30-Nov-2016
တကယ်တော့ လေနဲ့ဝမ်း ကွဲတယ်ဆိုတဲ့စကားက ဆေးပညာနဲ့ပတ် သက်ပါတယ်။ အထူးသဖြင့် အစားအသောက်မှားလို့၊ အစာအိမ် မအီမလည်ဖြစ်တဲ့အခါ အစာအိမ်အတွင်း လေသောင်းကျန်းပြီး ပြဿနာ ပေါ်တဲ့အတွက်ဖြစ်လာတဲ့ ဝေဒနာပေါ့။ အဲဒီတော့ ကာယကံရှင်က လေလည် တဲ့အခါ ၀မ်းပါရောပြီး ပါလာတဲ့အဖြစ်ကို လေနဲ့ဝမ်း မကွဲဘူးလို့ ဆိုလိုတာပါ။
အခုတစ်လော ရေးရေးနေတဲ့ ဆောင်းပါးတွေ၊ ပြောနေတဲ့ ရေဒီယို/တီဗီ အင်တာဗျူးတွေမှာ အကြောင်းအရာတွေ ရောထွေး၊ သဘောထားတွေ ရှုပ်ယှက်ခတ်နေတဲ့ ကိစ္စတွေ တွေ့ကြုံ ကြားနေရတော့ 'သြော်... ဒီလူတွေ နိုင်ငံရေး လေနဲ့ဝမ်းနဲ့ မကွဲတာမျိုးတွေ ဖြစ်နေပါရောလား' လို့ တွေးမိတဲ့အတွက် ဒီဆောင်းပါးကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။
ဘာတဲ့။ အုပ်ချုပ်ရေးမှာ ပါတီက ၀င်မစွက်ရဘူးဆိုပါလား၊ ဒီလိုအပြောတွေ ခဏခဏ ကြားနေ၊ တွေ့နေရတဲ့အခါ ရုတ်တရက်ဆိုရင် မှန်သလိုလို တော့ရှိသား။ ဒါပေမဲ့ သေသေချာချာ မစဉ်းစားတဲ့လူတွေရဲ့ အပြောလား၊ နိုင်ငံရေးကို ဟုတ်သယောင်ယောင်နဲ့ ငါပြောတာကို နားထောင်ကြစေ သားဆိုတဲ့ အတွေးနဲ့ ပြောနေကြတာလား၊ ဒါမှမဟုတ် ဆောင်းပါးရေးစရာ ကုန်ကြမ်း ဟုတ်တိပတ်တိ မရှိလို့ ရှာကြံရေးနေကြတာလား စဉ်းစားစရာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ပါတီကိစ္စ၊ အစိုးရကိစ္စ ရှင်းရှင်းလင်းလင်း သိမြင်ကြစေဖို့လိုပြီလို့ အရေးတကြီး တွေးလာရပါပြီ။ အထင်ရှားဆုံးဖြစ်ရပ်တွေကို ထောက်ပြပြီး တင်ပြချင်ပါတယ်။
ပထမဦးဆုံးဖြစ်ရပ်ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၅ ခုနှစ် အလယ်လောက်မှာ အရေးကြီးတဲ့ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့တာ မှတ်မိကြပါလိမ့်မယ်။ ဒါကတော့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပ မည်ဆိုတဲ့ ကြေညာချက်ပါ။ အဲဒီကြေညာချက်လည်းထွက်ရော ကျွန်တော်တို့ အဖွဲ့ချုပ်အပါအ၀င် တခြားပါတီအသီးသီးဟာ အဲဒီရွေးကောက်ပွဲကြီးမှာ ပါဝင်ဆင်နွှဲဖို့ စတင်အလုပ်ရှုပ်ကြပါတော့တယ်။ ကျွန်တော်တို့ အဖွဲ့ချုပ်ကလည်း ပထမဦးဆုံးသော ဆုံးဖြတ်ချက်က ဒီရွေးကောက်ပွဲကြီးမှာ အင်တိုက်အားတိုက် ပါဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပါပဲ။ အဲဒီမှာ အထူးထောက်ပြလိုတာက ဒီဆုံးဖြတ်ချက်ဟာ ပါတီက ဆုံးဖြတ်ချက် ဆိုတာပါပဲ။
ကောင်းပြီ။ အဲဒီဆုံးဖြတ်ချက်ပြီးတော့ တစ်နိုင်ငံလုံး ဘယ်နှမြို့နယ်မှာ ၀င်ပြိုင်မလဲ၊ ပြည်သူ/အမျိုးသား၊ တိုင်းဒေသကြီး/ပြည်နယ်တွေမှာ ဘယ်လို ၀င်ပြိုင်မလဲ၊ ၀င်ပြိုင်တဲ့အခါမှာ ဘယ်လိုမူတွေနဲ့ ကိုယ်စားလှယ်လောင်း ရွေးမလဲ စတဲ့ ကိစ္စရပ်တွေကို ဆက်တိုက်ဆက်တိုက် ဆွေးနွေး ညှိနှိုင်း ဆုံးဖြတ်ရပါတော့တယ်။ ဒါတွေကိုလည်း ပါတီကပဲ ဆုံးဖြတ်ရတာပါ။
အဲဒီမူ တွေချပြီးတော့ ကိုယ်စားလှယ်လောင်းတွေကို ဖိတ်ခေါ်ပါတယ်။ လျာထားသူနဲ့ အရန်တွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခေါ်တဲ့အခါ ခန့်မှန်းခြေ လေးထောင်ကျော်၊ ငါးထောင်နီးပါးလောက် အမည်စာရင်းတွေ ရပါတယ်။ အဲဒီထဲကမှ တစ်မြို့နယ်ကို လေးဦးနှုန်းနဲ့ မြို့ပေါင်း သုံးရာကျော်ဆိုတော့ ကိုယ်စားလှယ်လောင်း ၁၂၀၀ နီးပါးလောက်ကို ရွေးရပါတယ်။ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ အရွေးခံရတဲ့သူတွေက စိတ်တိုင်းမကျတာ တစ်မျိုး၊ အပယ်ခံရတဲ့သူတွေက လာပြီးဂျီကျတာ၊ ရန်တွေ့တာ တစ်ဖုံ၊ အဲဒီတုန်းကတော့ အောင်နိုင်ရေးအဖွဲ့ ရုံးဖွင့်ထားတဲ့ မြေနီကုန်းက ရုံးမှာတော့ ပွက်လောထလို့ပေါ့။
ဒီထဲမှာ သခွပ်ပင်က မီးတကျီကျီ ဆိုသလို ဒီကိုယ်စားလှယ်လောင်းတွေ ရွေးတဲ့အခါမှာ အုပ်စုဖွဲ့တာတို့၊ ဆရာမွေး၊ တပည့်မွေးတာတို့၊ လာဘ် ပေးလာဘ်ယူတို့ ပတ်သက်တယ်ဆိုပြီး နိုင်ငံရေးသုခမိန် အမည်ခံပုဂ္ဂိုလ် တချို့က ဆောင်းပါးတွေနဲ့ ဝေဖန်တိုက်ခိုက်တာတွေလည်း ခံခဲ့ရပါတယ်။ အဲဒီလိုရွေးချယ်မှုတွေ၊ ပြဿနာဖြေရှင်းမှုတွေကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ပါတီရဲ့ဖြေရှင်းမှုတွေနဲ့ ပြီးမြောက် ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒါတွေကို ပါတီကပဲ ဦးဆောင်ခဲ့တယ်ဆိုတာ သဘောပေါက်ကြပါ။
ဒါတွေပြီးပြန်တော့ အောင်နိုင်ရေးအဖွဲ့တွေ ဖွဲ့ပြီး မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို ထိုစဉ်က ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ပါတီကပဲ ဦးဆောင်ခဲ့တာပါ။ ကိုင်း...ရွေးကောက်ပွဲကြီး ပြီးပါပြီ။ အဖွဲ့ချုပ်ကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရှစ်ဆယ်ရာခိုင်နှုန်းနီးပါး ကိန်းဂဏန်း အရေအတွက်အားဖြင့် ကိုယ်စားလှယ် ၈၈၆ ဦး နိုင်ခဲ့တာပါ။
ကျွန်တော်တို့ သဘောမတူခဲ့သော်လည်း အောင့်သက်သက်နဲ့ လက်ခံခဲ့ရတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်တော်တို့က ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်တွေမှာပါ အစိုးရ အဖွဲ့ဖွဲ့ခွင့်ရပါပြီ။ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အစိုးရကနေ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အဖွဲ့ချုပ် အစိုးရကို တာဝန်လွှဲရပါတော့မယ်။ ဒီတော့ ဘာလုပ်ခဲ့ပါသလဲ မှတ်မိကြပါစ။
ကျွန်တော်ခေါင်းဆောင်ပြီး ဒေါက်တာမျိုးအောင်နဲ့ ဒေါက်တာအောင်သူတို့ ပါဝင်တဲ့ အစိုးရ တာဝန်လွှဲပြောင်းလက်ခံရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ ပါတယ်။ ဘယ်သူက ဖွဲ့ပေးတယ် ထင်ပါသလဲ။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ပါတီက ဖြစ်ပါတယ်ခင်ဗျာ။ အဲ့လို လွှဲပြောင်းလက်ခံတဲ့ လုပ်ငန်းတွေကို အကြိမ်ကြိမ် ဆွေးနွေးပြီးတော့ အစိုးရ ဖွဲ့ရပါတော့တယ်။ အစိုးရဖွဲ့တယ်ဆိုရာမှာလည်း သမ္မတ ဦးထင်ကျော်ကစပြီး ပြည်ထောင်စုအဆင့် ၀န်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုမှာ ၀န်ကြီးချုပ်နဲ့တကွ ၀န်ကြီးအဖွဲ့တွေ ရွေးချယ်ဖွဲ့စည်းတာတွေ၊ လွှတ်တော်အသီးသီးက ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးချယ်ဖွဲ့စည်းတာတွေ... အို...ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ ခင်ဗျာ။ ထပ်ပြောပါရစေ။ သမ္မတ ဦးထင်ကျော်မှစ၍ တိုင်းဒေသကြီး/ပြည်နယ်က ၀န်ကြီးတစ်ပါးအထိ ရွေးချယ်အတည်ပြုတာဟာ ပါတီကပဲ ဖြစ်ပါ တယ်ခင်ဗျာ။
ဒီဖြစ်ရပ်တွေကို လေ့လာဆန်းစစ်ကြည့်ရင် အစိုးရလုပ်ငန်း မှန်သမျှမှာ ပါတီကပဲ ဦးဆောင်တယ်ဆိုတဲ့ အချက်ကို တင်ပြချင်တာပါ။ ဒီဖြစ်ရပ် တွေကိုကြည့်ရင် "အစိုးရအလုပ်ကို ပါတီက ၀င်စွက်တယ်ဆိုတာ မဖြစ်သင့်ဘူး" ဆိုတဲ့ ဆရာကြီးများ သဘောပေါက်ကြမယ်လို့ ထင်ပါတယ်။ စွက်ဖက်ရုံတင်မက ဦးဆောင်ရမယ်လို့ ဆိုလိုတာပါ။
အချုပ်အားဖြင့်ပြောရရင်တော့ 'နိုင်ငံရေးလေနဲ့ဝမ်းနဲ့ ကွဲကြဖို့ပါ'။
ဦးဝင်းထိန်
The Voice
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, November 29, 2016
နိုင်ငံရေး လေနဲ့ဝမ်းနဲ့ ကွဲစေလို
Reviewed by MP4 YoU
on
November 29, 2016
Rating: 5
Reviewed by MP4 YoU
on
November 29, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment