Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 11, 2016

ဦးစော ဘာကြောင့် ဗိုလ်ချုပ်ကို သတ်သလဲ ဆွေးနွေးခြင်း(၃)

ဒုတိယနေ့စကားဝိုင်းအပြီးတွင် စိတ်တိုဒေါသအထွက်ဆုံးသူသည်ကား စစ်သားဟောင်း တစ်ယောက်ဖြစ်သည့် ဦးတင်ဝင်းပင် ဖြစ်လေ၏။ ကိုမင်းညိုက ဗိုလ်ချုပ်ထက်အရင် မြန်မာ့အမျိုးသားတပ်မတော်ဖွဲ့ဖို့ပြောခဲ့သည်ဆိုသော စကားအား ဦးတင်ဝင်း လုံးဝ မကျေနပ်။ သို့သော်လည်း ထိုစကားကို ဦးစောက ပြောခဲ့ကြောင်း ရေးထားတာ တွေ့သည်မို့ ဦးတင်ဝင်းအနေဖြင့် မကျေမနပ်ဖြစ်ခဲ့သော်လည်း အောင့်အီးသည်းခံယုံမှ တစ်ပါး အခြား မရှိတော့ပေ။

ကျွန်တော်။ ကိုမင်းညိုက လာတော့လာသားဗျ။ တစ်နေ့တစ်နေ့ ကျွန်တော်တို့ကို အလဲထိုးဖို့ စကားလုံးတွေ ရှာလာသလားမှတ်ရတယ်ဗျ။
ဦးတင်ဝင်း။ ခင်ဗျားကပါ ကိုမင်းညိုဘက် ပါနေပြီလား။ ကျုပ်တို့ခေါင်းစဉ်က ဦးစော ဘာကြောင့် ဗိုလ်ချုပ်သတ်ခဲ့သလဲ ဆိုတာကိုလဲ မမေ့နဲ့အုံး။

ဟုတ်တော့လဲဟုတ်သည်။ တပ်မတော်ဆိုသည့် စကားရပ်သည် ဗိုလ်ချုပ်အောင်ဆန်း ကို ရည်ရွယ်သည်မို့ ကိုမိုးညို၏ စကားမှာ လက်သင့်ခံနိုင်ဖွယ် မရှိ။ တပ်မတော်၏ အစသည် ရဲဘော်သုံးကျိပ်၊ ရဲဘော်သုံးကျိပ်၏ အစသည် ဗိုလ်ချုပ်အောင်ဆန်းမှလွဲ၍ အခြားမရှိဟု ကျွန်တော်တို့ မှတ်သားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့လေပြီ။ ကျွန်တော်တို့ ငယ်စဉ် သမိုင်းဖတ်ခဲ့စဉ်တုန်းကလည်း ဗိုလ်ချုပ်တို့ ဂျပန်ပြည်သွားသည်။ စစ်ပညာ သင်သည်။ ပြီးလျှင် ထိုင်းနိုင်ငံတောင်ပိုင်းတွင် တပ်မတော်ဖွဲ့ကာ မြန်မာနိုင်ငံ သို့ ၀င်လာသည်သာ ဖြစ်သည်။ ကျွန်တော်၏ အတွေးမဆုံးခင်မှာပင် ကိုမင်းညို တစ်ယောက် ကျွန်တော်တို့ဆီ ရောက်လာပြီး နှုတ်ဆက်လေ၏။

ကိုမင်းညို။ ကိုတင်ဝင်းစတိုင်က ဒီနေ့တော့အမှန်အကန်ဆော်တော့မယ့်ပုံပါလားဗျ။

ကိုမင်းညို၏ ပြုံးစစအပြောကြောင့် ကျွန်တော်ပြုံးမိသွားသလို ဦးတင်ဝင်းလည်း ခပ်မဲ့မဲ့ဖြင့် ပြုံးပြီး ပြန်ပြောလိုက်လေ၏။

ဦးတင်ဝင်း။ အမှန်ပဲဗျို့။ ကျွန်တော် ခင်ဗျားပြောတာတွေဟုတ်မဟုတ် လိုက်ရှာ ဖတ်တော့ ခင်ဗျားပြောခဲ့တာတွေကို တွေ့ပါတယ်။ ဒါပေမယ့် ခင်ဗျားက ကောင်းကွက် တွေကိုပဲ လိုရာဆွဲပြီးတမင်တကာရွေးပြောသွားတာကိုးဗျ။

ကိုမင်းညို။ ဟဟ။ မြန်မာတွေ မကောင်းဘူးလို့ သတ်မှတ်ထားတဲ့ လူတစ်ယောက်ရဲ့ မကောင်းကြောင်းတွေက ခင်ဗျားတို့ဘယ်မှာဖတ်ဖတ် ဖတ်လို့ရတယ်။ ကောင်းတာကို ခင်ဗျားတို့ ဘယ်မှာမှ ဖတ်ရမှာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးက လေးစားပါတယ်ဆိုတဲ့ ဟိုတစ်ယောက်ရဲ့မကောင်းကြောင်းတွေ ခင်ဗျားတို့ ဘယ်မှာဖတ်ခွင့်ရလို့လဲ။ အွန်လိုင်းစွယ်စုံကျမ်းလို့ခေါ်တဲ့ Wikipedia မှာတောင် ဖြုတ်ထုတ်ခဲ့သေးတယ်။

ကျွန်တော်။ တော်ပါဗျာ။ လက်ရှိနိုင်ငံရေးတွေ မပါကြေး။ ဦးစော ဘာကြောင့် ဗိုလ်ချုပ်ကို သတ်ခဲ့သလဲဆိုတဲ့ ခေါင်းစဉ်ကိုပဲ ဦးတည်ပြောကြရအောင်။ ကျွန်တော်ပဲ ပြန်အစဖော်မယ်ဗျာ။ ခင်ဗျား ပထမရက်တုန်းက လွတ်လပ်ရေးရဖို့သေချာ နေပြီမို့ ပြည်ထောင်စုကြီး ကွဲထွက်မသွားအောင် ခွဲထွက်ခွင့်ကတိတွေပေးခဲ့တဲ့ ဗိုလ်ချုပ် ကို ဦးစောက အနစ်နာခံပြီး သတ်ပေးခဲ့တယ်လို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား။

ကိုမင်းညို။ ဖြည်းဖြည်းပေါ့ဗျာ။ ခင်ဗျားတို့ နှစ် ၆၀ ကျော် အရိုးစွဲလာတဲ့ ကိစ္စ၊ လူသန်း ၅၀ လုံး တရားဝင်လက်ခံထားပြီးသားကိစ္စကို ဟုတ်တယ် တစ်ခွန်းထဲပြောယုံနဲ့ ခင်ဗျား တို့ ဘယ်လက်ခံမလဲ။ သမိုင်းကွင်းဆက်လေးတွေ ချိတ်မှ အဆင်ပြေမှပေါ့။ မဟုတ် ဘူးလား ကိုတင်ဝင်းရ။

ရုတ်တစ်ရက် သူ့ဘက်လှည့်ပြီးထောက်ခံမဲ့တောင်းလာသဖြင့် ဦးတင်ဝင်းမျက်နှာကား ထောက်ခံရမလို၊ ကန့်ကွက်ရမလိုဖြစ်သွားပြီး ကိုမင်းညိုသဘောအတိုင်း ဆိုသည့် အမူအယာမျိုး ပြလေ၏။

ကိုမင်းညို။ ဒီအကြောင်းကိုဆွေးနွေးတဲ့အချိန်မှာ ခင်ဗျားတို့က ဦးစောဟာ ဒါတွေ လုပ်ခဲ့လို့ အင်မတန်ယုတ်မာတဲ့သူတစ်ယောက်ဖြစ်ကြောင်း ကောက်ချက်ဆွဲ ပြောကြ သလိုပဲ ကျွန်တော်ကလဲ ဦးစော ဒါတွေကိုလုပ်ခဲ့လို့ ဒါမျိုးဖြစ်တယ်ဆိုပြီး ပြန်ပြောရမှာပဲ။

ကျွန်တော်။ အင်္ဂလိပ်၊ဂျပန်၊ အင်္ဂလိပ် ဆိုတဲ့ ခေတ် ၃ ခေတ်မှာ ဗိုလ်ချုပ်နဲ့ ဦးစောတို့ ဘာတွေလုပ်ကြသလဲဆိုတာ လိုက်ဖတ်ကြည့်ဖူး တယ်ဗျ။ ကျွန်တော် တွေ့ရသလောက် ကတော့ ရည်ရွယ်ချက် ခပ်ဆင်ဆင်ပဲ။ ဒါပေမယ့် ဦးစောကတော့ လွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့ သခင်တွေကို နှိမ်နှင်းခဲ့ဖူးတယ်။

ကိုတင်ဝင်း ။ အမှန်ပဲလေဗျာ။ မျိုးချစ်စိတ်ရှိပေမယ့် ကိုယ်ကျိုးအတွက် အင်္ဂလိပ်ကို ဖားပြီး သခင်တွေကို ဦးစောက နှိမ်နှင်းခဲ့တာပေါ့။ ဒါတင်မကသေးဘူး။ ဒီလူက နန်းရင်း ၀န် လုပ်နေတုန်း လာဘ်ငွေယူပြီး ရာထူးခန့်တာတွေ လုပ်ခဲ့သေးတာကိုပါ ခင်ဗျား ငြင်းချင်သေးလို့လား။

ကိုမင်းညို။ ဟဟ။ ကိုယ်ကျိုးအတွက်လုပ်ခဲ့တယ်လို့ပြောကြကြေးဆို ဗိုလ်ချုပ်လဲ အောင်ဆန်း-အက်တလီစာချုပ်ချုပ်တုန်းကအဓိကကူညီပေးခဲ့တဲ့ဦးဘဘေကို ကုန်သွယ် ရေး ၀န်ကြီးကနေထုတ်၊ ရွာမှာစာသင်နေတဲ့ သူ့အစ်ကို ဦးဘ၀င်းကို တိုက်ရိုက် ရာထူး ခန့်ခဲ့ပေးတာကိုကျ ခင်ဗျားဘာပြောမတုန်း ကိုတင်ဝင်းရဲ့။

နက်မောက်မြို့တွင် ကျောင်းဆရာလုပ်နေရာမှ ဗိုလ်ချုပ်၏တိုက်ရိုက်ခေါ်ခန့်မှုကြောင့် ကုန်သွယ်ရေးဝန်ကြီးဖြစ်လာပြီး ၂ လခန့်အကြာတွင်လုပ်ကြံခံခဲ့ရပြီးနောက် အာဇာနည် (၉) ဦး စာရင်းဝင်ဖြစ်ခဲ့သည့် ဦးဘ၀င်းအကြောင်းကို ကိုမင်းညိုကထောက်လိုက်သဖြင့် ဦးတင်ဝင်းက ဒါက အများသဘောနဲ့လုပ်တာလို့ ကျုပ်ဖတ်ဖူးပါတယ် ဆိုပြီး ပြောယုံ အပြင် စကား မဆက်နိုင်တော့ပေ။

ကိုမင်းညို။ ခံစားချက်တွေ မပါနဲ့ ကိုတင်ဝင်းရ။ ကျွန်တော်တို့က ခေါင်းစဉ်တစ်ခုကို တပ်ပြီး ဆွေးနွေးကြတာ။ ပြောသမျှတိုင်းက ခံစားချက်ကို အဓိကမထားတဲ့ ဗဟုသုတ ဖြစ်လေ အကျိုးရှိလေပဲ မဟုတ်လား။ ကျွန်တော် ပြောချင်တာက ဗြိတိသျှအစိုးရ လက်ထက် နန်းရင်းဝန်တစ်ယောက်နဲ့ ကျောင်းသား ခေါင်းဆောင် တစ်ယောက်ရဲ့ ပါဝါကို ပြောချင်တာ။

ကျွန်တော်။ ကျောင်းသား ခေါင်းဆောင် တစ်ယောက်ရဲ့စကားထက် နန်းရင်းဝန် တစ်ယောက်ရဲ့ စကား ဟာ ပိုပြီး သက်ရောက် မှု ရှိတယ်ဆိုတာတော့ လက်ခံပါတယ်။ အဲဒီအချိန်က ဂျပန်ပြည် မှာ ဂျပန်-မြန်မာချစ်ကြည်ရေး အသင်းကို ထူထောင်တဲ့ ပုဂ္ဂိုလ်တွေ၊ ပြည်တွင်းက ၀န်ကြီးတွေနဲ့ အခြား အဆက်အသွယ်တွေကြောင့်သာ ဗိုလ်ချုပ်တို့ စစ်ပညာ သင်ခဲ့ရတယ်ဆိုတာကိုလည်း တွေးလို့တော့ ရပါတယ်။ ဒါက လည်း ကျွန်တော် သေချာ မလေ့လာမိ လို့လဲ ဖြစ်နိုင်ပါတယ်။

