Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 11, 2017

မူးယစ်ဆေးဝါးသုံးစွဲသူများကို ထောင်ဒဏ်ချမှတ်တော့မည် မဟုတ်ဟု ရဲချုပ် ပြော


    By DVB
    11 April 2017


မူးယစ်ဆေးဝါး ဥပဒေသစ်အရ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ထောင်ဒဏ်ချမှတ်တော့မှာ မဟုတ်ဘဲ လူမှုရေးပြစ်ဒဏ်နဲ့ အစားထိုးချမှတ်မယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

ဧပြီ ၁၀ ရက်က ပြုလုပ်တဲ့ အစိုးရသစ် တနှစ်တာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ပြောဆိုခဲ့တာပါ။

“မူးယစ်ဆေးဝါးဥပဒေ ပုဒ်မ ၁၅ မှာ ဖော်ပြထားတဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ပြစ်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ အရေးယူမယ်ဆိုတာကို လူမှုရေးပြစ်ဒဏ်အဖြစ် တရက် ၂ နာရီနဲ့ အနည်းဆုံး နာရီ ၁၈၀ ကနေ ၂၄၀ အထိ ချမှတ်နိုင်တယ်ဆိုတာနဲ့ အစားထိုးထားပါတယ်။ အရေးယူ ထောင်ချလိုက်လို ကျွန်တော်တို့မှာ ဘာအကျိုးအမြတ်ထွက်သွားလဲ။ ဘာအကျိုးအမြတ်မှ မရဘူး။ သူတို့ကို ဆေးကုသခွင့်ပေးရမယ်။ အဲအတွက် အခုလိုပြင်ဆင်လိုက်တာပါ။”

မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ၁၉၉၃ ခုနှစ်မှာ အခန်း (၉) ခန်း၊ ပုဒ်မ (၃၁) ခုနဲ့ ပြဋ္ဌာန်းခဲ့ပြီး လက်ရှိအချိန်ထိ ကျင့်သုံးနေတာဖြစ်ပါတယ်။

အဲဒီ မူးယစ်ဆေးဝါးဥပဒေဟာ လက်ရှိခေတ်ကာလနဲ့ ကိုက်ညီမှုမရှိတော့တဲ့အတွက် ခေတ်ကာလနဲ့ အညီ မူးယစ်ဆေးဝါးဥပဒေကို ပြင်ဆင်မှုတွေပြုလုပ်ပြီး မတ်လ ၉ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ကို တင်ပြထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီးတင်ဝင်းက ပြောပါတယ်။

“မူးယစ်ဗဟိုအဖွဲ့နဲ့ ဆက်စပ်ဝန်ကြီးဌာန ၈ ခု၊ မူးယစ်ဗဟိုအဖွဲ့အောက်ရှိ လုပ်ငန်းအဖွဲ့ ၁၀ ဖွဲ့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် အဖွဲ့တွေ၊ ပြည်တွင်းမှာရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တွေကနေ လက်ရှိအစိုးရရဲ့ မူဝါဒနဲ့အညီ ပြင်ဆင်ဖြည့်စွက်အကြံပြုချက်တွေ တောင်းခံဆောင်ရွက်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ နိုင်ငံတော်သမ္မတရုံးတို့ကလည်း အကြံပြုချက်တွေတောင်းခံပြီးတော့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မတီက စစ်ဆေးဆောင်ရွက်ပြီးပါပြီ။ လွှတ်တော်မှာ ဆွေးနွေးအတည်ပြုဖို့ပဲ ကျန်တော့တာပါ။”

ပြင်ဆင်ထားတဲ့ လူမှုရေးပြစ်ဒဏ်ဟာ အရင်ကလို ထောင်ချတာမျိုးမရှိဘဲ အပြင်မှာနေစေပြီး လမ်းပြင်တာ၊ မြောင်းဖောက်တာ၊ အိမ်သာကျင်းတူးတာ စတဲ့ အများပြည်သူ အကျိုးရှိစေမယ့် လုပ်ငန်းတွေကို လုပ်ဆောင်ခိုင်းမှာ ဖြစ်ပါတယ်။

အသစ်ပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော်မှာ တင်ပြထားတဲ့ မူးယစ်ဆေးဝါး ပြင်ဆင်ချက်ဥပဒေကို လွှတ်တော်က ဆွေးနွေးအတည်ပြုပြီးပါက နည်းဥပဒေကို အမြန်ဆုံးရေးဆွဲ အတည်ပြုသွားမှာ ဖြစ်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။

သတင်း – အောင်ဆန်းဦး
DVB

No comments:

Post a Comment