Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 19, 2017

နှစ်(၁၀၀၀)ခန့်ရှိလေသော ပုဂံခေတ်နံရံဆေးရေးပန်းချီများ တာရှည်ခံရခြင်းအကြောင်းတရားများ။

ပုဂံအဝတ်စားအပြည့်ဖြင့် တွေ့ရသော ဖွားတော်မူခန်း
The Mural painting of Birth of siddhartha with fully Bagan Fashion
နှစ်(၁၀၀၀)ခန့်ရှိလေသော ပုဂံခေတ်နံရံဆေးရေးပန်းချီများ တာရှည်ခံရခြင်းအကြောင်းတရားများ။
----------------------------------------------------------------
မြန်မာ့နံရံပန်းချီသည် လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀) နီးပါးက ပုဂံခေတ်လှိုင်ဘုရားများအတွင်းတွင် နံရံပန်းချီများ ရေးဆွဲသော ဓလေ့ ကို စတင်တွေ့ရှိခဲ့ရဲပြီး ပုဂံခေတ်ထက်စောပြီး မတွေ့ရှိ ရသလို ပထမမြန်မာ အင်ပါယာတည် အနော်ရထာ လက်ထက် ထိပင် မတွေ့ရပါ။ ကျန်စစ်သားမင်းလက်ထက်မှသာ မွန် အိန္ဒိယပေါင်းစည်းထားမှုများ တွေ့ရှိရသည်။ ထို့နောက်ပိုင်း ပင်းယ ၊ အင်းဝ ၊ ညောင်ရမ်း ၊ ကုန်းဘောင်ခေတ်အဆက်ဆက် ရေးဆွဲလာကြရာ ပါတော်မူပြီးသည့်တိုင် ဤနံရံပန်းချီများကို ကိုလိုနီခေတ်အထိ ရေးဆွဲခဲ့သည်ကို တွေ့ရလေသည်။ နံရံပန်းချီလေ့လာလိုသူများ အတွက် မြန်မာ့နံရံဆေးရေးပန်းချီသည် ပုဂံတွင် အပေါများဆုံးဖြစ်သလို ပုဂံခေတ်နံရံပန်းချီပညာသည် လည်း အထွဋ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ဘုရားပြီးသည် ဆိုသည်နှင့် ဘုရားအတွင်းပိုင်းအား အလှအပအတွက် ၊ အနုပညာသဘောအား ခံစားနားလည်စေရန် သာမဟုတ်ဘဲ ဘာသာရေးအဆောက်အဦး ဖြစ်သည်နှင့်အညီ ဘာသာရေး ဆိုင်ရာအဆုံးအမများမှ သံဝေဂတရားများရရှိရန်၊ အသိတရား တစ်ခုခုရရှိစေရန် အစရှိသည်များကို ရည်ရွယ်ပြီး အဆောက်အဦး အတွင်းပိုင်း နေရာလွတ်များတွင် အနုသုခုမလက်ရာမြှောက်စွာ ဆေးရေးခြယ်သကာ ပူဇော်သက္ကာရပြုကြသည်။ ထိုသို့ရေးဆွဲရာတွင် ( ၅၅၀ ) ဇတ်တော်ကို အဓိကထား ရေးဆွဲကြပြီး ၊ ဗုဒ္ဓဝင်နှင့်ရုပ်ပွားတော်များ၊ မဟာယာနနှင့် ကန္တာရပန်းချီများ၊ နတ်ဗြဟ္မာရုပ်များ၊ သမိုင်းနှင့် ထိုခေတ်ထိုအခါရှိ မြင်တွေ့ရသော လူမှုဘဝ၊ ယဉ်ကျေးမှုပုံရိပ်၊ ဝတ်စား ဆင်ယင် ထုံးဖွဲ့မှု၊ အတီးမှုတ်အကခုန်ပုံများ၊ ကနုတ်ပန်းနှင့် ဇတ်တော်လာ တိရိစ္ဆာန်များ အစရှိသော ပုံရိပ်တို့ကိုချိန်ထိုးကာ ရေးဆွဲ ကြသဖြင့် ဓါတ်ပုံပညာ မပေါ်သေးသော ကျွန်ုပ်တို့ လက်လှမ်းမမှီခဲ့သည့် အတိတ်ကို ကြေးမုံပြင်တစ်ခုပမာ တံတားထိုး ချိတ်ဆက်ပေးနိုင် သော ဆေးရေးပန်းချီများ ဖြစ်လေသည်။
ပုဂံခေတ်ဆေးရေးပန်းချီအစပိုင်း( ၁၁ ) ရာစုဝန်းကျင်သည် အိန္ဒိယဟန်ကိုအများဆုံးတွေ့ရသည်။နှာခေါင်းချွန်၊ မေးရိုးကားပြီး မျက်လုံးပြူး သည်။ ခန္တာကိုယ်သည် တြိဘင်္ဂ ခေါ် သုံးဆစ်ကွေးကာ နွဲ့နှောင်းသည့်သဘောကို ဆိုလိုသည်။ ခန္တာကိုယ်သည် ဦးခေါင်း ၏ ( ၈ )ဆခန့်ရှိတတ်သည်။ လူမင်း၊ နတ်မင်း၊ နဂါးမင်း၊ ဟင်္သာမင်း အစရှိသော မင်းတို့ကို မဏ္ဍလခေါ် စက်ဝန်း သို့မဟုတ် ထီးတစ်ခုကို ဦးခေါင်းတွင် ဝိုင်းပေးထားသည်။ အမတ်တို့ကို မှုတ်ဆိတ်တပ်ပေး သည်၊ ရသေ့သည် အာဟာရနည်းပါးမှု ကိုပြလိုသဖြင့် နံရိုးပေါ်အောင် ဆွဲပေးသလို မဟာယနတို့၏ ဘုရားလောင်းရုပ်များတွင် ကြာပွင့်ပေါ် တွင်ထိုင်နေဟန်ကို ရေးဆွဲသည်။ စိတ်ဝင်စားဖွယ်အကောင်းဆုံးကား ဤမျှနှစ်ကာလ ထောင်ချီ နေပြီဖြစ်သော်လည်း ဆေးသားများ မပျက်ပျယ်၊ မည်သည့်ဆေးမျိုးကို အသုံးပြုထားပါသနည်းဆိုသည်ကား မေးခွန်းဖြစ်လာသည်။ နံရံပမ်းချီလေ့လာခြင်းသည် နက်နဲလွန်းသော ပညာဖြစ်သလို စာရေးသူ အနေဖြင့် နံရံဆေးရေးပန်းချီပညာရှင် မဟုတ်၍ ကျွန်ုပ် သိရှိသမျှကို ရေးသားမျှဝေပေးလိုက်ပါသည်။ ပုဂံပန်းချီတွင် နံရံဆေးရေးပန်းချီ ၊ အဝတ်ပန်းချီ ၊ သဲပန်းချီစသဖြင့် အမျိုးမျိုး ရေးဆွဲကြသည်။
♢ နံရံဆေးပန်းချီတို့တွင် အသုံးပြုသော ဆေးမှင်များ
နံရံပန်းချီကို ရေးခြယ်ရာတွင် ( ဖရက်စကို Fresco , စက်စကို , တင်ပရာ) နည်းစနစ် (3) မျိုးဖြင့် ထပ်မံ ခွဲခြားနိုင်သည်။ Fresco တွင် သွားစိုက်ဆရာဝန်များ အသုံးပြုသော ပလာစတာသီးသန့် အပြင် ၄င်းပလာစတာကို သဲ၊ ထုံး၊ကျောက်မှုန့် စသည်တို့ဖြင့် အချိုးကျရောကာ အောက်ခံမျက်နှာ ပြင်ပြုလုပ်၍ အစိုဓါတ်မခြောက်မှီ ရေးခြယ်သော ပန်းချီဖြစ်သည်။ စက်စကိုသည် Fresco ကို တုပထားသောနည်းဖြစ်သည်။ ရေးခြယ် မည့်နံရံကို အရည်တစ်မျိုး ကို ဖြန်းပက်ကာ ထိုအရည်မခြောက်မှီ ရေးခြယ်သော နည်းဖြစ် သည်။ တင်ပရာမှာနံရံတစ်ခုပေါ်သို့ ကြက်ဥအကာသို့မဟုတ် ကော်ရည်တစ်မျိုးမျိုးကို ဆေးဖြင့်ရောစပ် ရေးဆွဲရသော နည်းဖြစ် သည်။
ပုဂံပန်းချီရေးဆွဲရာတွင် တင်ပရာနည်းနှင့် စက်စကိုနည်းတို့ကို အသုံးပြုခဲ့သည်ဟု ပညာရှင်တို့က ခန့်မှန်းသည်။ နံရံပန်းချီ ရေးဆွဲ ရာတွင် ရေးဆွဲလိုသော ကျောက် ၊ အင်္ဂတေ ၊ မြေ အစရှိသော အောက်ခံနံရံ ပေါ်မူတည်ကာ အသုံးပြုသည့်ဆေးမှာလည်း ကွာခြားမှုရှိသွားသည်။ မြေဆေး၊ ချိတ်ဆေး၊ အဂ္ဂိရဆေး၊ သစ်ပင်မှရသောဆေးအစရှိသည် များအား သင့်လျော်သလို အသုံးပြုသည်။ မြေဆေးတွင် မြေနီ ၊ မြေဝါ ၊ မြေဖြူတို့ကို အများဆုံးအသုံးပြုသည်။ အဂ္ဂိရဆေးတွင် ကုံကမ္မံ (Saffron ) ၊ ဒုတ္ထာ ( Lapis Lazuli) ၊ ကြေးပေါ်တွင်အချဉ်ရေညစ်သောအခါ ရလာသော ဒုတ္ထာစိမ်း တို့ဖြစ်သည်။ သစ်ဆေးတွင် သစ်ပင်မှ ရသော အရောင်တို့ကို အသုံးပြု ကာ အနက်ရောင်အတွက်ကိုမူ မီးခိုးမှိုင်း အစရှိသည်တို့ကို ကော်ဖြင့် ရောစပ်ကာ သုတ်ဆေးပြုလုပ် သည်။ ထိုသုတ်ဆေးများ အရောင်တက်လာစေရန် ငါးသည်းခြေနှင့် ရောစပ်ရပြီး ထိုနံရံမှ အနံ့ဆိုးမထွက်စေရန် နံ့သာ ၊ ပရုပ်၊ နံ့သာပု အစရှိသည်တို့နှင့် ရောစပ်ပေးရသည်။ ထုံးနံရံများအောက်ခံဖြစ် ပါက ထုံးသည် ကိုက်တတ်သည့်သဘော ရှိသဖြင့် မန်ကျည်းမှည့် ရည်၊ အချဉ်ရည် အစရှိသည့် တစ်ခုခုသောအရည်တို့ဖြင့် ပက်ဖြန်း ကာ ထုံးအခိုးကိုသတ်ရသည်။
စုတ်တံကို နွားအရှင်၏ နားအတွင်းမှအမွေးကို ငှက်တောင် ထိပ်တွင် တပ်ကာအသုံးပြုသည်။ နံရံပန်းချီကို စတင်ရေးဆွဲမည် ဆိုလျှင် ခံဆေးတစ်ထပ်စတင်ခံရသည်။ ထို့နောက် လှိုင်ဘုရား၏ မျက်နှာကျက် တွင် နေကြာပန်းကိုကိုယ်စားပြုသော ပန်းအဝိုင်း ကြယ်တငို ၊ ကျက်တငိုယ် မွန်ဘာသာမှစတင်ကာ အောက်သို့ တဖြည့်းဖြည်းချရေးဆွဲသွား ရသည်။နံရံနှင့်မျက်နှာကျက် ချိတ်ဆက် ရာနေရာများတွင် ကနုတ်ပန်း သို့မဟုတ် နှစ်ကျိတ်ရှစ်ဆူဘုရား ပုံတော်များ ရေးဆွဲသည်။ ၄င်းနောက် တွင်( ၅၅၀ ) ဇတ်တော်၊ သမ္မဗုဒ္ဓေ ၊ ဗုဒ္ဓဝင်များ နှင့် အခြားဇတ်တော်များ ရေးဆွဲရသည်။ထိုဇတ်တော်များရေးဆွဲရန် ရေပြင်ညီမျဉ်းရေးဆွဲရာ တွင်ကြိုးကို ဆေးပုံးတွင် နှစ်ယူကာ လိုင်းချရသည်။ အောက်ချင်မိတ်တိုး နေရာခန့်တွင် ကနုတ်ပန်းများဖြင့် ပိတ်လိုက်သည်။ နံရံပေါ် ဇတ်ကွက်ဖော်ရာတွင် မခက်လှသော်လည်း မျက်နှာကျက်တွင်မူ ရေးဆွဲရာတွင် အခက်ခဲရှိသည်။ ထို့ကြောင့် အထက်သို့တက်နိုင် ရန် စင်တစ်ခုခံကာ ထိုစင်ပေါ်တွင် ပက်လက်လှန်၍လည်းကောင်း၊ ထိုင်၍လည်းကောင်း မျက်လုံးများအတွင်း ဆေးစက်မကျမိစေရန် အထူးဂရုပြု ရေးဆွဲရသည်။ထိုသို့ရေးဆွဲရာတွင် လက်အနေထား မှာလည်း အရေးကြီးသည်။ လက်ခုံသည် နံရံတွင် ထောက်ကာ ရေးဆွဲပါက အောက်ခံဆွဲပြီးသော နေရာတွင် ဆေးများ ပျက်စီး သွားတတ်သဖြင့် တရုတ်တို့စုတ်တံအသုံးပြုသကဲ့သို့ လက်ခုံကို
မ၍ဖြစ်စေ၊ ဆေးများကိုခွထားနိုင်သော ဂွတစ်ခုကိုခံ၍ဖြစ်စေ၊ ရေးဆွဲရသည်။ မှောင်လွန်းသော နေရာများ ရေးခြယ်ရာတွင် ကညင်ဆီမီးကို သုံးရသည်။ မြန်မာ့ပန်းချီသည် အနားသတ်လိုင်းဆွဲ ကာ ဆေးမှင်ဖြည့်ရသည့်အပြင် အများအားဖြင့် လူအများနှင့် ဆွဲယူရသော ပန်းချီအမျိုးအစား ဖြစ်သည်။ ပုဂံရှိ ဘုရားသုံးဆူဘရား သည် အနားသတ်လိုင်းသာဆွဲပြီး အခြေနေကြောင့် ဆေးမဖြည့်ဘဲ ချန်ထားသော နံရံပန်းချီတို့ကို တွေ့ရသည်။ ပုဂံပန်းချီသည် အနီးအဝေး၊ အလင်းအမှောင်၊ အပူအအေးသဘောမျိုး မရှိချေ။ ပန်းချီရေးရာတွင် ပန်းချီဆရာတို့သည် လွတ်လပ်စွာဖန်တီး ရေးဆွဲသည်။ အချို့သော ပန်းချီဆရာတို့သည် ၄င်းတို့ပုဂ္ဂိုလ်ရေး အားဖြင့် မနှစ်သက် သူကို ဇတ်တော်၏လူဆိုးခန်း နေရာမျိုး တေမိဇတ်တော်ကဲ့သို့ ခိုးသားလေးယောက်အား အပြစ်စီရင်ခန်း တို့တွင် ထိုပုဂ္ဂိုလ်တို့၏ မျက်နှာ များ ထည့်ရေးဆွဲသည်။ မိမိတို့အနေဖြင့် ဆေးလိပ် ၊အရက်ကြိုက်နှစ်သက်၍ အရက်နှင့်ဇတ်တော် မည်သို့မျှ မလိုက် ဖက်သော်ငြားလည်း တံခါးမှူး ကဲ့သို့ မထင်မရှားနေရာမျိုးတွင် ဆေးတံရှည်များကို ထည့်သွင်း ရေးဆွဲသည်။ အရက်ကြိုက်သူများ အတွက်လည်း အရက်ပုလင်းအား တံခါး၏အောက်ခြေတို့တွင် ထောင်ထား ခြင်း ပုံမျိုးကို ရေးဆွဲသည်။ ဤပန်းချီများကို နောင်းခေတ်ပန်းချီများတွင် ရေးဆွဲသည့် မုံရွာမြို့အနီး ဖိုလ်ဝင်တောင် အတွင်းနံရံများတွင် တွေ့ရသည်။
နံရံပန်းချီတို့သည် ထိုခေတ်ထိုအခါက ပုံရိပ်ကို အပြည့်ဝ သိရှိခွင့် ရရှိစေသော ဓါတ်ပုံတစ်မျိုးဖြစ်လေသည်။ ပုဂံရှိ နန္ဒမညာ ဘုရားအတွင်း၌ မာနတ်များဖျားယောင်းသော ဆေးရေးမှာ အလွန် ပင် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ဝက်ကြီးအင်းဂူပြောက်ကြီး၊ မြင်းကပါဂူပြောက်ကြီး၊ လောကထိပ်ပံဘုရားစသည်တို့သည် ပုဂံတွင် အကောင်းဆုံးနံရံ ပန်းချီရှိသော ဘုရားများဖြစ်သည်။ ခေမင်္ဂဘုရားစုအတွင်းတွင် အဝတ်ပန်းချီနှင့်ဘုရားတစ်ဆူရှိသည်။
နံရံပန်းချီအား ခြိမ်းခြောက် နေသော အကြောင်းတရားများစွာ အနက်မှ တိရိစ္ဆာန်၊ ရာသီဥတု ၊ သဘာဝဘေး နှင့် လူ့ပယောဂတို့ သည် အဆိုးရွားဆုံးဖြစ်သည်။ တိရိစ္ဆာန်တို့ ကြောင့်ဖြစ်တတ်သည့် ပျက်စီးမှုများမှာ နံရံပန်းချီရှိသော ဂူများတွင် တိရိစ္ဆာန်များ နေထိုင်ခြင်း ဖြစ်သည်။ အထူးသဖြင့် မုံရွာဖိုလ်ဝင်တောင်ရှိ မိဖုရားဂူ အတွင်းတွင် မျောက်များ လျောင်းတော်မူ ရုပ်ထုတော်ကြီးပေါ်တွင် ခုန်ပေါက် ပြေးလွားခြင်းဖြင့် ထိုဆင်းတုနှင့် ကပ်နေသော နံရံဆေးရေး ပန်းချီများ ပျက်စီးသည်ကို စာရေးသူကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်။ ရာသီဥတုတွင် အပူလွန်ကဲခြင်း၊ အဆောက်အဦးယိုယွင်းကာ ရေစိမ့်ဝင်ခြင်း ၊ ဆားဓါတ်ပါဝင်မှုများသော လေတိုက်ခြင်းတို့ ဖြစ်သည်။ လူ့ပယောဂတွင် ပန်းချီတန်ဖိုးကိုနားမလည် လက်ဆီ ပြန်များဖြင့် ထိတွေ့ ကိုင်တွယ် ပွတ်သတ်ခြင်း၊ ပတ်ဝန်းကျင်အနီး အမှိုက်သရိုက်များစုပုံခြင်း နံရံတွင် အပေါစား မှင်ဖျက်ဆေး
( Correction Pen ) တို့ဖြင့် မည်သူ + မည်သူ အမှတ်တရ စသဖြင့်သော တိမ်ဖျဉ်းသော စာများရေးသားခြင်း ၊ ရေရှည်တွင် အပူဖြစ်စေသော အလင်းများသော လျပ်စစ်မီးရောင်များ (ဥပမာ) နံရံပန်းချီလိုက်လံကြည့်သည့် အပူထွက်လွန်သော မီးသီးထွန်းခြင်း နှင့် ( Lux - 150 ) ထက်ပိုသော ကင်မရာ ( Flash ) မီးဖွင့်ရိုက်ကူး ခြင်း ၊ မှိန်နေသောဆေးများ ကြည်ညိုဖွယ်အသွင် ဆောင်နိုင်ရန် ထုံးသုတ်ခြင်းစသည့် အသိတရားခေါင်းပါးမှု တို့ကြောင့် ကြီးမားသော အဖိုးမဖြတ်နိုင်သည့် ပန်းချီများ ဆုံးရှုံးရ သည်။ ဥပမာ အာနန္ဒာဘုရားလှိုင်အတွင်း ခေတ်အဆက် ဆက် ထုံးသုတ်သဖြင့် ထုံး ( ၇ ) လွာအောက်တွင် နံရံဆေးရေးများ ဝမ်းနည်းဖွယ်ရာ တွေ့ရှိခဲ့ရသည်။ အခြားတစ်ခုမှာ တန်ဖိုးနားလည် လွန်းကာ ပျက်စီး၊ ပျောက်ဆုံးခြင်းလည်း ရှိသည်။ ၁၈၉၉ ခုနှစ်က ချောက်ရေနံမြေတွင်တာဝန်ကျသော ဂျာမန်လူမျိုး ထိုမန်( Th H Thoman ) နှင့် Dr Fritz Von Noetlin ဆိုသူနှစ်ယောက် တို့ ဝက်ကြီးအင်းဂူပြောက်ကြီးဘုရား၌ သုတေသနပြုလုပ်ရန် အကြောင်းပြကာ နံရံပန်းချီရေးဆွဲထားသော အင်္ဂတေကို အကွက်ချပြီးလွှ ဖြင့်တိုက်၍ ခိုးယူသွားခဲ့သည်။ ဖွားစောရွာ သူကြီး ဦးထွန်းက နွားပျောက်၍လိုက်ရှာစဉ် လွှသံကြား၍ ဝင်ကြည့်ရာမှ ၎င်းအားတားမြစ်သည်။ ဖြတ်လက်စတန်းလန်းကို သတင်းစာ ကပ်လျက် ၁၈၊ ၉၊ ၁၈၉၉ နေ့စွဲပါ ဂျာမာန်သတင်းစာ ( Evening Time Glascow ) ကပ်လျက် ကျန်ခဲ့ သည်။ ၎င်းခိုးယူ သွားပါကြောင်းကို ခေမင်္ဂဘုရားစု ဘုရားအမှတ်( 1844 ) တွင် ခံဝန်လက်မှတ်ထိုး သွားခဲ့ဖူးသည်။ ထိုခိုးယူမှု အတွက် ဖွားစောရွာသူကြီး မှ ပခုက္ကူအရေးပိုင် Mr. Scovell အားတိုင်တန်းခဲ့သည်။ ထို့ကြောင့်အင်္ဂလိပ်တို့က ထိုမန်အား ပြည်ဝင်ခွင့်ပိတ်ကာ နိုင်ငံသားကခိုးယူလျှင် ထောင်ဒဏ် ( ၃ ) လ ချမှတ်သည့် ဥပဒေကို ရေးဆွဲပေးခဲ့သည်။
♢နံရံပန်းချီအပျက်စီးများကို မည်သို့ကာကွယ်ရမည်နည်း♢
အက်ကွဲကာ အတွင်းတွင် လေခိုနေသော နံရံကို ရေဖြင့် အခေါင်းပေါက် အတွင်းဆေးချရသည်။ ထိုအတွင်းသို့ ကော်ဖြင့် ထိုးထည့်ကာ လေဟာနယ်ကို ထိန်းသိမ်းနိုင်မည်။ အပေါ်ယံ အညစ်ကြေးများကို သန့်စင်ရာတွင် ရေ( ၁ ) လီတာအား Ammonia Carbon 4% , Indanol 1 % တို့ဖြင့်ရောကာ ဂျပန်စက္ကူတွင် စွတ်ပြီး ၂ မိနစ်ခန့်ကပ်ကာ ဝါဂွမ်းဖြင့် ပြန်လည် ဆွတ်ယူ ရသည်။ထို့အပြင်နောက်ထပ်ပြန်မရနိုင်တော့သည့် နှစ်ပေါင်းတစ်ထောင်ခန့်ရှိလေပြီဖြစ်သော ဤနံရံပန်းချီတို့ မပျောက်ပျက်ရလေအောင် လက်တွေ့တွင်ထိန်းသိမ်းခြင်း၊ ထိတွေ့ကိုင်တွယ်ကာ မှင်ဖျက်ဆေး နှင့်ရေးခြင်းကို မြင်တွေ့ပါက တာဝန်သိ နိုင်ငံသားကောင်းတစ်ဦး အနေဖြင့် တားမြစ်ခြင်း၊ မသိသူများစွာ ရှိလေသော ကျွန်ုပ်တို့ရွေလူမျိုးများ သိကြလေအောင် သတိပေးခေါင်းလောင်း ထိုးသည့်သဘောဖြင့် ရှယ်ပေးကြပါဟု စာရေးသူမှ တိုက်တွန်းလိုက်ပါသည်။
#သုခုမအလင်းတန်းများ
Ref:
- နံရံပေါ်ကပန်းချီများ
- နံရံဆေးရေးပန်းချီ
- The Paintings that Revolutionized Art
- မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၁၉၈၈
သုခုမအလင်းတန်းများ 

No comments:

Post a Comment