Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 8, 2017

ခြင်ထောင်ကြီးတစ်လုံး လူ ဆယ့်လေးငါးယောက်

ဒီနေ့
" မိသားစုခြင်ထောင် " တဲ့ ၊ ဇနီးသည်ကဝယ်လာပြီး အိပ်ခန်းထဲမှာထောင်ဘို့လုပ်နေတယ် ။
ခြင်ထောင်ကူထောင်ပေးနေရင်း အတွေးတွေက
လွန်ခဲ့တဲ့ အတိတ် ၂၇ နှစ် အဝေး ဆီ ။
ကျနော်တို့အိမ်ရှေ့မှာ ထပ်ခိုးပါကားဂိုဒေါင်လေး ။
အဲဒီထပ်ခိုးလေးဟာ ကျနော်တို့ရဲ့ဘူမိနက်သန် ၊ ကျနော်တို့ရဲ့ဌာနချုပ် ၊ ပုန်းလျှိုး
ကွက်လျှိုးလုပ်ရတဲ့အချိန် ၊ သူငယ်ချင်း ရဲဘော်ရဲဘက်တွေက အချိန်မတော် ရောက်ချင်တဲ့အချိန်ရောက်လာတတ်တာ ။
မေမေကမငြီးမငြူ ချက်ပြုတ်ပေးရှာတယ် ။
အိပ်တော့လဲ အဲဒီထပ်ခိုးလေးပေါ်မှာ
စာအုပ်ပုံကြီးဒေါင့်ကပ်ပြီး ကြုံသလိုအိပ်ကြတယ် ။
ကျနော်တို့ ထပ်ခိုးလေးပေါ်ကို အိမ်ကဘယ်သူမှမတက်ကြဘူး ။
တစ်ရက်တော့ မေမေကမေးတယ် ။ သားတို့ဘယ်လိုအိပ်နေကြလဲ ။ အဆင်ပြေရဲ့လားပေါ့ ၊
ရီကြဲကြဲလေးလုပ်နေကြတယ် ။ ညကဘယ်နှစ်ယောက်အိပ်ကြတာလဲ တဲ့ ။
၈ ယောက်ဆိုတော့
ဟဲ့ ...ဒီခြင်ထောင်နဲ့ဘယ်လိုလုပ်အိပ်မလဲ ၊
မဖြစ်သေးပါဘူး ဆိုပြီး တဖြစ်ဖြစ်ပြောရင်းထွက်သွားလေရဲ့ ။
ညနေကျတော့ ခြင်ထောင်ကြီးတစ်လုံးပါလာတယ် ။
မေမေကိုယ်တိုင်တစ်နေကုန်ချုပ်လာတာ ။
နှစ်မိုးခွဲခြင်ထောင်ကြီး ။ အတွန့်တွေလဲပါတယ် ။
အောက်ခြေနားပါတ်ကလဲအကြီးကြီး ။ ၈ ယောက် ၉ ယောက် ဝင်အိပ်လို့ရတယ် ။ တစ်ညတော့ ပဲခူးကကောင်တွေရော ၊ ဧရာဝတီတွေရော ရောက်လာကြတာ ။ ဆယ့်လေးငါးယောက် ၊
ခြင်ထောင်အောက်ခြေကို စောင်တွေ စာအုပ်တွေ
ဖိပြီးကားထားလိုက်ကြတာ အပေါ်ရှုးအောက်ကားခြငိထောင်ကြီး ၊
အကုန်ဒိုက်ဗင်ထိုးဝင်အိပ်ကြတယ် ။
ပြန်တွေးမိတော့ ဆယ်စုနှစ်သုံးခုနီးပါးကြာခဲ့ပြီ ။
ဖေဖေ မေမေတို့လဲမရှိရှာတော့ ။
အဲဒီတုန်းက သွားလေရာအကျိုးဆောင်ပေးခဲ့တဲ့
ကားလေးလဲမရှိတော့ ၊
အဲဒီအိမ်ကလေးလဲ မရှိတော့ ။ ထောင်ဝင်စာလာတွေ့နေတဲ့ကာလအတွင်းရောင်းပစ်လိုက်ပြီတဲ့ ။
အဲသလိုတရင်းတနှီးနေခဲ့တဲ့
ရဲဘော်တချို့လဲမရှိတော့ ၊
တချို့ဆုံးပါး ၊
တချို့ပြန်မဆုံတော့ ။
သြော် ........
ခြင်ထောင်ကြီးတစ်လုံး
လူဆယ့်လေးငါးယောက် ။
ခြင်ထောင်ကြီးတစ်လုံး
လူဆယ့်လေးငါးယောက် ။
( ၇-၄-၂၀၁၇ )
Ko Ko Gyi

No comments:

Post a Comment