Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 24, 2016

ရန်ကုန်မြို့၌ ညဈေးတန်း စတင်ဖွင့်လှစ်


ရန်ကုန် နိုဝင်ဘာ ၂၃

ရန်ကုန်မြို့တွင်း လေးမြို့နယ်ဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်တို့ရှိ ပျံကျလမ်းဘေးဈေးသည်များအား ကမ်းနားလမ်း ညဈေးတန်းသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး နိုဝင်ဘာ ၂၃ ရက် ညနေက စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ကမ်းနားလမ်း ညဈေးတန်းကို Pilot Projec အနေဖြင့် စတင်ဆောင်ရွက် သွားမည်ဖြစ်ပြီး နေရာအနေအထားအရ အစားအသောက်ရောင်း ချ သည့် ဈေးဆိုင်များ၊ သစ်သီးဆိုင်များကို ဦးစားပေးပြောင်းရွှေ့သွား မည်ဖြစ် ကာ ဈေးဆိုင်နေရာအား မဲနှိုက်ရွေးချယ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာဌာန ဌာနမှူး ဦးမောင်မောင်ဇော် က ပြောသည်။

''ဒီနေ့ညနေမှာ စည်စည်ကားကားနဲ့ ဖျော်ဖြေရေးတွေပါ ထည့်သွင်းပြီး ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ အစားအသောက်ဆိုင်တွေနဲ့ သစ်သီး ဆိုင်တွေကို အဓိကနေရာ ပေးခဲ့ပါတယ်။ စနစ်တကျ အမှိုက်စွန့်ပစ် တာတွေနဲ့ ရေရှည်ကောင်းမွန်တဲ့ ညဈေး အဖြစ် မျှော်မှန်းထားပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြို့တွင်းမြို့နယ် ၄ မြို့နယ်ရှိ ပျံကျလမ်းဘေးဈေးသည်များကို နိုဝင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် စတင်ပြောင်းရွှေ့ဖွင့်လှစ်စေခြင်းဖြစ်ပြီး တစ်ပတ်အတွင်း ပြောင်းရွှေ့နိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်စေ မည်ဟု သိရသည်။ ဈေးဆိုင်များ ပြောင်းရွှေ့မှုမတိုင်မီတွင် ရောင်းချသူအမည်၊ ဓာတ်ပုံနှင့် ရောင်းချမည့်ကုန်စည်တို့ကို စနစ်တကျ သက်သေခံ လက်မှတ်ပြုလုပ်ပေး မည်ဖြစ်ပြီး ကတ်ပြားအတု၊ လက်လွှဲရောင်းချခြင်းများ မပြုလုပ်နိုင်ရန် လုံခြုံရေးစနစ် ထည့်သွင်းထားကာ စစ်ဆေးဆောင် ရွက်ထားကြောင်း သိရသည်။

ရန်ကုန်မြို့တွင်းရှိ ပျံကျလမ်းဘေးဈေးသည်များကို ယခုနှစ် ဇူလိုင်လအတွင်း ကြိုတင်ကောက်ခံခဲ့ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် စနစ်တကျ မှတ်ပုံတင်ခဲ့ရာ အဆိုပါ ၄ မြို့နယ်အတွင်း လမ်းဘေးဈေးသည်စုစုပေါင်း ၆ဝ၄၁ ဦးရှိပြီး ယင်းအနက် ကမ်းနားလမ်း ညဈေတန်းသို့ ဈေးသည် ၁၆ဝဝ ကျော်ခန့်ကို ပြောင်းရွှေ့နေရာချထားပေးခဲ့ခြင်း ဖြစ်သည်။ ကျန်ဈေးသည်များ အနေဖြင့်လည်း မြို့တွင်းလမ်းမကြီး ၁၁ လမ်းပေါ်တွင် ရောင်းချခွင့်မရှိတော့ဘဲ လမ်းသွယ်များနှင့် နံပါတ်တပ်ထားသော လမ်းများတွင် သတ်မှတ်ချိန်အတိုင်း စနစ်တကျ ရောင်းချရမည်ဟုသိရသည်။

ကမ်းနားလမ်း ညဈေးတန်းဧရိယာအဖြစ် ကမ်းနားလမ်း တစ်လျှောက် အောင်ရတနာလမ်းမှ ပန်းဆိုးတန်းလမ်း အထိ၊ ကျောက် တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံလမ်း (မဟာဗန္ဓုလနှင့် ကမ်းနားလမ်းကြား) တွင် သတ်မှတ်ထားကြောင်း သိရသည်။

ညဈေးတန်းပြုလုပ်မည့် ကမ်းနားလမ်းတိုးချဲ့ဧရိယာတွင် ညဈေးတန်းဖွင့် လှစ်နိုင်ရေးအတွက် ၈ ပေ ပတ်လည်၊ ၆ ပေ ပတ်လည်၊ ၄x၈ ပေ ဆိုင်ခန်းနေရာ သတ်မှတ်ခြင်း၊ ဈေးဆိုင်ခန်းများအတွက် ရေ၊ လျှပ်စစ်မီး သွယ်တန်းပေးခြင်း၊ လုံခြုံရေးဆိုင်ရာအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်ခြင်း၊ အမှိုက်စွန့်ပစ်စနစ်အတွက် ဆောင်ရွက်ခြင်း၊ သန့်စင်ခန်းများ အသစ်စီစဉ်ပေး ခြင်းတို့အပါအဝင် စနစ်တကျ ရောင်းချနိုင်ရေးအတွက် အခြေခံလိုအပ်ချက်များကို ငွေကြေးသုံးစွဲကာ ရေရှည်ရည်မှန်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာန ဌာနမှူး ဦးမောင်မောင်ဇော်က ပြောသည်။

''ကျွန်တော်တို့အနေနဲ့ ရည်ရှည်ရည်မှန်းတဲ့ နိုင်ငံတကာက ညဈေးတန်း လိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ရောင်းချဖို့နဲ့ စနစ်တကျ အမှိုက်စွန့်ပစ်ဖို့ ဆောင်ရွက်စေမှာပါ။ ဈေးရောင်းချပြီးတဲ့ နောက်ပိုင်းမှာ သန့်ရှင်းရေးဆောင်ရွက်ပြီး အမှိုက်တွေကို စနစ်တကျ ပုံး၊အိတ်နဲ့ ထည့်သွင်း စွန့်ပစ်ရမှာပါ''ဟု ဦးမောင်မောင်ဇော်က ရှင်းပြသည်။

အဆိုပါ လမ်းဘေးဈေးသည်များကို ဈေးကောက် ကောက်ခံမည်မဟုတ်ဘဲ သက်သေခံ မှတ်ပုံတင်ကတ်ပြား ဆောင်ရွက်ခ နှစ်စဉ်ကျပ် ၅ဝဝ ပေးသွင်းရ မည်ဟု သိရသည်။ သို့သော် အမှိုက်သန့်ရှင်းရေးခအနေဖြင့် ၈ ပေပတ်လည် ဆိုင်ခန်းအတွက် တစ်ရက် ကျပ် ၃ဝဝ ၊ ၄ ပေ x ၈ ပေ ဆိုင်ခန်းနှင့် ၆ ပေ ပတ်လည်ဆိုင်ခန်းအတွက် တစ်ရက် ကျပ် ၁၅ဝ၊ Aerial Mast များ ထွန်းပေး ရာတွင် ကုန်ကျသည့် လျှပ်စစ်ဓာတ်အားခအနေဖြင့် ၈ ပေ ပတ်လည်ဆိုင်ခန်း အတွက် တစ်လလျှင် ၇ဝဝ၊ ၄ ပေx ၈ပေ ဆိုင်ခန်းနှင့် ၆ ပေ ဆိုင်ခန်းအတွက် တစ်လလျှင် ကျပ် ၃၅ဝ သာ ကောက်ခံ မည်ဖြစ်ပြီး၊ ရေအသုံးပြုမှု တွင် လည်း ရေဖိုးရေခအနေဖြင့် ၈ ပေ ပတ်လည်ဆိုင်ခန်းများအတွက် တစ်ရက် လျှင် ကျပ် ၃ဝဝ၊ ၄ ပေ x ၈ ပေနှင့် ၆ ပေ ပတ်လည်ဆိုင်ခန်းအတွက် တစ်ရက် ကျပ် ၁၅ဝ နှုန်း ပေးဆောင်ရမည်ဟု သိရသည်။

သတင်း-ဆုနှင်းလဲ့၊ ဓာတ်ပုံ -ဌေးအောင်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment