CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, January 29, 2017
ဦးကိုနီ ရန်ကုန်လေဆိပ်၌ သေနတ်ဖြင့် ပစ်သတ်ခံရ နောက်ကွယ်မှ ပါဝင်သူများကို ဖော်ထုတ်သွားမည်
29-Jan-2017
ရန်ကုန်၊ ဇန်နဝါရီ ၂၉
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ND)မှ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal (1) ၌ ဇန်နဝါရီလ ၂၉ ရက် ညနေ ၅ နာရီခန့်က သေနတ်နှင့် အနီးကပ် ပစ်ခတ်ခံခဲ့ရသဖြင့် သေဆုံးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အတည်ပြု ပြောကြားသည်။
ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အတူ အင်ဒိုနီးရှားနိုင်ငံတွင် Senior Leadership Program တက်ရောက်ပြီး စင်ကာပူမှတစ်ဆင့် Silk Air လေကြောင်းလိုင်းဖြင့်အပြန် ရန်ကုန်လေဆိပ် Terminal (1) ဂိတ်နံပါတ် (၆) ထွက်ပေါက်နား အရောက်တွင် လုပ်ကြံသူက နောက်မှနေ၍ အနီးကပ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
“အင်္ကျီပန်းရောင်၊ ဘောင်းဘီတို ဝတ်ထားတဲ့သူက ‘မင်းလူပါးမဝနဲ့’ ပြောပြီး သေနတ်နဲ့ ဦးကိုနီကို ကပ်ပစ်လိုက်တာ။ ပြီးတော့ လေဆိပ်တက္ကစီဝင်းဘက် ထွက်ပြေးသွားတယ်” ဟု လုပ်ကြံမှုကို မျက်မြင်တွေ့ခဲ့သော အမျိုးသားတစ်ဦးက ပြောကြားသည်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ၉ မမ ပစ္စတိုသေနတ်နှင့် ပစ်ခတ်လုပ်ကြံသူမှာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပုဏ္ဏားကုန်းရပ် ၃၄ လမ်းတွင် နေထိုင်သော အသက် ၅၃ နှစ်အရွယ် ကြည်လင်းဆိုသူ ဖြစ်ကြောင်း၊ ဦးကိုနီကို ပစ်ခတ်ပြီးနောက် တက္ကစီဂိတ်သို့ ထွက်ပြေးရာ တက္ကစီယာဉ်မောင်းများက ဝိုင်းဝန်းဖမ်းဆီးကြသဖြင့် ထပ်မံပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အသက် ၄၀ အရွယ် တက္ကစီယာဉ်မောင်း ဦးနေဝင်းဆိုသူ၏ ဆီးအိမ်တွင် ထိခိုက်ဒဏ်ရာ ရရှိမှုကြောင့် မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ တင်ပို့ခဲသော်လည်း သေဆုံးခဲ့ရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
“သေနတ်ပစ်သံကြားမှ ရဲတွေက ပြေးထွက်လာတာ။ ဘောင်းဘီတိုနဲ့ ပြေးနေသူက လက်ထဲမှာ သေနတ်ကိုင်ပြီး တက္ကစီတွေ လှမ်းတားနေတာ။ ဘယ်သူမှ ကားရပ်မပေးဘူး။ တက္ကစီမောင်းသူ ကိုနေဝင်းက သူ့ကို ခဲနဲ့ပြေးထုချိန် သေနတ်နဲ့ လှမ်းပစ်တာ ဆီးစပ်မှန်သွားတယ်။ အဲဒီအချိန် လူအယောက် ၅၀ လောက်က သူ့ကို ဝိုင်းအုံပြီး ထိုးကြိတ်ဖမ်းလိုက်တာ” ဟု သေဆုံးခဲ့သော ဦးနေဝင်း၏ တူတော်စပ်သူ လေဆိပ်ယာဉ်ရပ်နားဝင်း လုံခြုံရေး အမျိုးသားက ဆိုသည်။
ဖမ်းမိသော အမျိုးသားကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ စစ်ကြောရေးစခန်းတွင် စစ်ဆေးနေပြီး လုပ်ကြံမှု နောက်ကွယ်မှ ပါဝင်သူများကို ဖော်ထုတ်ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ရဲမှူးချုပ် မြဝင်းက ပြောကြားသည်။
ဦးကိုနီ၏ ရုပ်အလောင်းထားရှိရာ မြောက်ဥက္ကလာပဆေးရုံသို့ ဇန်နဝါရီ ၂၉ ရက်နေ့ ည ၉ နာရီခန့်က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လာရောက်ကြည့်ရှုခဲ့သည်။
သေနတ်နှင့် ပစ်ခတ်လုပ်ကြံခံခဲ့ရသည့် ဦးကိုနီ၏ အလောင်းကို ဇန်နဝါရီ ၃၀ ရက် ညနေတွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်သွားမည် ဖြစ်သည်။

The Voice Myanmar
ဦးကိုနီ ရန်ကုန်လေဆိပ်၌ သေနတ်ဖြင့် ပစ်သတ်ခံရ နောက်ကွယ်မှ ပါဝင်သူများကို ဖော်ထုတ်သွားမည်
Reviewed by MP4 YoU
on
January 29, 2017
Rating: 5
Reviewed by MP4 YoU
on
January 29, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment