ဝန်ကြီးချုပ်တွေ လူလုံးပြကြပါဦး - လက်စောင်းထက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်တာ တစ်နှစ်နီးပါး ရှိလာပါပြီ။ လက်ချိုးရေတွက်လို့ရတဲ့ အနည်းစုသော ၀န်ကြီးချုပ်တွေကလွဲရင် ကျန်ဝန်ကြီးချုပ်တွေ ပျောက်နေပါတယ်။ ဒါကြောင့် ပထမဆုံးအနေနဲ့ စာဖတ်သူတွေကို မေးခွန်းလေးတစ်ခု မေးခွင့်ပြုပါ။ စာဖတ်သူများအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ် ၁၄ ဦးရဲ့အမည်ကို သိပါရဲ့လား။ ၁၄ ဦး စလုံးနာမည်ကို သိရင်ဖြင့် အမှတ်ပြည့်နဲ့ အောင်ပါတယ်။ လက်စောင်းထက်ကတော့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ကွီးဖြိုးကို သိပါတယ်။ သူ့ရဲ့ လှုပ်လှုပ်ရှားရှား ဆောင်ရွက်ချက်တွေကြောင့် စာရေးသူသာမက တစ်နိုင်ငံလုံးက သိကြမယ်လို့ ယုံကြည်ပါတယ်။

ဒုတိယတစ်ယောက်ကတော့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို သိပါတယ်။ တူမောရိုးဂျာနယ်မှာ သူ့သတင်းတွေ အမြဲပါတယ်။ ပွဲလမ်းသဘင်တွေမှာ ကတ်ကြေးဖြတ် ဖွင့်လှစ်ပေးလို့ မန္တလေးမီဒီယာများကတော့ ထက်ဇော်လို့ အမည်ပေးထားတယ်လို့ ဆိုရှယ်မီဒီယာမှာ ဖတ်လိုက်ရပါတယ်။ သူ့သားကတော့ အဲဒီလိုပြောလို့ မချိတင်ကဲ ဖြစ်နေတာလည်း ဖတ်လိုက်ရပါတယ်။ တတိယ တစ်ယောက်ကတော့ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော် ဖြစ်ပါတယ်။ သူကတော့ အပြုံးအရယ်မရှိနဲ့ လမ်းတွေကို စစ်ဆေးရတာ ၀ါသနာပါပုံရပါတယ်။ ဟိုနားဖောက်စစ်၊ ဒီနားဖောက်စစ်နဲ့မို့ သတိထားမိတာ ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးပါ။ သူ့ကိုတော့ ပါတီက အရေးယူမယ်ဆိုပြီး ဆိုရှယ်မီဒီယာတွေမှာတက်လာလို့ သိတာဖြစ်ပါတယ်။ နောက်ဆုံးသိတဲ့ တစ်ယောက်ကတော့ မိုးပျံလမ်းတွေ ဖောက်မယ်လို့ ပြောတတ်သူ၊ ဘောလုံးကို ခုအချိန်ထိကန်နေသူ၊ မကြာခင်က ကားတိုက်ခံရပြီး ဆေးရုံရောက်လာသူ ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီပါ။ ဒီငါးယောက်ကလွဲရင် လက်စောင်းထက် ကျန်တဲ့ဝန်ကြီး ချုပ်နာမည်တွေကို မသိပါဘူး။

စာမေးပွဲလို အမှတ်ပေးရင်တော့ ၁၄ မှတ်မှာ ၅ မှတ်ပဲရလို့ကျပြီပေါ့။ ဒါပေမဲ့ ၀န်ကြီးချုပ်တွေကိုယ်တိုင်က လူလုံးမှမပြကြတာ ဘယ်လိုလုပ်သိမှာလဲဗျာ။ အခုဆိုရင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ စစ်ပွဲတွေ ဖြစ်နေတယ်။ အရပ်သားတွေနဲ့ ကျောင်းဆရာတွေအပါအ၀င် အစိုးရ၀န်ထမ်းတွေ အသတ်ခံနေရတယ်။ ဘယ်မလဲ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ ဘာသံမှမထွက်ဘူး။ အရင်ခေတ်ကလို ဆိတ်ဆိတ်နေ ထောင်တန်တယ်ဆိုပြီး တန်ဖိုးရှိအောင်နေတာတော့ ဟုတ်မယ်မထင်ဘူး။ ကိုယ်အုပ်ချုပ်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးကောင်းစားအောင်၊ တိုးတက်အောင် ကြံဆောင်လိုစိတ်မရှိတာလား၊ ကြံဆောင်ဖို့ အရည်အသွေး မရှိတာလားဆိုတာ စဉ်းစားဖို့လိုလာပါပြီ။ ပြည်သူတွေသိသလို အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း သိလာတဲ့အတွက် အစိုးရအဖွဲ့ဝင်တွေနဲ့ အမတ်တွေရဲ့ စွမ်းဆောင်ရည်ကို လေ့လာစိစစ်မယ့် အဖွဲ့တောင် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် ဦးဆောင်လို့ ဖွဲ့လိုက်ပါပြီ။

ဒီတော့ ၀န်ကြီးချုပ်တွေအနေနဲ့ ပြီးခဲ့တဲ့ ကိုးလတာကာလလို ငြိမ်နေလို့ မရတော့ပါဘူး။ ပြည်ထောင်စု အစိုးရကချပေးတဲ့ ဘတ်ဂျက်ကို မျှော်ပြီးမှ ကိုယ့်ဒေသကို လုပ်ပေးမယ်ဆိုတဲ့ အတွေးတွေအစား ကိုယ့်ဒေသအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ကိုယ့်အစိုးရအဖွဲ့က ရှာရမှာဖြစ်ပါတယ်။ ကိုယ့်ဒေသအတွက် ဘဏ္ဍာငွေရနိုင်မယ့် အခွင့်အလမ်းတွေကို ရှာရမှာဖြစ်ပါတယ်။ စာရေးသူမြင်တာကတော့ ဒီလိုစီးပွားရေးသမားတွေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေနဲ့ နီးနီးကပ်ကပ်ဆက်ဆံရင် အထက်အမြင်များ စောင်းသွားမလားဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိနေပုံရကြပါတယ်။ ကိုယ့်ဒေသ တိုးတက်အောင်လုပ်နေချိန်မှာ ကိုယ်ကမှန်နေရင် ဘယ်သူမှအပြစ် မပြောပါဘူး။ ဘာလို့လဲဆိုတော့ အခုအစိုးရဟာ ပြည်သူတွေလက် သန်းနဲ့ရွေးခဲ့တဲ့ အစိုးရဖြစ်နေလို့ပါ။ အနီးကပ်ဆုံးနမူနာပြရရင် မထသကိုဖျက်ပြီး YBS နဲ့ အစားထိုးတဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ရဲ့ ပြုပြင်ပြောင်းလဲမှုဟာ စေတနာပါပေမယ့် စီမံခန့်ခွဲမှု မပြည့်စုံလို့ ခရီးသွားပြည်သူတွေ အခက်အခဲ အများကြီးပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်စိတ်ရင်း စေတနာနဲ့ ဂျပန်နိုင်ငံ JICA ရဲ့ စီမံကိန်းကို အကောင်အထည်ဖော်တာဖြစ်လို့ ပြည်သူတွေက အပြစ်ဆိုမယ့်အစား တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းကူညီတာ သာဓကပါပဲ။ ဒီအချိန်မှာ ဗော်လန်တီယာတွေ၊ အခမဲ့ဘတ်စ်ကား ၀င်ပြေးဆွဲသူတွေသာမရှိရင် ပြဿနာအကြီးကြီး တက်သွားနိုင်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ ဒီလိုပြုပြင် ပြောင်းလဲခြင်းကရလာမယ့် ရေရှည်အကျိုးကိုမြင်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ကို ဘယ်သူမှ အပြစ်မပြောကြတာ ဖြစ်ပါတယ်။

ဒါကိုနမူနာယူပြီး သက်ဆိုင်ရာ ဒေသအသီးသီးက ၀န်ကြီးချုပ်တွေအနေနဲ့ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်စေဖို့ အလုပ်လုပ်ဖို့ အချိန်ကျနေပါပြီ။ လက်စောင်းထက်ကတော့ ရှာဖွေထားသမျှ ၀န်ကြီးချုပ်တွေအကြောင်း ဒီနေရာကနေ ရေးပြချင်ပါတယ်။ ၀န်ကြီးချုပ် ၁၄ ဦးမှာ အမျိုးသား ၁၂ ဦး၊ အမျိုး သမီး ၂ ဦး ပါဝင်ပါတယ်။ အဲဒီအထဲမှာမှ ဆရာဝန်က ခြောက်ဦး၊ အင်ဂျင်နီယာက နှစ်ဦး၊ ပညာရေး ဘွဲ့ရကနှစ်ဦး၊ ဥပဒေဘွဲ့ရကနှစ်ဦးနဲ့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် တက္ကသိုလ်တက်ခဲ့ပေမယ့် ကျောင်းပြီးအောင် ပညာသင်ခွင့်မရသူ နှစ်ဦးဖြစ်ပါတယ်။ အသက်အကြီးဆုံး ၀န်ကြီးချုပ်က ဧရာဝတီတိုင်း ဒေသကြီးကဖြစ်ပြီး အသက် ၇၄ နှစ် ဖြစ်ပါတယ်။ ဒုတိယအသက် အကြီးဆုံးကတော့ ကချင်ပြည်နယ် ၀န်ကြီးချုပ်ဖြစ်ပြီး အသက် ၇၀ ဖြစ်ပါတယ်။ အငယ်ဆုံးက ကယားပြည်နယ်ဖြစ်ပြီး ၃၇ နှစ် ဖြစ်ပါတယ်။ ဒီအချက်အလက်တွေတောင် မနည်းရှာယူမှရပါတယ်။ ဒါကြောင့် ၀န်ကြီးချုပ်တွေအနေနဲ့ လူမသိသူမသိ မလုပ်မရှုပ်မပြုတ် နေမယ့်အစား ကိုယ်အုပ်ချုပ်တဲ့ဒေသ တိုးတက်အောင် အလုပ်တွေလုပ်လို့ ပြည်သူတွေရှေ့ကို လူလုံးထွက်ပြဖို့ အချိန်တန်ပြီဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။
လက်စောင်းထက်
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)