Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 22, 2017

ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ အလွဲသုံးစားမှုကို အရေးယူဆောင်ရွက်ရန် မကွေးတိုင်းအစိုးရထံ ညွှန်ကြားထား

ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ အလွဲသုံးစားမှုကို အရေးယူဆောင်ရွက်ရန် မကွေးတိုင်းအစိုးရထံ ညွှန်ကြားထား
 
Saturday, April 22, 2017

မကွေးတိုင်းအတွင်းရှိ ရေနံလက်ယက်တွင်းများမှ ကောက်ယူထားခဲ့သည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ၇ ဒသမ ၄၅၉ ဘီလီယံကို အလွဲသုံးစားပြုလုပ်မှု နှင့် ပတ်သက်ပြီး ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး အစိုးရရုံးထံ ညွှန်ကြားချက် ပေးပို့ထားပြီး ဖြစ်သည်ဟု နိုင်ငံတော်အတိုင် ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မဇ္ဈိမကို အတည်ပြုပြော ဆိုသည်။

"အဲ့ကိစ္စနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရကို ညွှန်ကြားချက် ထုတ်ထားပါတယ်" ဟု ဦးဇော်ဌေးက အတည်ပြု ပြောဆိုခဲ့ပေမယ့် မည်ကဲ့သို့သော ညွှန်ကြားချက်မျိုး ပေးပို့ထားသည်ကို ဖြေဆိုခဲ့ခြင်း မရှိပေ။

၎င်းရန်ပုံငွေကိစ္စနှင့် ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးဖြစ်သည့် ဦးနေမျိုးကျော်က "အခုလက်ရှိတော့ ညွှန်ကြားချက်မရောက်သေးပါဘူး။ ဆိုတော့ ရုံးဖွင့်တဲ့ရက်ကြရင်တော့ ၀န်ကြီးချုပ်ဆီကနေတဆင့် သိနိုင်ပါမယ်၊ အခုလက်ရှိတော့ မသိသေးပါဘူး" ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

အဆိုပါ လက်ယက်ရေနံတွင်းများမှ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ အဖြစ် ကျပ်ငွေ ၇ ဒသမ ၄၅၉ ဘီလီယံ ကို ပြီးခဲ့သည့်အစိုးရလက်ထက်က ကောက်ယူခဲ့ပြီး လက်ရှိအစိုးရကို လွှဲပြောင်းပေးခဲ့ခြင်း မရှိပေ။ ယင်းကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးခဲ့ပြီးနောက် တွေ့ရှိခဲ့သည့်စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို သမ္မတရုံးသို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပျောက်ဆုံးနေသည့် ငွေကျပ် ၇ ဒသမ ၄၅၉ ဘီလီယံ မှ ၄ ဒသမ ၁၈ ဘီလီယံကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် သုံးစွဲခဲ့ပြီး ၁ ဒသမ ၇ ဘီလီယံကို ပြည်ခိုင်ဖြိုးပါတီအတွက် သုံးစွဲခဲ့ကြောင်း   တွေ့ရှိခဲ့ကာ ကျန်သည့် ၁ ဒသမ ၅၇၅ ဘီလီယံကို ရွှေသုခအသေးစား ငွေချေးလုပ်ငန်းများအတွက် အသုံးပြုခဲ့သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံတွင် ရေးသားထားသည်။

"ပြည်သူ့အကျိုးအတွက် ကောက်ခံခဲ့တဲ့ငွေဟာ ပြည်သူ့ထံ ပြန်ရောက်စေချင်တယ်၊ တကယ်လို့ မပေးနိုင်ဘူး ဆိုရင်လည်း ဥပဒေကြောင်းအရ ဘယ်လိုများအရေးယူမလဲဆိုတာကို ဒီလောက်ပဲ ကျွန်တော်တို့က စောင့်ကြည့်ခွင့် ရှိပါတယ်" ဟု အဆိုပါကိစ္စကို ပြည်ထောင်စုလွှတ်တော်၌ မေးခွန်းမေးမြန်းခဲ့သည့် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောသည်။

အဂတိလိုက်စားမှုများထဲတွင် မကွေးတိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီး ဟောင်းများ ပါဝင်ပတ်သက်နေသည်ဟု ကြားသိရသော်လည်း နာမည် အတိအကျ သိရခြင်းမရှိသေးဟု ဦးထွန်းထွန်းက ဆက်လက်ပြောဆို ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment