Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 18, 2017

ဖျော်ဖြေရေး ကဏ္ဍဆိုင်ရာ ဥပဒေ (အမေရိကန် ရုပ်ရှင်လုပ်ငန်း) အပိုင်း (၂)


မနေ့က ရေးခဲ့တဲ့ “၀တ္ထု၊ ဇာတ်ညွှန်း၊ ပြဇာတ် အရောင်း၊ အ၀ယ်ဆိုင်ရာ စာချုပ်ချုပ်ဆိုတဲ့ အခါမှာ ထည့်သွင်း စဉ်းစားရမယ့် အချက် (၃) ချက်” ဟာ ရောင်းသူ နဲ့ ၀ယ်သူတွေအကြားမှာ အရောင်း၊ အ၀ယ်ကိစ္စ စပြီး မညှိနှိုင်း ခင် စဉ်းစားရမယ့် အချက်တွေပါ။

အဲဒီအချက်တွေ စဉ်းစားပြီးတဲ့အခါမှာ ထုတ်လုပ်သူ နဲ့ ဇာတ်ညွှန်းရေး ဆရာအကြားမှာ အရောင်းအ၀ယ် ကိစ္စကို စပြီး ညှိနှိုင်းကြပြီ ဆိုပါစို့။ အဲဒီ ညှိနှိုင်းနေဆဲ ကာလကို option period လို့ခေါ်ပါတယ်။ Option period အတွင်းမှာ ထုတ်လုပ်သူ နဲ့ ဇာတ်ညွှန်းရေးဆရာ အကြားမှာ နှစ်ဘက် သဘောတူညီချက်တွေ ရှိထားရပါတယ်။ အဲဒီ သဘောတူညီချက်ကို Option Agreement (ဒါမှမဟုတ်) Purchase Agreement လို့ခေါ်ပါတယ်။ အဲဒီ သဘောတူညီချက် စာချုပ်အရ အဲဒီကာလအတောအတွင်းမှာ ဇာတ်ညွှန်းရေး ဆရာက သူ့ရဲ့ ဇာတ်ညွှန်းကို တခြား ထုတ်လုပ်သူတွေ နဲ့ အရောင်းအ၀ယ်ကိစ္စသွားပြောခွင့်မရှိပါဘူး။ ဒါက ထုတ်လုပ်သူဘက်က ရတဲ့ အခွင့်အရေးပါ။ ဇာတ်ညွှန်းရေးဆရာဘက်က အခွင့်အရေးကတော့ … ထုတ်လုပ်သူ နဲ့ အရောင်း၊ အ၀ယ်ကိစ္စ ညှိနှိုင်းဆဲကာလမှာ (အရောင်းအ၀ယ် ဖြစ်၊ မဖြစ် မသေချာသေးသော် လည်း) ထုတ်လုပ်သူက ဇာတ်ညွှန်းရေးဆရာကို ညှိနှိုင်းကြေးငွေ (Option fee) ပေးရပါတယ်။

ဥပမာ (၁) - ထုတ်လုပ်သူဘက်က မူရင်းဇာတ်ညွှန်းတပုဒ်ကို ရေးတဲ့သူဆီကနေ ၀ယ်ဖို့ ညှိနှိုင်းမှုတွေ လုပ်ကြတယ်ဆိုပါစို့။ ထုတ်လုပ်သူဘက်က ဇာတ်ညွှန်းရေးဆရာကို Option fee ဒေါ်လာ နှစ်သောင်း ၅ ထောင်ပေးတယ်။ ဒေါ်လာ ၂ သိန်း၊ ၅ သောင်း နဲ့ ဇာတ်ညွှန်းကို ၀ယ်ယူဖို့ သဘောတူညီမှုရတယ် (တနည်း) အရောင်းအ၀ယ်ဖြစ်တယ်။ ဒါဆိုရင် ထုတ်လုပ်သူဘက်က ဇာတ်ညွှန်းရေးဆရာကို နောက်ထပ် ဒေါ်လာ ၂ သိန်း၊ ၂ သောင်း နဲ့ ၅ ထောင်ပဲ ထပ်ပေးရတော့မယ်။ $25, 000 (Option fee) + $225, 000 = $250, 000 (ဇာတ်ညွှန်း တပုဒ်လုံးရဲ့ တန်ဖိုး)။ အကယ်၍ ကြိုက်ဈေးမရလို့ အရောင်းအ၀ယ်မဖြစ်ဘူးဆိုပါစို့။ Option fee ဖြစ်တဲ့ ဒေါ်လာ ၂ သောင်း၊ ၅ ထောင်ကို စာရေးဆရာ ဘက်က ရပါတယ်။ ထုတ်လုပ်သူကို ပြန်ပေးစရာ မလိုပါဘူး။ ဒါက စာရေးဆရာဘက်က အခွင့်အရေးပါ။

ဥပမာ (၂) - ရုပ်ရှင် ကုမ္ပဏီတခုက မူရင်း ၀တ္ထု (novel) တစ်ပုဒ်ကို မှီငြမ်းဇာတ်ညွှန်း (Adapted Screenplay) အဖြစ် ပြန်ခွဲပြီး ရုပ်ရှင်ရိုက်မယ် ဆိုပါစို့။ အရောင်းအ၀ယ်ကိစ္စ ညှိနှိုင်းဆဲ ကာလမှာ ရုပ်ရှင် ကုမ္ပဏီအနေနဲ့ အဆိုပါ ၀တ္ထု ရေးဆရာ (novelist) ကို အလွတ် ညှိနှိုင်းကြေးငွေ (free option) ပေးရပါတယ်။ ကုမ္ပဏီက ၀တ္ထုရေးဆရာကို အလွတ်ညှိနှိုင်းကြေးငွေ ဒေါ်လာ ၁ သိန်း ပေးတယ်။ ၀တ္ထုတပုဒ်လုံးကို ဒေါ်လာ ၁ သန်း နဲ့ အရောင်းအ၀ယ် ဖြစ်ကြတယ်။ အဲဒီအခါမှာ ကုမ္ပဏီက ၀တ္ထုရေးဆရာကို ဒေါ်လာ ၁ သန်းပေးရပါတယ်။ ၀တ္ထု တပုဒ်လုံးရဲ့ တန်ဖိုးက ဒေါ်လာ ၁ သန်းပါ။ အလွတ်ညှိနှိုင်းကြေးငွေ (free option) ဒေါ်လာ ၁ သိန်းက သက်သက်၊ ၀တ္ထုရဲ့ တန်ဖိုး ဒေါ်လာ ၁ သန်းက သက်သက်ပါ။ စုစုပေါင်း စာရေးဆရာဘက်က $100, 000 (free option) + $1, 000, 000 (the price of novel) = $1, 100, 000 ရပါတယ်။ အရောင်းအ၀ယ်မဖြစ်ရင်လည်း စာရေးဆရာ ဘက်က ဒေါ်လာ ၁ သိန်းရပါတယ်။ ရုပ်ရှင် ကုမ္ပဏီကို ပြန်ပေးစရာ မလိုပါဘူး။

ညှိနှိုင်းကြေးငွေ (Option fee) နဲ့ အလွတ် ညှိနှိုင်းကြေးငွေ (free option fee) ပမာဏဟာ ညှိနှိုင်းဆဲကာလ အတို၊ အရှည်ပေါ်မှာ မူတည်ပြီး ကွာပါတယ်။ Hollywood ရုပ်ရှင်ဈေးကွက်မှာတော့ ညှိနှိုင်းဆဲကာလက ထုံးစံအားဖြင့် ၁ နှစ်လောက်အချိန်ယူပြီး ညှိနှိုင်းကြပါတယ်။ ဘာလို့လဲဆိုတော့ ဇာတ်ညွှန်းရေးဆရာ/၀တ္ထုရေး ဆရာတွေ နဲ့ ထုတ်လုပ်သူ/ရုပ်ရှင် ကုမ္ပဏီတို့အကြား ညှိနှိုင်းပြီး စာချုပ်ချုပ်ကြတဲ့အခါမှာ ရှေ့နေ၊ ရှေ့ရပ်တွေ နဲ့ တိုင်ပင်ပြီး နှစ်ဘက် အခွင့်အရေး နဲ့ လိုက်နာကျင့်သုံးရမယ့် စည်းမျဉ်းစည်းကမ်းတွေပါ အသေအချာ လေ့လာလာပြီးမှ လုပ်ကြတာပါ။

ဘာလို့လဲဆိုတော့ တရားဥပဒေ စိုးမိုးတဲ့နိုင်ငံတွေမှာ လူတွေက တရားစွဲတဲ့ အလုပ်ကို ထမင်းစား၊ ရေသောက် သလို လွယ်လွယ်ကူကူ လုပ်နေကြတာပါ။ ထစ်ကနဲရှိ တရားစွဲကြ တဲ့ အလေ့အထက သူတို့ ကြားထဲမှာ အဆန်းမဟုတ်ပါဘူး။ ဒါကြောင့် နှစ်ဘက် အခွင့်အရေး နဲ့ လိုက်နာကျင့်သုံးရမယ့် စည်းမျဉ်းစည်းကမ်းတွေကို အသေအချာ မလေ့လာမိရင် ကိုယ်မှားရင် ကိုယ်ခံရမှာပါ။

တစ်ဘက်က တရားစွဲလို့ ကိုယ့်ဘက်က အမှုရှုံးခဲ့ရင်လည်း ကိစ္စက မပြီးသေးပါဘူး။ တရားနိုင်တဲ့သူကို တရားရုံးကိုလာရတဲ့ လမ်းစရိတ်တွေ၊ တရားရုံးချိန်းရှိတိုင်း အလုပ်ပစ်ပြီး လာရတဲ့အတွက် ထိခိုက်သွားတဲ့ ၀င်ငွေအကုန်လုံးကို တရားရှုံးတဲ့သူဘက်က ပြန်ပြီး ပေးရပါသေးတယ်။

အခုတော့ ဒီလောက်ပါပဲ။ ၀တ္ထု၊ ဇာတ်ညွှန်းဆိုင်ရာ အရောင်းအ၀ယ်ကိစ္စ နဲ့ ပက်သက်ပြီး ပေးဖို့ ကျန်ရှိနေသေး တဲ့ နောက်ထပ် ဥပမာ (၃) ခုကို တတိယပိုင်းမှာ ဆက်ပြီး ရေးသွားပါ့မယ်။
Kyaw Thein Kha
https://www.facebook.com/kyawthein.kha.3/posts/987471938043145







No comments:

Post a Comment