှု မဟာဗျူဟာမြောက် ပူးပေါင်းဆက်ဆံရေးမိတ်ဖက်အဖြစ် ပိုမိုခိုင်မာအားကောင်းလာအောင် နှစ်နိုင်ငံဆက်ဆံရေးကို ပိုအရှိန်မြင့်ကြိုးပမ်းနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ်က ပြောဆိုလိုက်ပါတယ်။ အခုဆိုရင် မြန်မာသမ္မတဦးထင်ကျော် တရုတ်နိုင်ငံကို သွားရောက်နေသလို လာမယ့်မေလဆန် မှာလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်မှာ လည်းဖြစ်ပါတယ်။ အဓိကကတော့ နိုင်ငံပေါင်းများစွာပါဝင်မယ့် တရုတ်နိုင်ငံရဲ့ ပိုးလမ်းမကြီးနဲ့ ခါးပတ်လမ်းမစီမံကိန်းတွေမှာ မြန်မာနိုင်ငံပါဝင်ရေးကိုလည်း အဓိကထားဆွေးနွေးနေကြတယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ အသေးစိတ် မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

တရုတ်သမ္မတ Xi Jinping ရဲ့ ဖိတ်ကြားချက်နဲ့ နိုင်ငံတော်သမ္မတဦးထင်ကျော်နဲ့ ဇနီးဒေါ်စုစုလွင်တို့ဦးဆောင်တဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံကို ဧပြီလ ၆ ရက်မှ ၁၁ ရက်နေ့အထိ ခြောက်ရက်တာခရီးစဉ်အဖြစ် ရောက်ရှိလေ့လာနေကြပါတယ်။ သူ့ရဲ့ခရီးစဉ်အတွင်း တရုတ်သမ္မတ Xi Jinping အပြင် ဝန်ကြီးချုပ် Li Keqiang နဲ့ တရုတ်ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ ဥက္ကဋ္ဌတို့နဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။

သမ္မတဦးထင်ကျော် တရုတ်နိုင်ငံကို သွားနေသလို လာမယ့်မေလဆန်းမှာလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ကျင်းပတဲ့“One Belt, One Road” ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရလည်းဖြစ် နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဗွီအိုအေမြန်မာပိုင်းကို အတည်ပြု ပြောဆိုပါတယ်။

“ စစ်အစိုးရလက်ထက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ချစ်ကြည်ရေးသွားတယ်၊ အခု သမ္မတကြီးသွားတယ်ပေါ့နော်၊ နောက်တခါ နိုင်ငံတော်အတိုင်ပင်ခံသွားဖို့ ရှိပါတယ်။ သွားတာကလည်း တရုတ်နိုင်ငံရဲ့ One Belt, One Road အစည်းအဝေးနဲ့ ဆက်စပ်ပြီးသွားတာဖြစ်ပါတယ်။ မေလအလယ်မှာ One Belt, One Road တရုတ်နိုင်ငံရဲ့ အဲဒီ OBOR အစည်းအဝေးကိုပါ။ ဟုတ်ကဲ့ ”

တရုတ်-မြန်မာ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ပူးပေါင်းဆက်ဆံရေးမိတ်ဖက်အဖြစ် စီးပွားရေး၊ ကုန်သွယ်ရေး ရင်းနှီးမြုပ်နှံရင်းနှီးမှု ပိုမိုခိုင်မာအားကောင်းလာအောင် နှစ်နိုင်ငံဆက်ဆံရေးကို ပိုအရှိန်မြင့်ကြိုးပမ်းနေတယ်ဆိုတာကို နိုင်ငံတော်အတိုင်ပင်ခံရုံးက ပြောပါတယ်။

“တရုတ်နိုင်ငံနဲ့ ကျနော်တို့နဲ့ကတော့ နိုင်ငံခြားရေးမူဝါဒနဲ့ တရုတ်နဲ့ဆက်ဆံရေးကောင်းမွန်ဖို့၊ အိမ်နီးချင်း ၅ နိုင်ငံ၊ ပြီးရင် ကျနော်တို့ ငြိမ်းချမ်းစွာယှဉ်တွဲရေးမူအရ၊ နောက်တချက်က မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေး မိတ်ဘက်၊ ဒါက နှစ်နိုင်ငံကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို လက်မှတ်ထိုးထားတာ”

အခုလို မြန်မာသမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် တရုတ်ခရီးစဉ် သွားရောက်ဖို့ရှိနေတဲ့ တရုတ်-မြန်မာနှစ်နိုင်ငံကြား စီးပွားကုန်သွယ်ဆက်ဆံရေးနဲ့ နှစ်နိုင်ငံ ကြား စီမံကိန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆောင်ရွက်နေတဲ့အနေအထားကိုတော့ တရုတ်နိုင်ငံအခြေစိုက် တရုတ်-မြန်မာအရေးလေ့လာသူဒေါက်တာလှကျော်ဇောက အခုလိုသုံးသပ်ပါတယ်။

“ ပိုးလမ်းမ စထွက်တဲ့နေရာကိုသွားတာပဲ။ အဲဒီမှာတွေ့တဲ့ဟာတွေကိုလည်း သူပြောထားတာရှိတယ်၊ နောက် ဆွေးနွေးတာတွေကတော့ မြစ်ဆုံကိစ္စ၊ အဲဒီပိုးလမ်းမကိစ္စတွေကတော့ ဆွေးနွေးမယ့် ကိစ္စထဲ မုချ ပါမှာပဲလေ။ အဲဒီတော့ မြစ်ဆုံကိစ္စကတော့ သူတို့အနေနဲ့က၊ တရုတ်အနေနဲ့ကတော့ တခြားနည်းလမ်းနဲ့ ပြန်ပြီးဖာတာ၊ ထေးတာ၊ လုပ်တာကိုင်တာတွေ ရှိနိုင်တယ်။ ပိုးလမ်းမကြီးကတော့ အစကတည်းက ရှိပုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကူမင်းမှာ အဲဒီ အမြန်ရထားဖွင့်ပွဲနေ့က သတင်းကပြောသွားတာ၊ တရုတ်ပြည်ကနေ ရွှေလီကိုဖြတ်ဖောက်ပြီးတော့ သူတို့ ကော်ရစ်ဒေါ (စင်္ကြန်) လမ်းမကြီးဖောက်မယ်လေ။ တရုတ်ရယ်၊ ဗမာရယ်၊ ဘင်္ဂလားဒေ့ရှ်ရယ်၊နောက်ပြီး ပါကစ္စတန်ရယ်၊ အဲဒီပေါက်တဲ့လမ်းကြီးဘက်မှာ။ အဲဒီတော့ တရုတ်ပြည်က ရွှေလီအထိလမ်းတလမ်းဖောက်တာ အဲဒီကို ရောက်မယ်လို့ပြောတယ်။ နောက် တရုတ်က အဲဒီ ကူမင်းကနေပြီးတော့ ချင်းရွှေဟော်ကိုဖြတ်ပြီးတော့ ကျောက်ဖြူထိရောက်မယ့် လမ်းတလမ်းလည်းဖောက်မယ်လို့ အဲဒီလိုပြောတာပဲ။ မီးရထားအမြန်လမ်းတွေ၊။ အဲဒီတော့ ဒါတွေအားလုံးက ပိုးလမ်းမကြီးရဲ့ လက်တက်တွေပေါ့နော်။ အဲတာတွေ အကုန်လုံးလျှောက်လုပ်ဖို့ သူတို့ စီမံကိန်းတွေ ရှိနေတာပဲ။ အဲတာတွေကို အခိုင်အမာစီစဉ်မယ်ထင်ပါတယ်။ ”

တောင်တရုတ်ပင်လယ်အရေးအပါအဝင် အာရှပိုးလမ်းမကြီးဖောက်လုပ်နိုင်ရေးစတဲ့ စီမံကိန်းတွေအတွက် တရုတ်နိုင်ငံအနေနဲ့ မြန်မာအပါအဝင် အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးပိုမိုခိုင်မာအားကောင်းလာအောင် လုပ်ဆောင်လာနေတဲ့ အနေအထားတွေနဲ့ပတ်သက်လို့လည်း ဒေါက်တာလှကျော်ဇောက အခုလိုရှု့မြင်ပါတယ်။

“ ဆွေးနွေးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဟို ကျမတို့ ဗမာပြည်သူတွေအနေနဲ့ တရုတ်ပြည်အပေါ်မှာ တရုတ်နိုင်ငံအပေါ်မှာ တရုတ်ရဲ့ စီးပွါးရေးလုပ်ငန်းတွေပေါ်မှာ အမြင်မကောင်းဘူးဆိုတာ သူတို့သိပါတယ်။ ဒါပေမယ့်တခြားနိုင်ငံနဲ့စာရင် အများကြီးတော်ပါတယ်၊ ကျမတို့ ဗမာပြည်သူတွေကလေ။ တရုတ်နဲ့ပတ်သက်လို့ အမြင်မကြည်လင်တာတွေရှိတယ်။ ကျမတို့ ပြည်သူတွေက ဒီလောက်ဟော့ဟော့ရမ်းရမ်းလည်းမဟုတ်ဘူး။ ကြမ်းကြမ်းတမ်းတမ်းလည်းမရှိတော့ သူတို့ လုပ်မှာပါ ဒီကိစ္စတွေက။ ”

တောင်တရုတ်ပင်လယ်ရေးအပါအ၀င် အာရှပိုးလမ်းမကြီးဖောက်လုပ်ရေး အတွက် တရုတ်နိုင်ငံအနေနဲ့ မြန်မာအပါအ၀င် အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးပိုမိုအားကောင်းလာအောင် လုပ်ဆောင်လာနေတဲ့အနေအထားတွေနဲ့ ပတ်သက်လို့လည်း ဒေါက်တာလှကျော်ဇောက အခုလို ရှုမြင်ပါတယ်။

“ နောက်တခုက တရုတ်က အခုတလော သူတို့ မျှော်မှန်းချက် ကြီးကြီးထားနေတာက တောင်တရုတ်ပင်လယ်တွင်းက ဒီ Code of Conduct ပေါ့ ၊ အာရှနိုင်ငံများနဲ့ တရုတ်နဲ့ ပူးတွဲပြီးတော့ လက်မှတ်ထိုးဖို့ ကိစ္စတွေရှိတယ်။ တောင်တရုတ်ပင်လယ်တွင်းက ရေလမ်းခရီးတွေနဲ့ ပတ်သက်လို့ အဲတော့ ဒီကာလက သူတို့အတွက် အခွင့်ကောင်းပဲလေ။ အဲဒီကိစ္စအတွက်လည်း ဗမာပြည်က လက်မှတ်ထိုးဖို့ လိုသေးတာကိုး။ ဗမာပြည်ကိုလည်း အဲတာ စည်းရုံးနေပုံရတယ်”

တရုတ်အစိုးရရဲ့ ၂၀၁၃ ခုနှစ်က အဆိုပြုခဲ့တဲ့ Silk Road Economic Belt လို့ခေါ်တဲ့ စီးပွါးရေးဆိုင်ရာပိုးလမ်းကြောင်း နဲ့ ၂၁ ရာစု Maritime Silk Road ရေကြောင်း ပိုးလမ်းမကြီး ၂ သွယ်အတွက် မြန်မာနိုင်ငံပါ ပါဝင်မှာ ဖြစ်ပြီး ဒါဟာ အာရှနဲ့ ဥရောပ၊ အာဖရိက ဒေသတွေနဲ့ အရင် ပိုးလမ်းမကြီး တလျှောက်က နိုင်ငံတွေကြား ကုန်သွယ်ရေး ကွန်ယက်တခု ဖြစ်လာဖို့ရှိပြီး နိုင်ငံအတော်များများ ပါဝင်လာပြီဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမနဲ့ ခါးပတ်လမ်းမ စီမံကိန်းတွေမှာ မြန်မာနိုင်ငံက ဘယ်လို ပါဝင်လုပ်ဆောင် ပေးနိုင်မယ် ဆိုတာကို လေ့လာနေတယ်လို့ တရုတ်နိုင်ငံကို ၆ ရက်ကြာခရီး သွားရောက်နေတဲ့ သမ္မတ ဦးထင်ကျော်ရဲ့ ပြောကြားချက်ကို တရုတ်အစိုးရ သတင်းတွေမှာ ဖေါ်ပြနေပါတယ်။

မဆုမွန်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment