ကျမတို့ဖတ်ခဲ့ရသော စာပေများ၊ ထိုမှ ကျမတို့သိခဲ့ရသော လိင်စိတ်အလွဲများ



ကျမက ငယ်ငယ်ကတည်းက စာအုပ်တွေကို အဖော်လုပ်ပြီး ပျော်အောင်နေခဲ့ရသူတစ်ယောက်ပါ။ နယ်မြို့ငယ်တွေမှာ ၀န်ထမ်းအဖြစ်တာဝန်ထမ်းဆောင်တဲ့ ကျမအဖေနဲ့ အမေက ကျမပညာရေးအတွက် ကျမကို အဘိုးအဘွားနဲ့နေစေခဲ့ပါတယ်။ အဘိုးအဘွားဟာ ကျောင်းပညာရေးကိုအားပေးကြသူတွေဖြစ်ပေမဲ့ ရှေးလူကြီးများဖြစ်တဲ့အလျောက် ကစားခုန်စားလုပ်တာ၊ သူငယ်ချင်းအပေါင်းအသင်းထားတာမျိုး၊ အပြင်ထွက်တာမျိုးကို ပျက်စီးသွားမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြင်းပြင်းထန်ထန်ပိတ်ပင်ထားပါတယ်။ ခေါင်းရင်းအိမ်မှာရှိတဲ့ ရွယ်တူမိန်းမဖော်နှစ်ယောက်နဲ့တောင် ကစားခွင့်မရှိခဲ့ပါဘူး။ အဲတော့ ကျမအချိန်တော်တော်များများဟာ အဘိုးနဲ့အဘွားရဲ့ အိမ်အပေါ်ထပ်မှာရှိတဲ့ မိုးသောက်ပန်း၊ တေဇ၊ ရွှေသွေး၊ ရှုမ၀ စတဲ့စာအုပ်တွေနဲ့ပဲ အချိန်ကုန်ခဲ့ရပါတယ်။ အဲတုန်းက တော်တော်ငယ်သေးတာမို့ ကျမဟာ အရုပ်မလှလှလေးတွေသဘောကျလို့ ဖတ်ခဲ့တာပါ။ နောက်ပိုင်းစာပါအကြောင်းအရာတွေကို ကျမစိတ်ဝင်စားလာပြီး ကျမရဲ့သူရဲကောင်းတွေက စာတွေ၊ ကာတွန်းတွေထဲက အမျိုးသားတွေဖြစ်လာပါတယ်။ အိပ်ရာဝင်တိုင်း အဒေါ်အငယ်ဆုံးက အသံနေအသံထားနဲ့ ပြောပြတဲ့ စနိုးဝှိုက်ပုံပြင်ကို အင်မတန်သဘောကျခဲ့ပြီး ကာတွန်းထဲမှာဖတ်ရတော့လည်း စနိုးဝှိုက်လို ပန်းသွေးသန်းတဲ့ပါးလေးတွေ၊ လှပကြည်စင်တဲ့အသားအရေနဲ့ တစ်နေ့နေ့တစ်ချိန်ချိန်အရွယ်ရောက်ရင် လာကယ်မဲ့ မင်းသားလေးကို စိတ်ကူးယဉ်ရတာ အမောပါပဲ။
ကျမ ၅ တန်းရောက်လို့ မိဘတွေနဲ့အတူပြန်နေတော့ မေမေ့ဝတ`ထုတွေကို ခိုးဖတ်တတ်လာပါတယ်။ နွမ်ဂျာသိုင်း၊ လွန်းထားထား၊ ပုညခင်၊ မောင်လှမျိုး (ခြင်းချောင်းခြံ)၊ မောင်စိန်ဝင်း (ပုတီးကုနန်း)နဲ့ နောက် ကျမမမှတ်မိတော့တဲ့ ရောင်းတန်းဝင် ၀တ္ထုအချို့ပေါ့။ အဲဒီအချိန်ထိကျမဟာ အချိန်တန်အရွယ်ရောက်ရင် လာကယ်မဲ့ အမျိုးသားတစ်ယောက်ကို စောင့်တဲ့ စိတ်ကူးယဉ်ကောင်မလေးတစ်ယောက်ပဲဖြစ်နေသေးတယ်။

ဒါပေမဲ့ ကျမကံကောင်းတာက ၆ တန်းနှစ်မှာ စာဖတ်တဲ့သူငယ်ချင်းတစ်ယောက်နဲ့ ပေါင်းခွင့်ရခဲ့ပြီး ကျမဖတ်တဲ့စာအုပ်တွေဟာ ပါရဂူတို့ မြသန်းတင့်တို့ဖြစ်လာပါတယ်။ တစ်ဖက်ကလည်း ဖေဖေက ကောင်းသန့်ရဲ့ သမီးလေးဖတ်ဖို့တို့၊ သော်တာဆွေရဲ့ ဘော့ပရစ်စ်တီးတို့၊ ဖေမြင့်ရဲ့ စိတ်ဓာတ်မြှင့်တင်ရေးစာအုပ်တော်တော်များများကို ၀ယ်ပေးပါတယ်။ မေမေနဲ့အဒေါ်တွေရဲ့အချစ်ဝတ္ထုတွေကို ခိုးဖတ်ပေမဲ့ ဖေဖေနဲ့ သူငယ်ချင်းတွေညွှန်းတဲ့စာအုပ်တွေကို ဖတ်ရင်း ဖေမြင့်ရဲ့မဟာဂရုဏာရှင်များစာအုပ်ထဲက မာသာထရီဇာတို့၊ ဖလေရင့်နိုင်တင်ဂေးလ်တို့၊ မြသန်းတင့်ဘာသာပြန်တဲ့ သုခမြို့တော်စာအုပ်ထဲက ကိုပါးစကီးတို့က ကျမအားကျရတဲ့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကျမဖြစ်ချင်တဲ့ လူမျိုးတွေဖြစ်လာတယ်။

ကျမ အပျိုဖော်ဝင်စမှာ ဂျူးစာအုပ်တွေဖတ်ရတယ်။ ကျမစဖတ်ရတဲ့စာအုပ်က ကြာတော့သည်လည်း မောင့်စကား။ စာအရေးအသားနဲ့၊ ဇာတ်အိမ်အဖွဲ့အနွဲ့ကောင်းလွန်းတဲ့ ဂျူးက သူ့ဇာတ်ကောင်တွေနဲ့ ကျမကို အညာဒေသ၊ ပဲခူးရိုးမ၊ ဧရာဝတီမြစ်ကမ်းနံဘေး၊ ဒေသအစုအဖွဲ့ပိုင် သစ်တောတွေဆီကနေ လာဗန်ဒါပန်းခင်းတွေထိ ဆွဲငင်ခေါ်ဆောင်သွားတယ်။ တစ်ဖက်မှာလည်း ကျမဟာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်တွေကို အသဲအမဲကြိုက်နေသူတစ်ယောက်ဖြစ်နေပြန်တယ်။ ဒီစာအုပ်တွေက ကျမကို ရသသာမက ခေတ်နောက်ခံသမိုင်းကြောင်းနဲ့ ဗဟုသုတ သတင်းအချက်အလက်တွေကိုပါ ပေးလို့ပါပဲ။

ဂျူးစာအုပ်တွေကနေ ကျမဟာ ကိုယ့်အားကိုယ်ကိုးတတ်တဲ့ မိန်းမတစ်ယောက်ဖြစ်လာဖို့၊ လူမှုနှုန်းစံတွေကနေ သွေဖယ်မေးခွန်းထုတ်တတ်လာသူတစ်ယောက်ဖြစ်လာစေဖို့ ကျမကို မသိမသာထိန်းကျောင်းပေးပြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့စာအုပ်တွေကတော့ အရမ်းချစ်တတ်ပြီး ကိုယ်ကျင့်သီလကို တန်ဖိုးထားတတ်သော ယောက်ျားများအကြောင်းသိခဲ့ရပြီး တခြားကျမဖတ်တဲ့ ရောင်းတန်းဝင်စာအုပ်တွေကနေတော့ လောကကြီးမှာရှိတဲ့ယောက်ျားတွေဟာ မိန်းမများကဲ့သို့ပဲ လိင်စိတ်ထက် အချစ်စိတ်ကို ပိုမိုတန်ဖိုးထားသူများလို့ ကျမမှတ်ယူခဲ့ရပါတယ်။ မိန်းမများ ဆိုတာကတော့ အနစ်နာခံဖို့၊ စေတနာ၊ မေတ္တာကြီးမား၊ လိင်ကိစ္စဟာ ညစ်ညမ်းပြီး မိန်းမများနဲ့မဆိုင်တဲ့အရာလို့ အခြားအမျိုးသမီးများနည်းတူ ကျမထိန်းကျောင်းခံခဲ့ရပါတယ်။ တကယ်လည်း တက္ကသိုလ်ရောက်လို့ ရည်းစားထားတဲ့အထိ ကျမတို့ချစ်သူယောက်ျားများဟာ ကျမတို့ကဲ့သို့ပဲ စေတနာ၊ မေတ္တာ၊ အကြင်နာကိုသာလျှင် ခံစားတတ်သူများလို့ နားလည်ထားခဲ့ပါတယ်။

ဒါပေမဲ့ တကယ့်လက်တွေ့မှာ ဖို-မ ဆက်ဆံရေးက အဲလောက်ရိုးရှင်းရဲ့လား။ စာပေတွေကနေတစ်ဆင့်လွှမ်းမိုးထားတဲ့ လိင်စိတ်ပံ့ပိုးပေးမှု၊ လိင်စိတ်ချိုးနှိမ်မှုများကို RAINFALL Myanmar Feminist Magazine မှာ ကြည်အေးနဲ့ ဂျူးရဲ့ မိန်းမဇာတ်ကောင်များကနေတဆင့် မပျိုးလက်ဟန်က ဖော်ထုတ်သွားပါတယ်။ ကြည်အေးရဲ့ ဆွဲငင်ခြင်းနဲ့ တွန်းကန်ခြင်းမှ မနှင်းမေ၏ ကိုယ်ကျင့်အကြပ်အတည်းကို မပျိုးလက်ဟန်က

”မိန်းမတစ်ယောက်အတွက် လူ့အဖွဲ့အစည်းရဲ့ စံနှုန်းထားတစ်ခုဖြစ်တဲ့ ဆန္ဒရမ္မက်စံနှုန်းတွေကို အဓိပ္ပာယ်မရှိဟု သိနေခြင်း၊ ဆင်ခြင်တုံတရားနဲ့ချိုးဖောက်မယ့် မနှင်းမေနဲ့ ဖို-မလိင်ဆက်ဆံရေးမှာ ပြုသူ၊ ခံရသူဆိုတဲ့ပါဝါဆက်သွယ်ချက်ကြောင့် ခံရသူလို့ အစဉ်အမြဲသတ်မှတ်ခံထားရတဲ့ မိန်းမတို့ရဲ့ အထင်သေးသွားမလားဆိုတဲ့ သိမ်ငယ်စိတ်တို့ လွန်ဆွဲနေတယ်။ မိန်းမတွေကို ပေးအပ်ထားတဲ့ မလုံခြုံမှုစိတ်အခြေအနေလို့လည်း အနက်ပြန်မိတယ်။ လူ့အဖွဲ့အစည်းရဲ့ ဘောင်ထဲက လူသားတစ်ယောက် ပီပီပြင်ပြင် ဖြစ်လာဖို့ ချိုးဖောက်ထွက်လာချင်တဲ့ မိန်းမတစ်ယောက်ရဲ့ အတွင်းစိတ်ပဋိပက္ခကို မြင်ရ၊ ခံစားရတယ်။ လူ့အဖွဲ့အစည်းကထားတဲ့ (Double Standard) ကြောင့် အရွယ်ရောက်ပြီး လိင်ကိစ္စ (Sexual Intercourse) အတွေ့အကြုံဟာ ”ကျား”တွေအတွက်တော့ မရှိမဖြစ် ဖြစ်နေပြီး၊ ”မ”တွေအတွက် ကိုယ်ကျင့်တရားပျက်ယွင်းမှု (သို့) ဆုံးရှုံးနစ်နာမှုကြီးတစ်ခုလိုဖြစ်နေစေတယ်။ ပါဝါအရ ဖို-မ ဆက်ဆံရေးမှာ ကျားက ယူသူ၊ မက ပေးဆပ်သူအဖြစ် ပါဝါအထက်-အောက်စီးဆင်းတဲ့ဆက်ဆံရေးကို ဖြစ်ပေါ်စေပြီး မတွေက ကိုယ့်ကိုကိုယ် ပေးဆပ်ရသူလို့ သတ်မှတ်စေပြီး၊ သိမ်ငယ်မှု စိတ်အနာတရဖြစ်ပေါ်စေတယ်။” လို့ လူ့အဖွဲ့အစည်းရဲ့ နှစ်ပရိစ္ဆေဒကြာမြင့်စွာ ဖိနှိပ်ထားတဲ့ ပါဝါဆက်သွယ်ချက်ကို ထိထိမိမိကွက်ကွက်ကွင်းကွင်းမြင်လာအောင် ထောက်ပြသွားပါတယ်။

ဂျူးရဲ့ ”မိန်းမတစ်ယောက်ရဲ့ဖွင့်ဟ၀န်ခံချက်က ဇာတ်ကောင်အမျိုးသမီး သက်နှင်းအိမ်ရဲ့ ”လူသားဆန်လှသော ခံစားချက်”ဖြစ်တဲ့ သူ့ချစ်သူအမျိုးသားရဲ့ကိုယ်ခန္ဒာကို စူးစမ်းလိုစိတ်၊ ရမ္မက်စိတ်၊ လိင်စိတ်ကို ဖော်ပြတဲ့ လူသားပီသတဲ့ စိန်ခေါ်ရဲရင့်မှုကို မပျိုးက အောက်ပါအတိုင်း ဖော်ပြသွားပါသေးတယ်။

”လူ့အဖွဲ့အစည်းတွေရဲ့ စံနှုန်းတွေဟာ သိမ်မွေ့နက်ရှိုင်းပြီး အမျိုးသမီးတွေရဲ့ဘ၀ကံကြမ္မာကိုပါ ထိန်းချုပ်ထားပြီး ဖခင်ကြီးစိုးတဲ့ (Patriarchy) စနစ်မျိုးရှိတဲ့ လူ့အသိုင်းအ၀န်းအဖွဲ့အစည်းတွေက အမျိုးသမီးတွေကို အပြုခံရသူ၊ အပြဋ္ဌာန်းခံ (object) အမြင်နဲ့ရှုမြင်ဆက်ဆံပါတယ်။ အပြုခံ၊ အပြဋ္ဌာန်းခံလူသားတွေဟာ သူတို့ရဲ့ ဆုံးဖြတ်နိုင်စွမ်းနဲ့ ဆုံးဖြတ်ချက်ချမှုမှာ အကန့်သတ်ခံလိုက်ရပြီး ဒါကို သူတို့ကိုယ်တိုင်တောင် မမြင်ရအောင် သေ၀ပ်လိုက်နာသူများ ဖြစ်သွားတဲ့အထိကို သိမ်မွေ့ပြီးနက်ရှိုင်းပါတယ်။ အမျိုးသမီးတွေဟာ ချစ်မှုရေးရာ၊ လိင်မှုရေးရာမှာလည်း ပါဝါကို အခြေခံပြီး နေရ၊ ပြုမူရတဲ့အတွက် အမျိုးသားများရဲ့အလိုဆန္ဒကိုသာ လိုက်လျောခြင်းဆိုတဲ့ တရားဝင်တဲ့ ဆင်ခြေနဲ့သာ မိမိတို့ရဲ့ လူသားဆန်ခြင်း၊ လိင်ရမ္မက် (Sexaul Desire) ကိုတော့ မရှိတော့သယောင်ဖိနှိပ်ချိုးဖဲ့ထားရတယ်။ သဘောတူကိုယ်ခန္ဒာနီးစပ်မှုမှာလည်း ကျားများကို အကျိုးရှိသူ၊ မများကို အကျိုးအမြတ်ဆုံးရှုံးသူအဖြစ်ပုံဖော်ထားပါတယ်။ ဒါကြောင့် လူသားဆန်ခြင်းနဲ့ သက်ရှိတိုင်းမှာရှိတဲ့ လိင်ဆက်ဆံမှုဟာ လူ့အဖွဲ့အစည်းမှာတော့ ပေးသူ-ယူသူသဘောတရားနဲ့ ကုန်ပစ္စည်းဆန်ဆန်၊ အရာဝတ္ထုဆန်ဆန်ဖြစ်လာပြီး လူသားဆန်မှုကတော့ ပျောက်ဆုံးသွားပါတယ်။ မိန်းမတွေရဲ့နေ့စဉ်ဘ၀မှာလည်း အိမ်ထောင်မှုနဲ့ ချစ်မှုရေးရာဘ၀မှာ ဒုတိယတန်းစားအဖြစ်လျော့ချခြင်းခံရတာ၊ ကိုယ်ကျင့်တရားနဲ့ ဆက်နွယ်ပစ်လိုက်ပြီး အရှုံး၊ အရှက်တရား၊ ပြစ်ဒဏ်အဖြစ် ပြောင်းလဲခံယူစေပါတယ်။ လူသားဆန်ခြင်း၊ ရမ္မက်ဆန္ဒအတွက် ဘ၀တစ်ခုလုံးပေးဆပ်ရမယ်၊ ကိုယ်ကျင့်တရားပျက်ယွင်းတယ်၊ တန်ဖိုးကျဆင်းတယ်၊ တစ်ပတ်နွမ်း၊ ဘ၀ပျက် စတဲ့ စကားလုံးတွေနဲ့ လူအဖွဲ့အစည်းထဲဖြစ်တည်မှုကို အပြုခံ၊ အပြဋ္ဌာန်းခံတွေအဖြစ် လူသားအဖြစ်က နိမ့်ကျစေတာဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ရာဇ၀တ်မှုအဖြစ်လို့သာ ကျမမြင်တယ်”။

ဒါ့အပြင် မပျိုးလက်ဟန်က ဒီပါဝါဆက်သွယ်ချက်တွေ၊ လူမှုနှုန်းစံသတ်မှတ်ချက်တွေ၊ တစ်ဖက်စောင်းနင်းကျင့်သုံးမှုတွေ၊ ခေါက်ရိုးကျိုးဖောက်မထွက်နိုင်တော့တဲ့ စနစ်တွေရဲ့ အကျိုးဆက်ဖြစ်တဲ့ အိမ်ထောင်ရေးအကျိုးအပြစ်များကိုလည်း ”လူသားနှစ်ယောက် အတူနေထိုင်ခြင်းဟာ နိုင်ငံရဲ့ဥပဒေတွေအောက်မှာ တစ်ယောက်ဆီက တစ်ယောက်မပြေးနိုင်အောင် ချုပ်နှောင်တဲ့ အိမ်ထောင်အဆင့်လျော့ကျလာတယ်၊ ကာကွယ်ရသူ၊ တာဝန်ယူရသူလို့ နေရာပေးခြင်းခံရတဲ့ ကျားတွေဟာလည်း အိမ်ထောင်ရဲ့အပြင်ဘက်ကို ခြေတစ်လှမ်းရောက်နေတဲ့ လွတ်လပ်ချင်နေတဲ့ အကျဉ်းကျနေသူတွေဖြစ်ကြရပြီး မိန်းမတွေကလည်း အိမ်ထောင်ထဲက အပြင်မလှမ်းချင်တဲ့၊ ကျားတွေရဲ့ခြေလှမ်းတွေကိုပဲစောင့်ကြည့်နေရတဲ့ အကျဉ်းထောင်စောင့်နဲ့လည်းတူပြန်တယ်။ လူနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာက လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့ လှပတဲ့စကားလုံးတွေနဲ့အတူ လူသားနှစ်ယောက်၊ တစ်ယောက်လွတ်လပ်ခွင့်၊ဖြစ်တည်ခွင့်ကို အပြန်အလှန်အသိအမှတ်ပြုပေးတဲ့ မျိုးဆက်သစ်တွေကို အတူတူပျိုးထောင်ပေးတဲ့ တစ်ဦးနဲ့ တစ်ဦးတိုးတက်ဖွံ့ဖြိုးအောင် အထောက်အကူပေးတဲ့ ပေါင်းစပ်မှုမဟုတ်တော့ဘဲ ကျား၊ မ ပါဝါအပေးအယူလုပ်တဲ့ စီးပွားရေးဖလှယ်တဲ့ အိမ်ထောင်ရေးတွေဖြစ်လာတယ်”လို့ သူမအမြင်ကို ချပြသွားပါတယ်။

ကျမရဲ့ မူလဆိုလိုရင်းကို ပြန်ကောက်ရရင်တော့ ကျမတို့ကို လွှမ်းမိုးခဲ့တဲ့ စာပေရေးသားသူတွေကိုယ်တိုင် ဒီယဉ်ကျေးမှုနှုန်းစံတွေကို မတော်လှန်၊ မတွန်းလှန်နိုင်ပါဘဲ ခေါက်ရိုးကျိုးနေသားကျစွာ ကျမတို့ဆီကိုလည်း သူတို့ထိန်းကျောင်းသွန်သင်ခံခဲ့ရတဲ့အတိုင်း ပြန်လည်လက်ဆင့်ကမ်းပါတယ်။ ကြည်အေးတို့၊ ဂျူးတို့လို လူ့အဖွဲ့အစည်းကို မေးခွန်းထုတ်ခဲ့သူတွေသာမရှိခဲ့ရင်၊ သူတို့ရဲ့စာတွေကိုသာ ကျမမဖတ်ခဲ့ရရင် ကျမဟာ ခုချိန်မှာ ကိုယ်ပိုင်အိပ်မက်နဲ့ ဘ၀ခရီးသွားနေသူတစ်ယောက်အဖြစ်ထက်၊ ကျိုးနွံသော၊ နာခံတတ်သော၊ သူတပါးအိပ်မက်များကို ပါရမီဖြည့်နေရသော လူသားစွမ်းရည်ချို့တဲ့သော လူသားတစ်ယောက်၊ ဒုတိယတန်းစားလိင်တစ်ခု၊ အပြဋ္ဌာန်းခံလူသားတစ်ဦးဖြစ်နေမှာပါ။

မိမိကြမ္မာမိမိပြဋ္ဌာန်းခွင့်ဆိုတဲ့ ဒီမိုကရေစီစံနှုန်းတစ်ခုဟာ လူသားတွေကြားထဲက ပါဝါထက်အောက်ဆက်သွယ်ချက်တွေကို ဖြစ်ပေါ်စေတဲ့ တရားမျှတခြင်းမရှိတဲ့ နှုန်းစံတန်ဖိုးတွေကို ကျင့်သုံးနေသေးသရွေ့ လူ့အဖွဲ့အစည်းအတွင်းမှာ ရှားပါးနေဦးမှာပါပဲ။ ကျမတို့ ကိုယ့်ခန္ဒာကို ကိုယ်ပိုင်ဆိုင်ခွင့်၊ ကိုယ့်လိင်မှုကို ကိုယ်ပိုင်ဆိုင်ခွင့်တွေ ပြောလိုက်တိုင်း ကျမတို့ပြန်အမေးခံရတဲ့ မေးခွန်းက ”မိခင်တွေမလုပ်ကြတော့ဘူးလား” ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ …. ကျမတို့ဟာ ကိုယ်ပိုင်အိပ်မက်တွေကို အဆုံးရှုံးခံစရာမလိုတဲ့ မိခင်တွေဖြစ်ချင်ကြပါတယ်။ လင်ယောက်ျားရဲ့ ချစ်ခြင်းမေတ္တာနဲ့ သစ္စာကိုရဖို့ ကလေးမွေးပေးရတဲ့ မိခင်မျိုးမဖြစ်ချင်ကြပါဘူး။ ယောက္ခမရဲ့မျက်နှာသာပေးကြည်ဖြူမှုကို ရဖို့ ကလေးမွေးပေးရတဲ့ မိခင်မျိုးမဖြစ်ချင်ကြပါဘူး။ မျိုးဆက်ပွားကျန်းမာရေးပညာပေးမရှိ၊ ကိုယ့်ကိုကိုယ်မကာကွယ်တတ်လို့၊ ဘယ်လိုကာကွယ်ရကောင်းမှန်းမသိလို့ရလာတဲ့ ကိုယ်ဝန်ကို လူမှုရေးစံနှုန်းတွေနဲ့ ဘာသာရေးရှုထောင့်အရ မဖြစ်မနေမွေးလိုက်ရတဲ့ ကလေးတွေရဲ့မိခင်မျိုးမဖြစ်ချင်ကြပါဘူး။ ကျမတို့ဟာ ကိုယ်ပိုင်ရင်သွေးကို ထိန်းကျောင်းမွေးမြူလိုစိတ်နဲ့ နှစ်နှစ်ကာကာလိုလိုချင်ချင်ကိုယ်ဝန်ဆောင်ပြီး မွေးရတဲ့ ကလေးများရဲ့ မိခင်များသာဖြစ်ချင်ပါတယ်။

ကျမတို့ရဲ့လိင်မှုဘ၀ကိုလည်း လူမှုနှုန်းစံတန်ဖိုးတွေလက်ထဲ ၀ကွက်အပ်မထားနိုင်ပါဘူး။ ကျမတို့ရဲ့လိင်မှုဘ၀ဟာ ကျမတို့ကိုယ်ပိုင်ဆင်ခြင်တုံတရား၊ ကျမတို့ကို်ယ်တိုင်နှစ်သက်လိုလားမှုနဲ့ ဆုံးဖြတ်ချက်ချပြီးတော့ပဲ ခံစားသာယာပျော်ရွှင်လိုပါတယ်။ ရည်းစားကပြောတဲ့ ဘာမှန်းမသိတဲ့ အချစ်ဆိုတာကြီးကို သက်သေပြဖို့၊ ကိုယ့်ကိုကိုယ်မကာကွယ်၊ မစောင့်ရှောက်တတ်တဲ့ လိင်မှုဘ၀ကို မဖြတ်သန်းလိုကြပါဘူး။ နှစ်ဦးသဘောတူ ချစ်ရည်လူးချင်ရင်တောင်မှ လူမှုပတ်ဝန်းကျင်က ပြဋ္ဌာန်းထားတဲ့ ပေးဆပ်သူ၊ အပြုခံအတန်းအစားမှာ လက်ညှိုးထိုးဝေဖန်ကဲ့ရဲ့မှုတွေကို စိုးထိတ်နေရတဲ့ လိင်မှုဘ၀ကို မလိုချင်ကြပါဘူး။

ကျမတို့ခန္ဒာကိုယ်၊ ကျမတို့အရေပြား၊ ကျမတို့အဆင်းအင်္ဂါ၊ ကျမတို့ရင်သား၊ ကျမတို့တင်သား၊ ကျမတို့ပေါင်တံ၊ ကျမတို့လိင်အင်္ဂါနဲ့ ကျမတို့သားအိမ်တွေဟာ အမှီအခိုကင်းကင်း၊ ကြောက်ရွံ့တုန်လှုပ်မှုကင်းကင်း၊ စိုးရိမ်ရှက်ရွှံ့မှုကင်းကင်း၊ ကျမတို့ကိုယ်ပိုင်ဆင်ခြင်တုံတရားနဲ့ ရွေးချယ်ချမှတ်လိုက်တဲ့ ကျမတို့ရဲ့ ဆုံးဖြတ်ချက်အရ ကျမတို့စိတ်သဘောအတိုင်း လိုက်လံလှုပ်ရှားကြတာမျိုးသာ ဖြစ်ရပါမယ်။ ကျမတို့ခန္ဒာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကိုမျှ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကျမတို့သဘောဆန္ဒမပါဘဲ ထိပါးခွင့်၊ စေခိုင်းခွင့်မရှိပါဘူး။ လမ်းသွားရင်တောင် ကျမတို့ခန္ဒာအစိတ်အပိုင်းနဲ့ပတ်သက်လို့ စနောက်ပိုင်ခွင့်မရှိပါဘူး။ ဒါကျမပိုင်တဲ့ ကျမခန္ဒာကိုယ်ပါ။ ကျမဆန္ဒနဲ့ဆန့်ကျင်ပြီး ဘယ်သူတစ်ဦးတစ်ယောက်ကမျှ နှုတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိပါးခွင့်မရှိပါဘူး။ စိတ်ပိုင်းဆိုင်ရာနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ ထိပါးနှောင့်ယှက်သွယ်ဝိုက်စေခိုင်းလိုက်နာစေခွင့်မရှိပါဘူး။ ဒါစင်္ကြ၀ဋ္ဌာလုံးဆိုင်ရာ လူယဉ်ကျေးဥပဒေသပါ။

ဒီဥပဒေသ ထွန်းကားမှသာလျှင် ကမ္ဘာတစ်ဝက်စာအမျိုးသမီးများဟာ သူတို့မှာရှိတဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ဥာဏစွမ်းအားတွေ အတားအဆီးမရှိ ထွန်းကားတိုးတက်လာမှာဖြစ်ပါတယ်။ အဲဒီလိုထွန်းကားတိုးတက်လာမှပဲ ကမ္ဘာကြီးနဲ့ လူ့အဖွဲ့အစည်းက လိုလားတဲ့ ကလေးငယ်တွေ ဖွံ့ဖြိုးဝေစည်ရှင်သန်စေပြီး အကြမ်းမဖက်သောကမ္ဘာတစ်ခု၊ လူ့အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာမှာဖြစ်ပါကြောင်း။

ခေတ်ရှေး
၂၁ နိုဝင်ဘာ ၂၀၁၆
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)