Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 18, 2017

အကယ်ဒမီနောင်နောင်နဲ့ တွေ့ဆုံခြင်း


22-Dec-2016

ရီမြင့် ရုပ်ရှင် ထုတ်လုပ်ရေးအတွက် ဒါရိုက်တာ ဦးထွန်းအောင်ဇော် ရိုက်ကူးပြီး သရုပ်ဆောင် နောင်နောင်နဲ့ အိန္ဒြာကျော်ဇင်တို့ အဓိက ပါဝင်ထားတဲ့ နှင်းဆီပန်သူ ရုပ်ရှင်ကို ၂၀၁၆ ခုနှစ် အကယ်ဒမီ ဆန်ခါတင် စာရင်းဝင်ဖို့အတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့ရှိ ရှေ့ဆောင် ရုပ်ရှင်ရုံမှာ တစ်ရက်တာ ရုံတင်ပြသခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိက သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ နောင်နောင်နဲ့ တွေ့ဆုံပြီး သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင် စရိုက်အကြောင်း၊ ရိုက်ကွင်း အတွေ့အကြုံများနဲ့ ဇာတ်ကားနဲ့ ပတ်သက်တဲ့ အကယ်ဒမီ မျှော်လင့်ချက်တွေကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။

Voice : ထာဝရ အလင်းတန်းများ ဇာတ်ကားနဲ့ အကယ်ဒမီ ရပြီးတဲ့နောက် နောင်နောင် ကားရိုက်တွေ ကျဲခဲ့တယ်နော်။ အခု ရုံတင်မယ့် နှင်းဆီပန်သူကတော့ ရိုက်ထားတာ လပိုင်းပဲ ရှိသေးတယ်နော်။
NN : ထာဝရ အလင်းတန်းများရဲ့ နောက်မှာ လော်မင်္ဂလာ ဆိုတဲ့ ရုပ်ရှင်ကားကြီး တစ်ကား ရိုက်ဖြစ်ပါတယ်။ နောက်ပြီး ဒါရိုက်တာ ဦးထွန်းအောင်ဇော်နဲ့ ဗီဒီယိုကားလေးတွေလည်း ရိုက်ခဲ့ပါသေးတယ်။ နှင်းဆီပန်သူကတော့ ကျွန်တော့်ရဲ့ တတိယမြောက် ရုပ်ရှင်ဇာတ်ကားပါ။ ထာဝရ အလင်းတန်းများကတော့ ၂၀၁၃ မှာ ရုံတင်ခဲ့တယ်။ အခု နှင်းဆီပန်သူက ၂၀၁၆ မှာ ရုံတင်တော့ ကြားထဲမှာ သုံးနှစ် ကွာတာပေါ့။

Voice : တစ်ခေတ်က အောင်မြင်ခဲ့တဲ့ မမစိမ်း ရုပ်ရှင်ကို နှင်းဆီပန်သူ အမည်နဲ့ ပြန်လည်ဆန်းသစ် ရိုက်ကူးဖြစ်တာက ဘာကြောင့်ဖြစ်မလဲ။
NN : ကျွန်တော်က မမစိမ်း ရုပ်ရှင်ကို ပြန်ရိုက်ချင်တာ ကြာပါပြီ။ ဒါပေမဲ့ ရိုက်ဖို့ စီစဉ်တာ အဆင်မပြေခဲ့တာနဲ့ အခုမှ ရိုက်ဖြစ်သွားတာပါ။ ဒီဇာတ်ကားကို ရိုက်ချင်တာက ကျွန်တော် ငယ်ငယ်လေးကတည်းက ကျောင်းသား ကားတွေ ရိုက်ဖို့ ရူးခဲ့တယ်လေ။ မမစိမ်းတို့၊ ဒဏ္ဍာရီတို့လို ဇာတ်ကားမျိုးတွေ ရိုက်ချင်တာပါ။ မမစိမ်းကို ပြန်ရိုက်တဲ့အခါမှာတော့ ကျွန်တော်တို့က သင်္ကြန် ဇာတ်ဝင်ခန်းလေးတွေ ထပ်ဖြည့်ထားတယ်။

Voice : အရင်ကားဟောင်းရဲ့ ဇာတ်လမ်း ကျောရိုးကိုရော ဘယ်နှရာခိုင်နှုန်းလောက် ပြန်ယူထားလဲ။
NN : ကျွန်တော်တို့ ပြန်ရိုက်တဲ့ အခါမှာတော့ အဓိက ဇာတ်ကောင်တွေ အနေနဲ့က ကျွန်တော်နဲ့ မမစိမ်း ဇာတ်ကောင်ပဲ ပါတယ်။ အရင်ကားဟောင်းတုန်းက အန်တီဆင့် (မေသန်းနု) သရုပ်ဆောင်ခဲ့တဲ့ နွယ် ဇာတ်ကောင်ကတော့ မပါတော့ဘူး။ ကျောင်းသားဘဝ ဇာတ်ဝင်ခန်းတွေထဲက တချို့ ရိုက်ပြလို့ မလွယ်တာတွေ ဖြုတ်ပြီးတော့ သင်္ကြန်ဇာတ်ဝင်ခန်းလေးတွေ ထည့်လိုက်ပါတယ်။

Voice : တစ်ချိန်က အောင်မြင်ခဲ့တဲ့ ဇာတ်ကား တစ်ကားကို ပြန်ရိုက်ရတာဆိုတော့ သရုပ်ဆောင်မှု အပိုင်းမှာ ကိုယ့်အတွက် ဘယ်လို ဖိအားတွေ ရှိလဲ။
NN : နှင်းဆီပန်သူမှာ အရင် မမစိမ်း ဇာတ်ကားတုန်းက အဓိက ဇာတ်ကောင် အနေနဲ့ ပါခဲ့တဲ့ ဦးဇင်ဝိုင်းကလည်း ကျွန်တော့်ရဲ့ အဖေနေရာက ပါဝင် သရုပ်ဆောင်ပေးတယ်။ ရိုက်ကွင်းပေါ်မှာလည်း သူ အများကြီး သင်ပေးပါတယ်။ တချို့ အက်တင်တွေဆို သူရှေ့က အရင် လုပ်ပြတယ်။ ကျွန်တော် လုပ်နိုင်တဲ့ အတိုင်းအတာအပေါ် မူတည်ပြီး သူ အများကြီး ပံ့ပိုးပေးခဲ့ပါတယ်။

Voice : ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး နောင်နောင့်အဖေ ကိုယ်တိုင်က ဓာတ်ပုံဆုတောင် မှန်းထားတယ်လို့ ပြောတယ်လေ။ ဒီဇာတ်ကားကို ဘယ်နေရာတွေမှာ သွားရိုက်ထားလဲ။
NN : ဒီကားကို ကျွန်တော်တို့ မေမြို့မှာ ရိုက်ပါတယ်။ မနှစ်က သင်္ကြန်တုန်းက မန္တလေးသင်္ကြန် ပုံရိပ်တွေကိုလည်း ထည့်ရိုက်ထားပါတယ်။ မန္တလေး တစ်ဝိုက်က မင်းကွန်းတို့ စစ်ကိုင်းတို့မှာလည်း သွားရိုက်ထားပါ တယ်။ ပရိသတ်တွေအတွက် မျက်စိပသာဒ ဖြစ်စေမယ့် ရှုခင်းတွေ အများကြီးကို ဒီဇာတ်ကားမှာ တွေ့ရမှာပါ။

Voice : ကိုယ့်ရဲ့ သရုပ်ဆောင်မှုအပိုင်းနဲ့ ပတ်သက်ပြီးတော့ရော အားမရခဲ့တဲ့ အပိုင်းတွေရော ရှိလား။
NN : အဲ့ဒါကတော့ ဘယ်မင်းသား၊ မင်းသမီးမဆို ကိုယ်ရိုက်ထားတဲ့ ဇာတ်ကားကို ပြန်ကြည့်တော့မှ ဘယ်နေရာတွေ လိုတယ်ဆိုတာကို ပြန်တွေ့ကြတာပါ။ ကျွန်တော်ဆိုရင် မအူဝဲ ဆုံးခါနီး နှစ်ယောက် စကားပြောတဲ့ အခန်းမှာဆို အက်တင်ပိုင်းမှာ လိုသွားတယ်ဆိုတာကို ဇာတ်ကား ပြန်ကြည့်တော့မှ တွေ့ပါတယ်။ ကျွန်တော် လိုသွားတဲ့ အပိုင်းလေးတွေပေါ့နော်။

Voice : အိန္ဒြာကျော်ဇင်က ကိုယ့်ထက် ဝါရင့်သလို၊ အက်တင်ကောင်းတဲ့ မင်းသမီးလည်း ဖြစ်တော့ သူ့ကို အမီ လိုက်နိုင်ဖို့ ဘယ်လို ကြိုးစားခဲ့ရလဲ။
NN : မအူဝဲနဲ့ကတော့ ပါပါကြီး( ဒါရိုက်တာ မောင်တင်ဦး) ရိုက်တဲ့ ခိုင်မိုးယံဆိုတဲ့ ဗီဒီယို ဇာတ်ကားမှာ စဆုံဖူးပါတယ်။ နှင်းဆီပန်သူ ကတော့ ဒုတိယမြောက် ဆုံတဲ့ ဇာတ်ကားပေါ့။ မအူဝဲက ကျွန်တော့်ကို ဖေးဖေးမမ ခေါ်ပါတယ်။ အစကတော့ အက်တင် လုပ်တဲ့အခါမှာ ကျွန်တော် ပြတ်ကျန်ခဲ့လိမ့်မယ်လို့ ထင်တာ။ ဒါပေမဲ့ တကယ်တမ်း ရိုက်ကြတော့လည်း အဆင်ပြေခဲ့ပါတယ်။

Voice : နှင်းဆီပန်သူ ရုပ်ရှင်ကို ၂၀၁၆ အကယ်ဒမီ စာရင်းဝင်ဖို့အတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့ တစ်ရက်တည်း ရှေ့ဆောင် ရုပ်ရှင်ရုံမှာ ပြမယ်လို့ သိရတယ်လေ။ ဒီကားအတွက် ဘယ်လို ထူးချွန်ဆုတွေ ရဖို့ မျှော်လင့်ထားလဲ။
NN : နှင်းဆီပန်သူ ရုပ်ရှင်အတွက် ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဓာတ်ပုံဆုနဲ့ အသံဆုတွေရဖို့ မျှော်လင့်ထားပါတယ်။ နောက်ပြီးတော့ သရုပ်ဆောင်အနေနဲ့ဆို မအူဝဲကို ရစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကတော့ နှင်းဆီပန်သူ ဇာတ်ကားကို ထာဝရ အလင်းများတုန်းကလောက် အားမရဘူး။ ထာဝရ အလင်းတန်းများမှာကျတော့ ဇာတ်ညွှန်းမှာကိုက ကျွန်တော့်ရဲ့ ကာရိုက်တာက အဓိက ဖြစ်နေတာပေါ့။ ထာဝရ အလင်းတန်းများမှာတုန်းက လုပ်ခဲ့ရတဲ့ အက်တင်တွေကို ပိုပြီး အားရတယ်။

Voice : အဲ့ဒါကျတော့ ဇာတ်လမ်း အနေအထားကြောင့်ရော ဆိုင်မလား။ ထာဝရ အလင်းတန်းများကကျတော့ နောင်နောင့် ဇာတ်ဖြစ်နေတော့လေ။
NN : ဟုတ်ပါတယ်။ ဇာတ်လမ်း အနေအထားကြောင့်လည်း ပါပါတယ်။ အက်တင် လုပ်ရတာချင်း ယှဉ်ရင်လည်း ထာဝရ အလင်းတန်းများမှာ လုပ်ရတဲ့ အက်တင်တွေက ပိုခက်ပါတယ်။ နှင်းဆီပန်သူမှာကျတော့ လုပ်ရတဲ့ အက်တင်တွေက လွယ်တော့ မလွယ်ပါဘူး။ ဒါပေမဲ့ သိပ်ပြီး အားမရဘူးပေါ့။

Voice : အကယ်ဒမီ ရပြီးနောက်ပိုင်းမှာ အနုပညာ လှုပ်ရှားမှုတွေ ပိုပြီး အားကောင်းလာမယ်လို့ ထင်ခဲ့တာ။ ဘယ်လိုကြောင့် ကားရိုက်တွေ ကျဲခဲ့တာလဲ။
NN : ကျွန်တော်တို့ကျတော့ ရုပ်ရှင်ကိုပဲ ပရိသတ်တွေကို ထိုက်ထိုက်တန်တန်၊ ကောင်းကောင်းလေး ရိုက်ပြချင်တယ်။ ဗီဒီယို ကျတော့ ကျွန်တော်တို့ လုပ်ချင်တဲ့ပုံစံနဲ့ မကိုက်ဘူး။ ငွေကြေး အကျိုးအမြတ် ရှာသလို ပုံစံမျိုးလည်း မရိုက်ချင်ဘူး။ အဲ့ဒါကြောင့် သိပ်မရိုက်ဖြစ်တာပါ။ အနုပညာ လောကမှာ ကျွန်တော် လက်ရှိ သွားနေတဲ့ ပုံစံလေးပဲ ကောင်းပါတယ်။ တအားကြီးလည်း နာမည်ကြီးပြီး ဟော့ဟော့ရမ်းရမ်းလည်း မဖြစ်ချင်ဘူး။ အခုလို အနေအထားလေးပဲ ကောင်းပါတယ်။ ပရိသတ်တွေနဲ့ အဆက်မပြတ်အောင်တော့ ကြိုးစားသွားမှာပါ။

သန့်ဇင်ဦး
The Voice

No comments:

Post a Comment