Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 25, 2017

ဗိုလ်မှူးအောင်ပြောပြသော ဗိုလ်နေ၀င်း

 ဗိုလ်မှူးအောင်ပြောပြခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်းခေါ် သခင်ရှုမောင်၏ သခင်ဘဝအစိတ်အပိုင်း အချို့ကို သခင်သိန်းဖေက ပြန်လည်ပြောပြရာတွင် အခြားသမိုင်းမှတ်တမ်းများ၌ မတွေ့ရသေးသော အချက်အလက်အသစ်များ ပါဝင်ပါသည်။ သို့သော် တွေးဆဖွယ်ကောင်းသောအချက်များအဖြစ် သခင် သိန်းဖေက ပြောပြပါသည်။

“ဗိုလ်မှူးအောင်က ဗိုလ်နေဝင်းအကြောင်းပြောတော့ .....

အဲဒီအချိန်မှာ ဗိုလ်နေဝင်းက သခင်ထွန်းအုပ်ရဲ့ အိမ်ကိုသွားတယ်။ ဘာလို့လာတာလဲဆိုတော့ မြင်းလောင်းဖို့ ပိုက်ဆံမရှိလို့ဆိုတော့ သခင်ထွန်းအုပ်က ငွေနှစ်ရာသူ့ကို ပေးလိုက်တယ်။ သခင်ထွန်းအုပ်ကပြောတယ်။ ဗိုလ်နေဝင်း. ကျုပ် ဂျပန်နဲ့ တွေ့ဖို့ရှိ တယ်။ ကြည့်မြင်တိုင်က သခင်ဗိုလ်အိမ်မှာ။ ဂျပန်နဲ့ တွေ့ချင်ရင် သခင်တွေကို တွေ့ပြီးတော့ သူတို့နဲ့ ပြောဆိုတော့ .....

ဗိုလ်နေဝင်းက သူ့ဆီကမြင်းလောင်းဖို့ ပိုက်ဆံယူပြီးတော့ အဲဒီအိမ်ကိုသွားတာ။ ဟိုကျတော့ ညနေလေးနာရီကို ဆူးလေဘုရားလမ်းက မြန်မာအဆွေတိုက်ရှိတယ်။ အဲဒီတိုက်မှာ ဟိုတုန်းက ဆူးလေဘုရားလမ်းမှာ ကုန်းတံတားရှိသေးတယ်လေ။ အဲဒီတံတားထိပ်မှာ ငှက်ပျောသီးနှစ်ဖီးကိုကိုင်ပြီးစောင့်နေ။ ညနေကျရင် ဂျပန်တွေလာပြီး မင်းခေါ်လိမ့်မယ်ဆိုပြီး လွှတ်လိုက်တာ။

ဗိုလ်နေဝင်းက မြင်းလောင်းဖို့ ပိုက်ဆံမရှိလို့ ပိုက်ဆံသွားရှာတဲ့အချိန်မှာ ..... သခင်ထွန်းအုပ်က ပိုက်ဆံပေးပြီးတော့ ..... အင်္ကျီအဖြူ၊ ဘောင်းဘီအဖြူဝတ် ပြီး မြန်မာအဆွေတိုက်မှာ ငှက်ပျောသီးနှစ်ဖီးကိုင်ပြီးရပ်နေတဲ့ ဗိုလ်နေဝင်းကို ဂျပန်တွေကတွေ့တော့ ခေါ်ပြီး တင်သွားတာ။ သူက ဂျပန်နှစ်ယောက်ကြားထဲမှာ အရပ်ကရှည်တော့ ဂျပန်တယောက်က ဦးထုပ်ချွတ်ပြီး သူ့ကို ဆောင်းပေး တယ်။

သင်္ဘောပေါ်ကျတော့ ဒီ့ပြင်လူတွေက ကျောက်ကြိုးက ဆွဲတက်ရတယ်။ ပဲ့က တက်ရတယ်။ သူကတော့ ဂျပန်နဲ့ဆိုတော့ ရှောရှောရှုရှု ပါသွားတာ။ ကုန်းဘောင်ကနေ တက်ရတာ။

ဗိုလ်မှူးအောင်တို့က အရင်ရောက်နေတာကိုး။ သူကနောက်မှရောက်လာတော့ ဗိုလ်မှူးအောင်က အတွင်းကနေတယောက်ကို လှမ်းပြီး မေးတယ်။ ဘယ်သူလဲဟေ့ လို့ တယောက်ကိုလှမ်းမေးတော့ သူက သခင်ရှုမောင်လို့ ပြောတာ။ သူသခင်ဖြစ်တာ သင်္ဘောပေါ်ကျမှဖြစ်တာ။ အဲ့ဒါ ဗိုလ်မှူးအောင်က ပြောတာ။”

“ဖဆပလခေတ်မှာအဖမ်းခံရတာ။ အန်ကယ်ကကင်းဘဲလမ်းဂါတ်တဲမှာပဲ။ အဲဒီကင်းဘဲလမ်းကပဲ ဗိုလ်ဇေယျ တောခိုသွားတာ။ အဲဒီညက အန်ကယ်ကထမင်းကျွေးတယ်။

ဗိုလ်နေဝင်းနဲ့ ဗိုလ်ဇေယျက မြင်း တယောက်တကောင်စီကိုင်ထားပြီး မြင်းလောင်းပြီးတော့ အိမ်မှာ ထမင်းလာစားတယ်။ မြင်းတကောင်စီ ရှိတဲ့ လူက ထရစ်ပယ်မတိုက်ဘူး။ အန်ကယ်က ဘေးကလူက ထရစ်ပယ်တိုက်တယ်။ သူတို့က ခင်ဗျား ဘယ်လိုလုပ် တစ်ပ်ရလဲတဲ့ ။ တစ်ပ်စာအုပ်တွေထဲက စံချိန်အကောင်းဆုံးဟာကို ရွေးထိုးတာလို့ ပြော လိုက်တာ။

အဲဒီည စားသောက်ပြီးတော့ ဗိုလ်ဇေယျက နောက်နေ့မနက် တောခိုတာပဲ။ ဗိုလ်နေဝင်းက လိုက်မယ်လို့ပြောတာ။

မနက်ကျတော့ ဗိုလ်နေဝင်းကို သွားခေါ်တဲ့ လူတွေ ခုထိရှိသေးတယ်။ ဆာဂျင်ကျော်ဟန်နဲ့ ဇော်ဝင်းဆိုတာ။

ထမင်းစားပွဲမှာ ဗိုလ်နေဝင်းက ဗိုလ်ဇေယျကို တောခိုမယ်လို့ ကတိပေး သွားတယ်။ အန်ကယ်က ဗိုလ်ဇေယျကို ဟေ့လူ ခင်ဗျားလူ လိုက်ပါ့မလားလို့ ခဏခဏပြောတော့ လိုက်မှာ ပါလို့ ပြောတာ။ ကျွန်တော်က မယုံလို့မေးတာ။

ဆာဂျင်နှစ်ယောက်က မင်္ဂလာဒုံမှာသွားခေါ်တော့ ဗိုလ်နေဝင်းက သူတို့ကို လှေကားထစ်ကနေ ကန်ချတာ။ လိုက်မသွားဘူး။ အဲဒါနဲ့ မိုးလင်းတော့ ဆာဂျင်နှစ်ယောက်လည်း ထွက်ပြေးခဲ့ရရော။

ဗိုလ်ဇေယျတောထဲမှာ ပစ်သတ်ခံရတာကလည်း ဗိုလ်နေဝင်း လွှတ်လိုက်တဲ့လူက နောက်ကနေ ပစ်သတ်တာလို့ ကြားရတာတွေ ရှိတယ်။”

သခင်သိန်းဖေ (သို့မဟုတ်) ၁၁ မီး ငြိမ်းစေလိုသူ – အပိုင်း(၂)
ထွန်းဝင်းငြိမ်း (ပြည်သူ့အရေး ဂျာနယ်) မိုးမခ၊ နိုဝင်ဘာ ၁၃၊ ၂၀၁၆







No comments:

Post a Comment