Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 29, 2017

အမေရိကန်အစိုးရက ငြင်းလိုက်သည့် ဒုက္ခသည်များကို တာဝန်ယူမည်ဟု ကနေဒါ ဝန်ကြီးချုပ်ဆို


29-Jan-2017 tagged as ကနေဒါ

အော့တဝါ၊ ဇန်နဝါရီ ၂၉

အမေရိကန်အစိုးရက မွတ်ဆလင် အများစုရှိရာ နိုင်ငံခုနစ်နိုင်ငံမှ ဒုက္ခသည်များကို ယာယီအားဖြင့် ဝင်ခွင့်ပိတ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာလိုက်ချိန်တွင် ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုးက အဆိုပါ  ဒုက္ခသည်များဘက်မှ ရပ်တည်သွားမည် ဖြစ်ကြောင်း လူမှုကွန်ရက် မီဒီယာပေါ်တွင် ပြောကြားခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုးက အကြမ်းဖက်ဘေး၊ စစ်ဘေးတို့ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ဒုက္ခသည်များဘက်မှ ၎င်း၏ အစိုးရသည် စိတ်အား၊ လူအားဖြင့် ရပ်တည်သွားမည်ဟု ပြောကြားထားသည်။

အဆိုပါ ခုနစ်နိုင်ငံတွင် နိုင်ငံကူးလက်မှတ် အမေရိကန်နှင့်ပါ ပူးတွဲကိုင်ထားသူများကိုပင် ပြည်ဝင်ခွင့် ပိတ်ထားမည်ဟု အမေရိကန် ပြည်တွင်းလုံခြုံရေးအဖွဲ့က ကနဦး ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ကနေဒါ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော အဆိုပါဒေသနေ ပြည်သူများအနေနှင့် ပုံမှန်အတိုင်းသာ ဖြစ်ပါကြောင်း ကနေဒါ ဝန်ကြီးချုပ်က ပြောကြားခဲ့သေးသည်။

ကနေဒါနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးသည် အာမက်ဟူစိန်ဖြစ်ပြီး ဆိုမာလီ ဒုက္ခသည်ဘဝဖြင့် ကနေဒါသို့ ရောက်ရှိနေကာ ယခုအခါ ကနေဒါဝန်ကြီးတစ်ဦး ဖြစ်လျက်ရှိသည်။

နာရီအနည်းငယ်အတွင်းတွင် ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုး၏ Twitter ပေါ် တင်ထားသော မှတ်ချက်စကားက အကြိမ်ရေ တစ်သိန်းခွဲကျော် မျှဝေကာ လူပြောများခဲ့သည်။

‘ကနေဒါမှ ကြိုဆိုပါ၏’ ဆိုသည့် စကားက ကနေဒါတွင်လည်း လူပြောများသော လူမှုကွန်ရက် စကားလုံး ဖြစ်သွားခဲ့သည်။

ပြီးခဲ့သည့် ၁၃ လအတွင်းက ဆီးရီးယား ဒုက္ခသည် လေးသောင်းခန့်ကို လက်ခံပေးခဲ့သော ထရူဒိုးအစိုးရ၏ စိတ်ထားကြောင့် ကမ္ဘာအနှံ့ ချီးကျူးဂုဏ်ပြုမှုများ ရှိခဲ့သည်။

၂၀၁၅ ခုနှစ်က လေဆိပ်ကို ရောက်လာသော ဒုက္ခသည် ကလေးတစ်ဦးကို ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ကြိုဆိုခဲ့သည်။

အီရတ်၊ ဆီးရီးယား၊ ဆူဒန်၊ အီရန်၊ ဆိုမာလီ၊ လစ်ဗျားနှင့် ယီမင် နိုင်ငံသားတို့အား ပြည်ဝင်ခွင့် ရက် ၉၀ ကနဦး ပိတ်ထားမည်ဟု ဒေါ်နယ်ထရမ့်က ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို ကနဦး ထုတ်ပြန်ကျင့်သုံးထားသည်။
The Voice Myanmar

No comments:

Post a Comment