“မြန်မာဘူဖေး၊လမ်းဘေးအစားအစာနှင့် အောင်ကြီးပါဝင်မှု ရာခိုင်နှုန်း။”



ဘူဖေးဆိုတာ ဘိုလိုပြောရရင်တော့ Buffet ပေါ့ဗျာ။ Buffet is a system of serving meals in which placed in a public area where the diners generally serve themselves .
Buffet = Meal set out on tables from which people help themselves .
ဆိုလိုတာကတော့ အစားအသောက်တွေကို စားပွဲပေါ်ခင်းထားပြီး ကိုယ်ကြိုက်တာကို ကြိုက်သလောက် ကိုယ်တိုင်ယူစားရတဲ့ စနစ်ပေါ့ ။ ဒီစနစ်က မြန်မာနိုင်ငံမှာတော့ ၂၀၀၀ခုနှစ်နောက်ပိုင်းမှ စပြီးတင်တွင်ကျယ်ကျယ်ခေတ်စားလာတာပါ။ ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ ဒီဘူးဖေးဆိုတဲ့ခေတ်မီ စားသောက်နည်းစနစ်ဟာ အနောက်တိုင်းက အစပြုခဲ့တဲ့ စားသောက်ပုံနည်းစနစ်တစ်ခုကို ကျွန်တော်တို့ အရှေ့တိုင်းသားတွေက ကြိုက်လို့ယူသုံးကြတယ် လို့ ထင်စရာရှိပါတယ်။
အမှန်တော့ ဘူးဖေးစနစ်ဆိုတာ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော် က ကျွန်တော်တို့ ဘုရားရှင်လက်ထက်တော်အခါက အိန္ဒိယ နိုင်ငံမှာ စတင်ခဲ့တာဆိုယုံကြမလား။ မယုံမရှိနဲ့တကယ်ဗျ အိန္ဒိယနိုင်ငံ မာတိကာ ဆိုတဲ့ ရွာကြီးမှာ အစပြုခဲ့တာ။ ဒီဘူဖေး စနစ်ကိုစတင် တီထွင်ခဲ့သူကတော့ သာသနာတော်အတွက် အလွန်ကျေးဇူးများခဲ့တဲ့ မာတိကာ ရွာသူကြီးရဲ့ မိခင် မာတိကာမာတာ ဆိုတဲ့ အမျိုးသမီးကြီးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ မြတ်စွာဘုရားရဲ့ တပည့် ရဟန်းတော်အပါး ၆၀ ဟာ မာတိကာရွာကြီးမှာ ဝါဆိုပြီး တရားဓမ္မများကျင့်ကြံကြပါတဲ့။ ဒီ မာတိကာမာတာ ကြီးကလည်း ရဟန်းတော်များ လိုလေသေးမရှိအောင် စောင့်ရှောက်လုပ်ကျွေး နေတယ်ပေါ့ ။ တစ်ရက်ကျတော့ မာတိကာမာတာကြီး ကအရှင်ဘုရားတို့ ကျင့်တဲ့တရားတော်ကို တပည့်တော်တို့ရော ကျင့်လို့မရဘူးလားလို့မေးတော့ ရဟန်းတော်တွေက ကျင့်လို့ရတယ်တကာမကြီးဆိုပြီး တရားတော်တွေကို စနစ်တကျ သင်ကြားပေးလိုက်ပါတယ်။ မာတိကာမာတာ က အိမ်ပြန်ရောက်တော့ ကိုယ်လက်သန့်စင်ပြီး တရားဘာဝနာများ ရှုမှတ်လိုက်တဲ့အခါမှာ ဈန်အဘိညာဉ်နှင့်တကွ အနာဂါမ် တည်သွားပါတယ်တဲ့။ ဒီတော့ ဒီအမျိုးသမီးကြီး က တွေးမိတာက ငါ့သားတော် ရဟန်းတော်များကျေးဇူးက ကြီးလှပါပေစွ ။ ငါတောင် အနာဂါမ် ဖြစ်ပြီဆိုတော့ ဒီရဟန်းတော် များဟာသေချာပေါက် ရဟန္တာအရှင်သူမြတ်များဖြစ်နေကြမှာပဲ ဆိုပြီး အဘိညာဉ်နဲ့ ဆင်ခြင်ကြည့်တယ်ပေါ့။ ဒီလိုကြည့်လိုက်တဲ့ အခါမှာ ရဟန်းတော်များဟာ သူထင်တာနဲ့ တစ်ခြားစီဖြစ်ပြီး ကိလေသာတန်းလန်း နဲ့ပုထုဇဉ် အဆင့်ပဲရှိနေပါတယ်။ ဒီတော့ တကာမကြီးက ဘာကြောင့်ပါလိမ့်လို့ ထပ်မံဆင်ခြင်ကြည့်လိုက် တော့ ရဟန်းတော်များဟာ မိမိတို့နှစ်သက်တဲ့အာဟာရများ မမှီဝဲ ရလို့ဆိုတာကို တွေ့ရပါသတဲ့။ ဥပမာ ဒီနေ့ဝက်သားဆွမ်းဟင်းကပ်တယ်ဆိုရင် ရဟန်းအားလုံးက ကြိုက်ကြိုက်၊မကြိုက်ကြိုက် ဒါပဲဘုန်းပေးနေရပါတယ်။ ဒီရဟန်းတော်များကလည်း တရားအားထုတ်နေတဲ့ ရဟန်းတော်များပီပီ ငါတို့ဘာစားချင်တယ်ဟေ့ ဘာတော့ချက်ကပ်စမ်းလို့ မိန့်တော်မူမှာမဟုတ်ဘူး ဆိုတာကိုလည်း ဒကာမကြီးက သိသတဲ့။ ဒါကြောင့် ရဟန်းတော်များ ၎င်းတို့ အလိုရှိအပ်တဲ့ အစားအစာများဘုန်းပေးနိုင်အောင် ဘယ်လိုလုပ်ရမလဲလို့စဉ်းစားတဲ့အခါမှာ ဒီဘူဖေးစနစ်ကို စတင်တွေ့ရှိပါတော့တယ်။ ဒါကြောင့် စားပွဲကြီးခင်းပြီး ရဟန်းတော်များ တဦးချင်းစီိအလိုက်မိမိတို့ နှစ်သက်ရာ အစားအသောက်များ ဘုန်းပေးနိုင်အောင်စီစဉ်ပြီး အရှင်ဘုရားတို့လိုရာကိုကြိုက်သလို ဘုန်ပေးတော်မူပါလို့လျှောက်ထားပါတယ်။ ဒီတော့မှ ရဟန်းတော်များဟာလည်း မိမိတို့နှင့်တည့်ရာအစားအသောက် များကိုရွေးချယ်ဘုန်းပေးပြီး စိတ်ချမ်းသာစွာ တရားအားထုတ်လိုက်တာ မကြာမီပင် ရဟန္တာကြီးများ ဖြစ်ကုန်ကြပါသတဲ့။
ဆိုလိုချင်တာက ဒီဘူဖေးစနစ်ဟာ ရဟန်းတော် ၆၀ ရဲ့ အရဟတ္တမဂ် အထိရောက်အောင် အထောက်အပံကောင်း ဖြစ်စေခဲ့တဲ့အထိအလွန် ကောင်းမွန်လှတဲ့စနစ်ပဲဖြစ်ပါတယ်။ ဘူဖေး စနစ်ဟာ သန့်ရှင်းမယ်၊ အလာဟသအပိုကုန်တာမျိုးမဖြစ်ဘူး ၊ ကျန်းမာရေးနဲ့ညီညွတ်တယ် ၊ ဝန်ဆောင်မှုပေးရတဲ့ သူတွေအတွက်လည်း အလွန်ဝန်ပေါ့တယ်။ ဒါကြောင့် မြန်မာနိုင်ငံရှိတရားစခန်းကြီးအချို့တောင်ဘူဖေးစနစ်ကို စတင် ကျင့်သုံးလာကြတယ်။
အဲ ဒါပေမယ့် ဒီဘူဖေးစနစ်လို့ပြောနေတာက မြန်မာဘူဖေး စနစ်ကိုတော့ဆိုလိုတာမဟုတ်ပါဘူး။အလွန်ကောင်းမွန်တဲ့ ဘူဖေးစနစ်မှာရှေ့က မြန်မာလို့အထူးပြုပြီး မြန်မာမှုပြုလိုက်တဲ့ အခါ အထက်ပါကောင်းကွက်တွေနဲ့လုံးဝပြောင်းပြန် ဖြစ်သွားပါတယ်။ အဲ့လိုပဲ သူပါသူ အဓိပ္ပါယ်သီးသန့်နဲ့ ရပ်တည်နေတဲ့ စနစ်တွေက ရှေ့ကမြန်မာတပ်ပြီး မြန်မာမှု ပြုလိုက်ရင် မူရင်းနဲ့မတူတဲ့ပြောင်းလည်းမှုတွေ ဖြစ်ကုန်တတ်တယ်။ ဥပမာ ဆိုရှယ်လစ်စနစ် ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဆိုပြီး မြန်မာမှုပြုလိုက်တဲ့ အခါ ဘယ်လိုတွေဖြစ်ကုန်သလဲဆိုတာအားလုံးအသိပါပဲ။ မြန်မာဘူဖေးက ဘာတွေများဆိုးနေလို့လဲကွာ ဆိုရင်တော့ အကြောင်းကိုဆက်ကြည့်ကြပါဦးစို့။
ကျွန်တော်တို့ သူငယ်ချင်းတွေဟာ တစ်နှစ်လျှင် တစ်ခါ၊ နှစ်ခါလောက် မိသားစုတွေမပါဘဲ ၊ သူငယ်ချင်းတွေချည်း စုပြီး ခရီးသွားလေ့ရှိပါတယ်။ အသွားဖြစ်ဆုံးကတော့ ပုဂံကိုပါ။ ပုဂံရောက်ရင် မြန်မာဘူဖေးဆိုတာကို ကျွန်တော်တို့ မဖြစ်မနေစားကြပါတယ်။ ကျွန်တော်တို့လို အစားကြမ်းတဲ့သူတွေအတွက်ကတော့ မြန်မာဘူဖေးဟာ အလွန်ကိုက်ပါတယ်။ သူက မူလဘူဖေးစနစ်နဲ့မတူပါဘူး။ မြန်မာဘူဖေးစားပွဲဟေ့ ဆိုရင် ဆိုင်မှာရှိသမျှ ဟင်းအားလုံးကို စားပွဲပေါ်ချ ပေးပါတယ်။ ဒါအပြင် ပန်းကန်ထဲမှာဟင်းအကုန်မခံဘဲ တောက်လျှောက်လိုက်ပေးပါတယ် ။ ကြက်သား၊ဝက်သား၊အမဲသား၊ငါး၊ ကြက်အမြစ်အသည်း၊ဆိတ်ကလီစာ၊ဝက်ဆုတ်ဝက်သည်း၊ ငါးပိ၊ငါးခြောက်၊ငံပြာရည် အတို့အမြုပ်အစုံပါပဲ။ ကြက်သားဆိုရင်လည်း ကြက်သားဆီပြန်၊ကြက်သားကြော်။ ကြက်ရည်ကျို သောက်ဆမ်း၊ စသည်ဖြင့် နှစ်မျိုး၊သုံးမျိုးပါ ပါတယ်။ ပြောရရင်တော့ ထမင်းရော၊ဟင်းရော အဝစားကြိုက်သလောက်စား၊စားနိုင်သမျှစား ဆိုတဲ့စနစ်ပါပဲ။ ကျွန်တော်တို့ ပုဂံမှာ စစားခါစက တစ်ဦးကို ၁၅၀၀ ကျပ်နှုန်းပါ။ အခုဒီနှစ်တော့ ၄၅၀၀ ၊ ၅၀၀၀ နှုန်းဖြစ်သွားပါပြီ။ သူငယ်ချင်းတစ်ယောက်က ဒီစနစ်ကို အလွန်အကုသိုလ်များတဲ့ စနစ်လို့သုံးသပ်ပါတယ်၊ ဘာလို့လဲဆိုတော့ စားသုံးသူကို စိန်ခေါ်တဲ့ သဘောပါတယ်။ စားနိုင်သသောက်စားစမ်းဆိုတော့ စားသုံးသူကလည်းမတန်တန်အောင် လောဘ စိတ်ကို အပြင်းအထန်ထုတ်ပြီးစားလေ့ရှိတယ်။ ငါစားတာတန်မှတန်ပါမလားဆိုတဲ့ သောကလည်းဖြစ်ပါသတဲ့။ဒါလည်းစဉ်းစားစရာပါပဲ။
ကျွန်တော် မြန်မာဘူဖေးရဲ့ အားနည်းချက်၊ဆိုးရွားချက်ကို စတင်သတိထားမိတာကတော့ ဝက်သားတစ်တုံးက စတယ်ဆိုရမှာပါ။ပုဂံမှာ နာမည်ကြီး လမ်းဘေးထမင်းဆိုင်တစ်ဆိုင်ရှိပါတယ်။နာမည်ဆိုင်းဘုတ်မရှိဘူး၊ ဒါပေမယ့် လူအရမ်းများလွန်းလို့ ထိုင်စရာနေရာတောင် ရဖို့မလွယ် ပါဘူး။ ဟင်းချက်လက်ရာကလဲကောင်း၊သဘောလဲကောင်းတော့ လူတိုးကြတာပေါ့။ အဲဒီဆိုင်က မြန်မာဘူးဖေး စနစ်တော့မဟုတ်ဘူး ၊မှာတာပဲတစ်ပွဲချင်းချပေးတာပါ။ တစ်ရက်ကျွန်တော်တို့သွားစားကြတော့ ကျွန်တော့ဟင်းပန်းကန် ထဲမှာ ဝက်သားတုံးအကောင်းတစ်တုံးကျန်နေပါတယ်။ ပိုက်ဆံရှင်းတဲ့ အချိန်ကြတော့ သူငယ်ချင်းတစ်ယောက်က ဟေ့ရောင် ဟင်းကုန်အောင်စားလေ နှမြောစရာကြီးဆိုတော့ ဆိုင်ရှင် အမကြီးက ရတယ်ရတယ် ဒီဆိုင်က အတုံးအရေအတွက်နဲ့ရောင်းတာ၊ မကုန်ရင် အဲ့ဒီအသားတုံးဖိုးထည့် မတွက်ပါဘူးတဲ့။ အဲ့ဒီစကားလည်းကြားရော ကျွန်တော်ခေါင်းနပန်းကြီးသွားတာပဲ။ ဒါဆိုကျန်နေတဲ့ဝက်သားတုံးရဲ့ လားရာက ဘယ်လဲဘာလဲ၊သေချာတာကတော့ လွှင့်ပစ်မှာမဟုတ်ဘူး ၊ ဟင်းအိုးထဲပဲပြန်ရောက်မှာပေါ့။ ဒီမှာကျွန်တော်တွေးမိတာက ဟင်းတစ်တုံးထဲတောင် သွန်ပစ်ဖို့ခက်နေရင်၊ မြန်မာဘူဖေးစားပြီးကျန်ခဲ့တဲ့ ဟင်းပေါင်းများစွာဟာ ဘယ်ကိုရောက်သွားမလဲပေါ့ ။ ဒါဟာ မူရင်းဘူဖေးစနစ်နဲ့ မြန်မာဘူဖေးစနစ်တို့ရဲ့ကွာခြားမှုပါပဲ။ မူရင်းဘူဖေးစနစ်မှာ မကုန်တဲ့ဟင်းတွေဟာ သူ့ခွက်နဲ့သူသန့်သန့်ရှင်းရှင်းကျန်နေမှာ ပါ။ မြန်မာဘူဖေးမှာကျန်နေမှာကတော့ သူများစားပြီး၊နှိုက်ပြီးကျန်နေမယ့် ဟင်းတွေပါ။ ထမင်းဆိုင်ဆိုတာ လူတန်းစားမျိုးစုံလာကြတာပါ။ သပ်သပ်ရပ်ရပ် စားသုံးတတ်သူများ ရှိသလို၊ အလွန်ညစ်ပတ်တဲ့ သူမျိုးလည်း ရှိပါတယ်။ဟင်းခွက်ထဲမှာ စိုက်ထားတဲ့ဇွန်းနဲ့ပဲ ဟင်းနှိုက်ကြတဲ့ သူတွေရှိသလို၊ ကိုယ်စားလက်စဇွန်းကြီး သို့မဟုတ် လက်နဲ့နှိုက်ကြတဲ့သူတွေလည်း အများကြီးပါပဲ။ အဓိက ကတော့ ကြက်သားသောက်ဆမ်းလို ၊ဟင်းချိုလို အရည်သောက်ဟင်းများကို တစ်ယောက်တစ်ခွက် စားတာလည်းမဟုတ် ၊ ဟင်းထဲစိုက်ထားတဲ့ဇွန်းနဲ့ မိမိစားတဲ့ဇွန်းထဲကို တဆင့်ခံလောင်းထည့်ပြီးစားတာလည်း မဟုတ်ဘဲ အလယ်တည်ပန်းကန်ထဲကို စားလက်စ ဇွန်းနှင့်နှိုက်စားတဲ့သူတွေ၊ ဟင်းပန်းကန်ထဲမှာ စိုက်ထားတဲ့ ဇွန်းနှင့်ပဲ တိုက်ရိုက်ယူပြီး ပါးစပ်ထဲထည့်စားတဲ့သူ တွေ လည်း အများကြီးရှိပါတယ်။ ကျွန်တော့်အတွေ့အကြုံနဲ့ မြန်မာဘူဖေးဆိုင်မှာ မြင်ခဲ့ဘူးတာကတော့ လူတစ်ဦးက သူစားလက်စ ဇွန်းကို ဟင်းခွက်ထဲတိုက်ရိုက်မနှိုက်မီ လျှာနဲ့ပြောင်နေအောင်လျှက်ပြီးမှ ဟင်းခွက်ထဲနှိုက်တာ ကိုမြင်ဘူးပါတယ်။ သူ့သဘောကတော့ ဟင်းထဲကို ထမင်းစေ့ မကျအောင်ရည်ရွယ်ပုံပေါ်ပါတယ် ။ သို့သော်ထမင်းစေ့ ထက်ပို ဆိုးတဲ့ သွားရည်တွေကတော့ တစ်ဆယ်သားလောက်ဝင်ကုန်မှာပါ။
ဆိုလိုတာက မြန်မာဘူးဖေးစနစ်ဟာ ကျန်းမာရေးအတွက် လုံးဝစိတ်မချရပါဘူး။ဘာကြောင့်လည်းဆိုတော့ ကိုယ့်ရှေ့က ဘယ်လိုလူတွေစားသွားတယ် ဆိုတာကိုမသိနိုင်လို့ပါဘဲ။ ဒီနေရာမှာ မြန်မာဘူဖေး ထမင်းဆိုင် ပိုင်ရှင်ကြီးများနှင့် ထမင်းဆိုင်အသစ်ဖွင့်လိုတဲ့မိတ်ဆွေများကို အကြံကောင်းတစ်ခုပြုရရင် မြန်မာ့ဟင်းလျာများကိုလည်း ဘူဖေးစနစ်အစစ်သုံးပြီးရောင်းချစေချင်ပါတယ်။ နိုင်ငံခြားဘူဖေးစနစ်လိုပဲ ဟင်းတွေကို စားပွဲပေါ်တွေမှာပြင်ပေးထားပြီး ကိုယ်နှစ်သက်ရာကို ကုန်မလောက်ယူစားတဲ့ စနစ်ပေါ့။ ဒီစနစ်ကိုသုံးမယ်ဆိုရင် ကုန်ကျစရိတ်ရော အလေအလွင့်ပါ အရမ်းနည်းသွားပြီးကျန်းမာရေးနှင့်လည်း ညီညွတ်မှာအမှန်ပါပဲ။ ရောင်းတဲ့အခါမှာ ဘူဖေးစနစ်စစ်စစ်ကိုသာအသုံးပြုသည်၊ စားပြီးသားဟင်းများပြန်ပေါင်းထည့်ခြင်းမရှိပါဆိုပြီး စာအကြီးကြီးချိတ်ရောင်းရင် အရမ်းရောင်းရမှာပါ။ ဒါမှလူတွေကလည်း မြန်မာဘူဖေးရဲ့အားနည်းချက်ကို သတိထားမိပြီး ရှောင်နိုင်မှာပါ။ ကျွန်တော်တို့မြန်မာနိုင်ငံကလည်း သူများလုပ်သမျှ အကုန်လိုက် လုပ်တဲ့ ဇီးကွက်စီးပွားရေးစနစ်ဆိုတော့ တစ်ယောက်ကစလိုက် ပြီး အကုန်တွင်ကျယ်လာရင် စားသုံးသူများအတွက်လည်း သိပ်ကောင်းသွားမှာပေါ့ဗျာ။
ကဲမြန်မာဘူဖေးကို ခဏထားပြီး လမ်းဘေးအစားအစာနှင့် အောင်ကြီးပါဝင်မှုရာခိုင်နှုန်း အကြောင်း သွားကြရအောင်။ ဟာဘာကြီးတုန်းဟ၊ အောင်ကြီးပါဝင်မှုရာခိုင်းနှုန်းဆိုတာဘယ်လို ကြီးလဲဆိုတာကတော့ စာဆုံးအောင်ဖတ်ကြည့်ရင် ပေါ်လာမှာပါ၊ ဒီအကြောင်းကိုနားလည်ဖို့ ပထမဦးဆုံး အောင်ကြီးဆိုတာဘာလဲ၊ဘယ်လိုလူမျိုးလဲ ဆိုတာ နည်းနည်းလောက်မိတ်ဆက်သိထားဖို့လိုပါတယ်။ ကျွန်တော်တို့ ခရီးသွားဖော်သူငယ်ချင်းတွေမှာ ဒေါက်တာအောင်အောင် ဆိုတဲ့သူငယ်ချင်း တစ်ယောက်လဲပါ ပါတယ်။ အများစုက တော့ အောင်ကြီးလို့ ခေါ်ကြပါတယ်။ ကျွန်တော်ကတော့ အောင်ကြီး ဆိုရင် ကျွန်တော်တို့လေးစားတဲ့ဆရာကြီးတစ်ဦးရဲ့ နာမည်နဲ့ဆင်နေလို ရှေ့ကနေ ( လ ) အက္ခရာတစ်ခုနဲ့ ဝိသေသပြုပြီး လအောင်ကြီးလို့ခေါ်ပါတယ်။ သူ့ရဲ့ အတွေးအခေါ်စဉ်းစားပုံတွေက သာမန်လူကောင်းတစ်ယောက် နဲ့လုံးဝမတူပါဘူး၊ လူကောင်းနဲ့မတူဘူးဆိုလို့ ရူးနေတာတော့ မဟုတ်ဘူး “ထူး” တဲ့အပိုင်းကိုပိုရောက်ပါတယ်။ သူကစာဖတ်ရင်လည်း စာရေးဆရာ မြင့်သန်း၊ ကိုတာ ၊ဇေယျာလင်း၊ကျော်ဝင်း၊ဇော်ဇော်အောင်၊ ယန်းပေါဆတ်၊ ကမူး၊ဒီဗူးဗွား၊ကာကပ်ဖ့် တို့ရေးတဲ့စာတွေကိုပဲအဓိကဖတ်ပြီး အာဂုံနီးပါးဆောင်နိုင်အောင် ကျေညက်ထားတဲ့သူဖြစ်နေလို့ အတွေးအခေါ်တွေကလည်း ဘယ်တော့မှရိုးရိုးဖြောင့်ဖြောင့်မတွေးဘဲ ဖြန့်ကျက်တွေးခြင်း၊ဖောက်ထွက်တွေးခြင်း၊ ဘေးတိုက်တွေးခြင်း၊ကန့်လန့်တိုက်တွေးခြင်း၊ ဇောက်ထိုးတွေးခြင်း စတာတွေနဲ့ပြည့်စုံသူပါ။ စကားပြော တဲ့အခါ မှာလည်း ကျွန်တော်တို့သာမန်သူတွေက ပြောစရာရှိတာပြော ပြီးမှလိုအပ်ရင် စကားကိုခိုင်မာအောင် ဆင်ခြေပေး ဒီလိုမဟုတ်လား၊ အဲ အောင်ကြီးကတော့ အဲ့လိုမဟုတ်ဘူး စကားတစ်ခုပြောတော့မယ် ဆိုရင် “ဆင်ခြေစနစ်”တစ်ခုကို ခိုင်မာအောင်အရင်တည်ဆောက်တယ် ပြီးမှပြောစရာရှိတာပြောတယ်၊ဒါကြောင့်သူနဲ့စကားပြောရင် မဟုတ်မှန်းသိနေရင်တောင် ငြင်းဖို့သိပ်ခက်ပါတယ်။ ဥပမာတစ်ခုပြောရရင် ကျွန်တော်တို့ လက်ဘက်ရည်ဆိုင် ထိုင်ကြလို့စကားပြောဖြစ်ရင်းနဲ့ မြန်မာနိုင်ငံအတွက် ကျေးဇူးကြီးမားတယ်လို့ ကိုယ့်စိတ်ထဲမှာအမြဲလိုလို သတိရကျေးဇူးတင်နေတဲ့သူတွေ ဟာဘယ်သူတွေဖြစ်မလဲလို့ မေးမိပါတယ်။ အဲ့တော့ရှေ့ကလူတွေက ထုံးစံအတိုင်းအများဖြေ သလိုအနော်ရထာမင်း၊ဗိုလ်ချုပ်အောင်ဆန်းစသည်ဖြင့် ဖြေကြတာပေါ့ဗျာ။ ဒီကောင်ကတော့ သူ့ရဲ့ လက်ဘက်ရည်ပုံမှန်( နို့ဆီတစ်ဇွန်းထဲထည့်) ဆိုတာကြီးသောက်ပြီး ခဏစဉ်းစားတယ် ပြီးတော့ ရုတ်တရက် သူ့စိတ်ထဲမှာ အမြဲတမ်းကျေးဇူးတင်နေမိတာကတော့ “အန်းလီ နဲ့အီဗာ” ပဲကွတဲ့။ အားလုံးကလည်းအံ့သြ သွားကြပြီး ဟေ့ရောင်မင်းဘာတွေပြောနေတာလဲ ။မြန်မာနိုင်ငံရဲ့ကျေးဇူးရှင်တွေမေးနေတာလေ၊မင်းဟာ တွေက ဘာတွေလဲဆိုတော့ ၊အမျိုးသမီးလစဉ်သုံးပစ္စည်းတွေလေကွာတဲ့။ ဟာမင်းမိုက်ရိုင်းလှချေလားဘာညာနဲ့ဝိုင်းပြောတော့ ဒီကောင်က ဘာမိုက်ရိုင်းလို့လဲ ဒါအမှန်ပဲတဲ့ ငါ့စိတ်ထဲမှာ အန်းလီနဲ့အီဗာကို အမြဲကျေးဇူးတင်နေမိတယ်။ ဘာလို့လဲဆိုတော့ ဒီဂွမ်းထုပ်တွေဟာ မြန်မာအမျိုးသမီးများရဲ့ ဘဝကိုခေတ်တစ်ခုအရွေ့သို့ပြောင်းလဲစေနိုင်ခဲ့တယ်။ ဒီ အန်းလီနဲ့အီဗာမရောက်ခင်ကဆိုရင် မြန်မာမျိုးသမီးတွေဟာ ဓမ္မတာလာတဲ့ရက်ဆိုရင် အိမ်တွင်းပုန်းရ၊ ထမီစုတ် ခါးတောင်းကျိုက်ရနဲ့ ကျန်းမာရေးအရရော၊ စိတ်လုံခြုံမှုအရပါ ဒုက္ခရောက်ခဲ့ရတယ်။ ထက်ထက်မိုးဦးရဲ့ “ရာသီတိုင်းမှာအန်းလီပါ” ဆိုတဲ့ကြော်ငြာဟာတောရောမြို့ပါပျံ့နှံ့ပြီးနောက်ပိုင်းမှာ မြန်မာအမျိုးသမီးထုဟာ ဒါတွေကိုသုံးရကောင်းမှန်းသိလာပြီး သူတို့ရဲ့ ကျန်းမာရေးနဲ့စိတ်လုံခြုံမှုကို လုံးဝပြောင်းလဲမြှင့်တင်ပေး နိုင်ခဲ့တယ် ၊ ဒါကြောင့် ငါဟာ ဒါတွေကို မြန်မာနိုင်ငံရဲ့ ကျေးဇူးရှင်တွေဆိုပြီး ကျေးဇူးအထူးတင်နေမိတယ် ဘာငြင်းစရာရှိသေးလဲတဲ့။ ကဲဗျာ အဲ့လိုကောင်ပါဆိုနေ။ သူ့ရဲ့နောက်တစ်ခုထူးခြားမှုက စားသောက်ဆိုင်နေရာထိုင်ခင်း ရွေးတာပဲ။ ကျွန်တော်တို့ပုံမှန်လူကောင်းတွေဆိုရင် ဆိုင်တစ်ဆိုင်ရောက်ရင် လွတ်တဲ့နေရာဝင်ထိုင် ပြီးရင်မှာစား ဒါပဲမဟုတ်လား၊ အဲ အောင်ကြီး ကတော့ ဒီလိုမဟုတ်ဘူးဗျ။ စားသောက်ဆိုင် တစ်ဆိုင်ရောက်ရင် အပြင်ဘက်ကနေ နေရာထိုင်ခင်းကိုသေချာကြည့်တယ်။ ဟိုအပင်လေးအောက်တို့ ဒီထောင့်က ဝိုင်းမှာမှထိုင်ချင်တာတို့လုပ်တယ်။ အဲလောက်အထိက သည်းခံလို့ရသေးတယ်။ ဆိုးတာက သူထိုင်ချင်တဲ့ ဝိုင်းနေရကမလွတ်လို့ တစ်ခြားနေရာထိုင်ရပြီဆိုရင် ၊ သူထိုင်ချင်တဲ့ဝိုင်းကို မျက်ခြေမပြတ် စောင့်ကြည့်နေတာ၊ အဲ့ဒီဝိုင်းက လူတွေထပြီ ဆိုတာနဲ့ ဟာငါလူတို့ထထ၊ ဝိုင်းမြန်မြန်ပြောင်းရအောင်ဆိုပြီး လုပ်ပါလေရော၊ ကျန်တဲ့လူတွေက စားရင်းတန်းလန်းပန်းကန်တွေမပြီးနေရာရွှေ့ရနဲ့ တော်တော်ဒုက္ခရောက်ရပါတယ်။ တစ်ခါနှစ်ခါလည်းမဟုတ် အမြဲတမ်းဖြစ်နေတော့ ကျွန်တော်တို့တွေက လအောင်ကြီး မင်းကြိုက်တဲ့နေရာ၊ခုံမရမခြင်းတို့စောင့်နေမယ်၊ စားနေရင်းတန်းလန်းနဲ့တော့ လုံးဝထမပေးနိုင်ဘူး ဆိုပြီး ဥပဒေကဲ့သို့အာဏာတည်သောအမိန့်တွေ ဘာတွေပြဌာန်းရတော့တယ်။ ဒီကောင် ကျောင်းသားဘဝက ဒါမျိုးမဟုတ်ဘူးဗျ။ စာရေးဆရာ မြင့်သန်းရေးတဲ့ (ဟိမဝန္တာတောင်ခြေက စမ်းချောင်းလေးနံဘေးမှာ လေချွန်ချင်တယ် ) ဆိုလားဘာလားဗျာ အဲ့ဒိဆောင်းပါးဖတ်ပြီး နေရာထိုင်ခင်းအရေးကြီးပုံကို ဥာဏ်အလင်းပွင့်သွားတယ်ပြောတာပဲ ။ ကျွန်တော်တို့ကတော့ ဒီကောင် လူပျိုကြီးမိုလို့တစ်ဖြည်းဖြည်းဇီဇာကြောင်လာတယ် ထင်တာပဲ။ ဒါကတော့ လအောင်ကြီးအကြောင့် မိတ်ဆက်လေးပေါ့၊ အခုအဲ့ဒီ လအောင်ကြီး အဓိကပါဝင်တဲ့ (လမ်းဘေးအစားအစာနှင့်အောင်ကြီးပါဝင်မှုရာခိုင်နှုန်း) ဆိုတာလေးဆက်လိုက်ကြဦးစို့။
ထိုကဲ့သို့ထူးခြားဆန်းပြားသောအတွေးအခေါ်ပိုင်ရှင် အနှီပုဂ္ဂိုလ်ကျော်ကြီးနှင့် ကျွန်တော်တို့အဖွဲ့သည် တစ်ခုသော မိုးတွင်းကာလက ရန်ကုန်ရွှေမြို့တော်ကြီး ဆီသို့ချီတက်ခဲ့ကြပါသည်။ ရည်ရွယ်ချက်ကတော့ ရွှေတိဂုံဘုရားကြီးမဖူးရတာကြာလို့ သွားဖူးကြသည်ပေါ့၊ ရွှေတိဂုံဘုရားကြီးကလည်းဖူးရင်းဖူးရင်းနဲ့ ဖူးလို့မဝကြတာနဲ့ ရန်ကုန်မှာ ရက်ကြာကြာနေဖြစ်သွားတယ်။ ရန်ကုန်မှာ ကျွန်တော်တို့ ဒုက္ခအရောက်ဆုံးကတော့ စားရေးသောက်ရေးပါပဲ။ တစ်နေရာကနေတစ်နေရာကို သွားရလာရလည်းခက်ခဲတာကြောင့် လမ်းဘေးထမင်းဆိုင် ၊လက်ဘက်ရည်ဆိုင် စတာတွေမှာပဲ ကိစ္စပြီးကြရပါတယ်။ နဂိုကတည်းက နေရာထိုင်ခင်း ရွေးတဲ့ကောင်နဲ့ လမ်းဘေးဆိုင်တွေ တွေ့ကြတာပေါ့ဗျာ။ ကျွန်တော်တို့ကလည်း ဒီကောင်ကြီးမျက်နှာညိုမှာစိုးလို့ ဦစားပေးတဲ့အနေနဲ့ ငါလူမင်းကြိုက်တဲ့ဆိုင်မှာစားကွာ လို့ဦးစားပေးရတယ်ပေါ့။ အံမယ်အဲဒိတော့ မောင်မင်းကြီးသားက တစ်ခုကန်းတက်ပြန်ပါလေရော။ စားမယ့် ထမင်းဆိုင် ဒါမှမဟုတ် လက်ဘက်ရည်ဆိုင်ရှေ့ရောက်ရင် သူ့ တက်ဘလက်ဖုန်းကြီးထုတ်ပြီး တဒေါက်ဒေါက်နဲ့ တွက်ချက်ပြန်ပါလေရော။ ကျွန်တော်တို့ကလည်း သူစိတ်ချမ်းသာပြီးရောကွာဆိုပြီး အလိုလိုက်ပြီးစောင့်ပေးရပါတယ်။ဘာတွေတွက်နေတာလဲလို့ တော့မမေးလိုက်မိဘူး။ သူအားရအောင်တွက်ပြီးမှ ကြိုက်ရင် ok ဆိုပြီးဆိုင်ထဲ ဝင်ပါတယ်။ မကြိုက်ရင်နောက်တစ်ဆိုင်ပြောင်းရတာပေါ့။ တစ်နေ့တော့ မိုးတွေကရွာနေလို့ သူတွက်ချက်တာ မလုပ်ခင်ကျွန်တော်တို့က လက်ဘက်ရည်ဆိုင်တစ်ဆိုင်ထဲဝင်လိုက်ပါတယ်၊ ရန်ကုန်က လက်ဘက်ရည်ဆိုင်တော်တော်များများက ထမင်း၊ဟင်းပါတွဲရောင်းကြလို့ ထမင်းစားကြမလို့ပေါ့ ။ အားလုံးဆိုင်ထဲရောက်ပြီး ဟင်းမှာနေကြတုန်း ၊ အောင်ကြီးက သူ့တက်ဘလက်ဖုန်းကြီး ဖွင့်ပြီးတဒေါက်ဒေါက်တွက်ပြီး ဟာဟေ့ရောင်တွေတော်ပြီတော်ပြီမစားကြနဲ့တော့ဆိုပြီး မိုးရွာထဲထွက်ပြေးသွားပါတယ်။ ဆိုင်ရှင်ရော စားပွဲထိုးတွေက ပါ အူကြောင်ကြောင်ဖြစ်ကုန်တာပေါ့။ ကျန်တဲ့သူတွေလဲ ဆိုင်ရှင်ကိုတောင်းပန်ပြီး အပြင်လိုက်ထွက်ရပါတော့တယ်။ အပြင်ကြတော့ အားလုံးက ဒီကောင့်ကို ဝိုင်းငေါက်ကြ ၊မာန်မဲ ကြတာပေါ့။ ဟေ့ရောင်မင်းလုပ်တာ သရုပ်ပျက်လှချေလား၊ အကုန်လုံးလဲမိုးစိုကုန်ပြီဘာညာနဲ့ဝိုင်းပြောကြတော့ ။ သကောင့်သားက မျက်ရည်လေးစမ်းစမ်းနဲ့ ငါက မင်းတို့အတွက်ပါကွာ အခုတော့ စေတနာကနေဝေဒနာဖြစ်ကုန်ပြီ တဲ့။ ကဲငါ့လူစေတနာဆိုလည်းအားလုံးသဘောပေါက်အောင် သေချာရှင်းပြမှပေါ့၊ မင်းအခုတဒေါက်ဒေါက်နဲ့တွက်ချက်နေတာ ဘာလဲပြောစမ်းပါဦးဆိုတော့ ၊ ငါက မင်းတို့စားမယ့်အစားအသောက်ထဲမှာရှိတဲ့ ချီး (မစင်) ပါဝင်မှုရာခိုင်နှုန်းကို တွက်နေတာပါတဲ့။ ( စားတဲ့အစားအသောက်မှာပါဝင်တဲ့ မစင် ပါဝင်မှုနှုန်းပေါ့ဗျာ၊ သူရဲ့ မူရင်းစကားက ချီးလို့ သုံးနှုန်းထားလို့ မူရင်းကိုလေးစားတဲ့အနေနဲ့ စကားလုံးအသုံးအနှုန်းသေးနုပ်ပေမယ့် ချီးလို့ပဲဆက်လက်သုံးစွဲခွင့်ပြုပါ၊ ) အဲလိုချီးပါဝင်မှုရာခိုင်နှုန်းကို တွက်နေတာလို့ဆိုတော့၊ အားလုံးက ဟေ့ရောင် မင်းမိုက်ရိုင်းလှချေလား သူများစားတဲ့အစားအသောက်ထဲ ချီး ကဘယ်လိုလို့ပါမှာလဲဟဆိုတော့။ ပါတယ်ကွ ဒီမှာကြည့်ဆိုပြီး ခုနကဆိုင်ရဲ့ ချီးပါဝင်မှုရာခိုင်နှုန်းတော်တော်မြင့်နေတာကိုတွက်ပြပါ တယ်။ သူ့နည်းနဲ့သူတော့ဟုတ်နေတာပဲဗျ။
သူ့ရဲ့ ချီးပါဝင်မှုနှုန်းတွက်ချက်ပုံက ။ ကိုယ်တွက်ချင်တဲ့ဆိုင်မှာ -
၁ ။ ယင်ကောင် ဘယ်လောက်များသလဲ။ ယင်ကောင်ရန်က ဘယ်လိုကာကွယ်ထားလဲ။
၂။ လမ်းဘေးနဲ့ဘယ်လောက်ဝေးလဲ။
၃။ရေမြောင်းနဲ့ဘယ်လောက်ဝေးလဲ။
၎။ ရေမြောင်းရှိရင်အောက်မှာရှိတဲ့မြောင်းထဲကရေက စီးနေသလား၊ရေသေလား၊ ဗွက်ပုပ်ရေလား၊ ရေကြည်လား။
၅။ ပန်းကန်ဆေးတဲ့အခါမှာ water supply လုံလောက်လား။ ရေပိုက်ကနေဖွင့်ဆေးတာလား။ ဇလုံထဲရေထည့်ပြီးစိမ်ဆေးတာလား။
၆။ ဆိုင်ရှင်မှာ ၅နှစ်အောက်ကလေးငယ်တွေရှိလား။
၇။ စားပွဲထိုးတွေရဲ့လက်မှာ လက်သည်းရှည် ရှိမရှိ၊ ဂျီးရှိ၊ မရှိ၊
၈။ စားပွဲထိုးတွေရဲ့လက်မှာ ဝဲခြောက်၊ဝဲစိုရှိ ၊မရှိ။
၉။ စားသောက်ဆိုင်မှာရှိတဲ့ အိမ်သာနှင့် စားဖိုဆောင်အကွာအဝေး၊
၁၀။ ချက်ပြုတ်ကြော်လှော်နေသူများအိမ်သာတက်ပြီး လက်ဆေး၊မဆေး၊
စတာတွေအပါဝင်အချက်ပေါင်း ၄၀ လောက်နဲ့တွက်ရပါသတဲ့။
သူတွက်ပြတဲ့ဖော်မြူလာကတော့ ရှုပ်နေတာပဲ၊ Square Root တွေရောဘာတွေမှန်းကိုမသိဘူးနောက်ဆုံးတော့ % (ရာခိုင်နှုန်း)နဲ့အဖြေထွက်ပါတယ်။ အဲလိုတွက်ရခက်လို့ဆိုပြီး လအောင်ကြီးက တွက်ချက်တဲ့ Application တစ်ခုကို ကိုယ်တိုင်ရေးဆွဲပြီး သူ့ဖုန်းထဲမှာထည့်ထားတယ်။ အဲဒီ Application ကိုအသုံးပြုပြီး လိုအပ်တဲ့အချက်ထည့်တွက်လိုက် ရင်တော့ မိနစ်ပိုင်းအတွင်းမှာ မိမိစားမယ့် အစားအစာထဲမှ ‘ချီး’ ပါဝင်မှုရာခိုင်နှုန်းထွက်လာပါတယ်။ ဒီ App နာမည်က “Food and Feces” ပါတဲ့ အခုဒါကို စီးပွားဖြစ်ရောင်းမလို့ လုပ်နေပါတယ် ။ google ရဲ့ Play store အတွက် Android အခြေခံ App ကတော့ ရနေပြီ ။ Apple ရဲ့ App store မှာတင်မလို့ iOs အခြေခံရေးထားတဲ့ App ကသိပ်အဆင်မပြေသေးလို့နည်းနည်းကြာနေတာပါတဲ့။ ထွက်လာရင်အားပေးလိုက်ကြပါဦး။ ခင်တဲ့သူတွေတော့ ဇက်ပြားနဲ့ အလကားပေးကူးမတဲ့။
အဲဒီလိုသူတွက်ချက်ပြလိုက်တော့လည်း ဟုတ်တယ်ဗျ။ ကျွန်တော်တို့ စားတဲ့အစားအစာထဲမှာ ချီးပါဝင်မှု ရာခိုင်နှုန်းက အနည်းနဲ့အများတော့ ပါနေတယ်၊ရှောင်မရဘူး။
ဒီတော့ကျွန်တော်က ငါလူတို့ရာ တို့က တစ်ခါတစ်လေ လာတာပဲ ထမင်းစားတဲ့အခါလမ်းဘေး မစားတော့ပဲ။ ဟော်တယ်တို့ စားသောက်ဆိုင်ကြီးတို့ပဲ သွားစားကြရအောင်ဆိုတော့၊ ဒီကောင်က ‘ ဟ လမ်းဘေးဆိုင်က ဘယ်လိုချက်တယ် ဘယ်လိုအခြေအနေရှိတယ်ဆိုတာ ပွင့်လင်းမြင်သာမှုရှိတယ်။ ဟော်တယ်တွေ၊စားသောက်ဆိုင်တွေက နောက်ဖေးမီးဖိုချောင်မှာ ကြိတ်ချက်ကြတာ၊ ပွင့်လင်းမြင်သာမှုမရှိဘူး တော်ကြာ လမ်းဘေးအစားအစာ အဆင့်အတန်းကို ဟော်တယ်ဈေးပေးစားနေရရင် မောင်ညို နှစ်ခါနာ ဆိုသလိုဖြစ်နေပါ့မယ်။ ဒါကြောင့်လမ်ဘေးဆိုင်ပဲစားကြတာပေါ့လို့ အဆိုပြုပါတယ်။အားလုံးကလည်းသဘောတူပြီး လမ်းဘေးဆိုင်မှာဆက်စားကြပါတယ်။ ဒါပေမယ့် ဆိုင်ထဲဝင်ခါနီးတိုင်း ချီးပါဝင်မှုရာခိုင်နှုန်းကို သေချာတွက်ပြီးမှ ဝင်စားကြပါတယ်။ အဲ့ဒီမှာ ပြဿနာတစ်ခုက ကျွန်တော်တို့ အဖွဲ့မှာပါတဲ့ ညိုကြီးဆိုတဲ့ကောင်က အားနာတယ်ဆိုတာ သူ့ အဘိဓါန်မှာ မရှိလို့ကြေငြာထားတဲ့ကောင်။ ဒီကောင်က ဆိုင်ရှေ့ရောက်ပြီဆိုတာနဲ့ ဟေ့ရောင် အောင်ကြီး ဒီိဆိုင်က အစားအသောက်တွေမှာ ချီးပါဝင်မှုနှုန်း ဘယ်လောက်ရှိလည်းတွက်ပေးဦးဟနဲ့အော်ပါတယ်။ ဟိုကောင်ကလည်း သူ့App ကြီးဖွင့်ပြီး တဒေါက်ဒေါက်နဲ့တွက်ကရောဗျို့ ၊ ဆိုင်ရှင်ရော၊ဆိုင်ထဲမှာ စားနေတဲ့သူတွေကရော ဝိုင်းပြီး ဘုကြည့်ကြည့်ကြတာပေါ့။ အဲတော့ ငါ့လူတို့ဒီအတိုင်းဆိုရင်တော့မဖြစ်ချေတော့ဘူး လူရိုက်ခံရလိမ့်မယ်။ ချီးဆိုတဲ့ စကားလုံးနေရာမှာ အစားထိုး စကားဝှက်တစ်ခုသုံးကြရအောင်။ ဥပမာ ယင်ကောင်ကို ဟက်စကီး လို့ခေါ်သလိုပေါ့ကွာဆိုပြီး အားလုံးအစည်းအဝေးပွဲ ထိုင်ကြပါတယ်။ဒီ “ချီး” ဆိုတဲ့ စကားလုံကို စကားလုံးဖလှယ်အသုံးပြုရေးအစည်းအဝေးမှာ အားလုံးက တညီတညွတ်ထဲ ဆုံးဖြတ်လိုက်တာက ဒီလိုထူးခြားပြောင်မြောက်တဲ့ ကိစ္စကို စတင်ဖော်ထုတ်ခဲ့တဲ့သူက အောင်ကြီးဖြစ်တယ်၊ ဒါကြောင့်သူ့ကို အထူးဂုဏ်ပြုတဲ့အနေနဲ့ “ချီး”ဆိုတဲ့ စကားနေရာမှာ “ အောင်ကြီး” ဆိုတဲ့ စကားလုံးကို တိုက်ရိုက်ဖလှယ် အသုံးပြုမယ်ဆိုပြီး အားလုံးက သဘောတူလိုက်ကြပါတယ်။ အဲ့တော့မှ ချီးပါဝင်မှု ရာခိုင်နှုန်းဆိုတဲ့နေရာမှာ အောင်ကြီးပါဝင်မှုရာခိုင်နှုန်းလို့ ပြောင်းလဲအသုံးပြုပြီးအဆင်ပြေသွားပါတော့တယ်။ ကျွန်တော်တို့လည်း ရန်ကုန်မှာ နေတဲ့တစ်လျှောက်လုံး အောင်ကြီးပါဝင်မှု ရာခိုင်နှုန်း အနည်းဆုံးဆိုင်တွေမှာ ရွေးချယ် စားသောက်ခဲ့ကြလို့ တစ်ဦးတစ်ယောက်မှ ဝမ်းလျှော၊ ဝမ်းပျက် မဖြစ်ကြပဲ စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ ရွှေတိဂုံ ဘုရားကြီးကို အဝဖူးပြီးပြန်ခဲ့ကြပါတော့တယ်။

တကယ်တော့ မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့စားသုံးသူတွေ ရဲ့ ဘဝဟာ အလွန်သနားစရာကောင်းပါတယ်။ရောင်းချသူတွေလုပ်သမျှ ခံကြရတာပါ။စားသုံးသူကာကွယ်ရေးဥပဒေဆိုတာလဲ စာရွက်ပေါ်မှာသာရှိတာပါ ။အပြင်မှာလက်တွေ့ကျယ်ကျယ်ပြန့်ပြန့် မကာကွယ်နိုင်သေးပါဘူး။
ဒါကြောင့်စားသောက်ကုန်ရောင်းချသူများကို တစ်ခုမေတ္တာရပ်ခံချင်တာက ရွေးချယ်ခွင့်မရှိတဲ့ ကျွန်တော်တို့စားသုံးသူတွေရဲ့ဘဝကို သနားပါဦး။
သနားငဲ့ညှာသောအားဖြင့် မိမိတို့ရောင်းချသည့်စားသောကုန်များကို အောင်ကြီးပါဝင်မှုနှုန်း အနိမ့်ဆုံးဖြစ်အောင် စီမံပေးကြပါခင်ဗျာ။
စားသုံးသူ မိဘပြည်သူများအနေဖြင့်လည်း မိမိတို့စားသောက်မည့် အစားအစာထဲမှာ ချီး ပါဝင်မှုနှုန်း အဲလေ အောင်ကြီးပါဝင်မှု ရာခိုင်နှုန်း ကိုသေချာတွက်ချက်ပြီး ပါဝင်မှု အနိမ့်ဆုံးဆိုင်မှာစားကြပါ။
အောင်ကြီးပါဝင်မှုနှုန်း ရာနှုန်ပြည့် ဆိုတာကြီးတော့ မစားကြနဲ့ပေါ့ခင်ဗျာ ဟဲဟဲ။

လူသားအားလုံး အောင်ကြီးပါဝင်မှုရာခိုင်နှုန်း အနိမ့်ဆုံးအစားအစာများကိုရွေးချယ်စားသောက်နိုင်ကြ ပါစေ။
မောင်သန့်အင်း
၉ / ၁ / ၂၀၁၇
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)