ကိုမင်းညို။ ဦးစော အင်္ဂလန်ကိုသွားတုန်းက ဗိုလ်ချုပ်တို့တောင် စစ်ပညာ မသင်ရ သေးဘူး။ ပြီးတော့ ဦးစောက မြန်မာနိုင်ငံသား နန်းရင်းဝန်ကြီးဗျာ။ သူ့တပ်ဖွဲ့တွေ ကလည်း မနည်းဘူး။ သခင်တွေရဲ့ လှုပ်ရှားမှုတွေ အကုန်သိနေမှတော့ လက်ထောက် ချပြီး ဖမ်းဆီးအမှု ဆင်လို့ ရတဲ့ အနေအထားတွေ ရှိနေတာပဲ။ မြန်မာနိုင်ငံရဲ့ နန်းရင်းဝန် တစ်ယောက်ဖြစ်တဲ့ သူသာလက်မခံခဲ့ရင် ဗိုလ်ချုပ်တို့ကို သတင်းပေးတားလို့ ရတဲ့ အခြေအနေမှာ ရှိမှာပဲ မဟုတ်လား ။ ဒီမှာ အံ့သြစရာက ဦးစောကို ဂျပန်နဲ့ ဆက်သွယ်လို့ဆိုပြီး အင်္ဂလိပ်က ဖမ်းချင်သလိုဖမ်း၊ ထိန်းသိမ်းချင်သလို ထိန်းသိမ်းတာ မြန်မာနိုင်ငံဘက်က ဘယ်ပြည်သူမှ ကန့်ကွက်အထွန့်တက်တဲ့ သတင်း ကွင်းဆက် မရှိတာပဲ။

ကျွန်တော်။ ဦးစောက ပြည်သူတွေလက်မခံတဲ့ ခေါင်းဆောင်မို့လို့ ဘယ်သူမှ မပြောတာပေါ့ဗျ။ ဗိုလ်ချုပ်ကိုသာဖမ်းကြည့်ပါလား။ တစ်နိုင်ငံလုံး အုံးအုံးကြွက်ကြွက် ဖြစ်သွားမှာပေါ့။

ဦးတင်ဝင်း။ ဦးစော အဖမ်းခံရ၊ ဗိုလ်ချုပ်တို့က စစ်ပညာသင်၊ ပြီးတော့ ဂျပန်နဲ့ လက်တွဲပြီး မြန်မာပြည်က အင်္ဂလိပ်တွေကို လာတိုက်။ ခင်ဗျား ဘာပြောချင်သေးလဲ ကိုမင်းညိုရေ။

ကိုမင်းညို။ ဖြည်းဖြည်းပြောပါ ကိုတင်ဝင်းရာ။ သခင်တွေကို နှိမ်နှင်းခဲ့ရတဲ့ အခြေအနေ ကစပြီး ပြန်ပြောမယ်ဗျာ။ ဦးစောက အင်္ဂလိပ် လက်အောက်မှာ ၀န်ကြီး လုပ်တယ်။ လွတ်လပ်ရေးကို တောင်းဆိုတယ်။ သူလည်း သူ့နည်းသူ့ဟန်နဲ့ လုပ်နေတာပဲဗျ။ ဘယ်လောက်ထိ လဲဆိုရင် တပ်သားတွေ စုမယ်။ တပ်မတော် ထူထောင်မယ် ဆိုတဲ့ စကားတွေတောင် ကြွေးကြော်ခဲ့သေးတယ်။ အဲဒီအချိန်မှာ သခင်ထဲက တစ်ချို့က ဦးစောကို ကန့်ကွက်တာတွေ၊ အပုပ်ချတာတွေ လုပ်ကြတယ်။ သခင်ထဲ မှာကိုက ဂိုဏ်းကွဲတွေ၊ အယူအဆကွဲတွေ အမျိုးမျိုးကလည်း ရှိတာကိုး။

ကျွန်တော်။ ထားပါတော့ဗျာ။ ဒီလိုနဲ့ ဦးစောက အစ္စရေးကနေ အာဖရိက ယုဂန်ဒါမှာ ထောင်ကျတယ်။ ၁၉၄၆ ဇန်န၀ါရီကျတော့ ပြန်လွတ်လာတယ်။ မြန်မာပြည် ပြန်ရောက်ပြီး မျိုးချစ်ပါတီဖွဲ့တယ်။ ဂျပန်ကာလတစ် လျှောက်လုံး ဦးစော ပျောက်နေပြီး ရုတ်တရတ် ပေါ်လာတာကတော့ စဉ်းစားစရာပဲ။

ဦးတင်ဝင်း။ ကျွန်တော် ပြောချင်တာလဲ အဲဒါပဲ။ ဂျပန်ခေတ် မြန်မာတွေ ဘယ်လောက် ခံရတယ် ဆိုတဲ့ မှတ် တမ်းတွေ အများကြီးလေ။ အင်္ဂလိပ်က ဦးစောကို အကာအကွယ် ပေးတယ်လို့ သံသယ ရှိတာ အဲဒီ အချက်ကြောင့်ပဲ။

ကိုမင်းညို။ ကျွန်တော်လည်း တွေးမိပါတယ်။ ဒါပေမယ့် ပုံစံတော့ မတူဘူးဗျ။

ရုတ်တရတ် ပြောလိုက်သည့် စကားကြောင့် ကျွန်တော့် ဦးနှောက်ကို အလုပ်ပေးရ တော့သည်။ ကိုမင်းညို ဘယ်လိုများ ပြောလာလေမလဲ။ ဂျပန်ကြောင့် အကျိုးအမြတ် ဖြစ်ခဲ့ရသည်ကတော့ တပ်မတော်ဖွဲ့နိုင်ခဲ့ခြင်း ဖြစ်ပေမယ့် ကာလတိုအတွင်း အခြား အကျိုးအမြတ် မရှိယုံမက ဂျပန်ကြောင့် ဒုက္ခပင် ရောက်ခဲ့ရသည်တို့ကိုလည်း အစီအရီ စဉ်းစားမိ၏။ အောင်ဆန်းတို့ ခေါ်လာတဲ့ ဂျပန် စသဖြင့် ဗိုလ်ချုပ်အပေါ် အမြင်မကြည် မှုတွေ ရှိခဲ့ ဖူး သည်ကိုလည်း စဉ်းစားမိလိုက်သည်။

ကိုမင်းညို။ ဒီအချိန်မှာ ဦးစောကလဲ သူ့နည်းသူ့ဟန်နဲ့ အင်္ဂလိပ်ကို တော်လှန်ဖို့ တပ်မတော် ဖွဲ့ဖို့ကြံစည်တယ် လို့ ကျွန်တော်ထင်တယ်။ တို့ဗမာ အစည်းအရုံးကလည်း လက်နက်ကိုင်တပ်ဖွဲ့ လုပ်ဖို့ကြံတယ်။ ဗကသကလည်း သံမဏိတပ်ဖွဲ့ ဆိုပြီး လုပ်ဖို့ ကြံတယ်။ အားလုံး လက်နက်ကိုင်ဖို့ကြံစည်ကြတဲ့အချိန်မှာ လိုတဲ့လက်နက် တွေရဖို့ အဓိကပဲလေ။ ဒီအချိန်မှာ ဦးစောက အဖမ်းခံရ၊ ဗိုလ်ချုပ်တို့က ဂျပန်မှာ စစ်ပညာသင် ဆိုတော့ တကယ်လို့များ ဦးစောသာ အဖမ်းမခံရရင် သမိုင်းက တစ်မျိုးဖြစ်ချင်တောင် ဖြစ်သွားအုံးမှာ။

ကျွန်တော်။ ဦးစောက နိုင်ငံအတွက် ဘာများ လုပ်ပေးဖူးလို့လဲဗျာ။ သူ့ကိုယ်ကျိုးတွေအ တွက်ပဲ လုပ်နေတာ မဟုတ်လား။ သူတပ်ဖွဲ့ဖွဲ့တော့ကော ဘယ်သူက ပါမှာလဲ။

ကိုမင်းညို ။ အထင်တော့ မသေးနဲ့ဗျ။ ဦးစောက လုပ်ချင်ရာကို သူ့အကြံအစည်နဲ့ သူ လုပ်တာ။ ဦးစော ကြွယ်ဝ တာကလည်း ဂျပန်အထောက်အပံ့ကြောင့် ဆိုပြီး အဲဒီ အချိန်မှာ ပြောကြတာတွေ ရှိတယ်။ နောက်ပြီး ဦးစောက အညှာကို ကိုင်တယ်လေ။ ဗိုလ်ချုပ်တို့က ကုလား-ဗမာ အဓိကရုဏ်းဆိုပြီး လုပ်ကြသလို ဦးစောကလည်း အင်္ဂလိပ် ခေါ်လာတဲ့ ကုလားကို ဆန့်ကျင်တာပဲ။ ဘယ်လောက်ထိလဲ ဆိုရင် အင်္ဂလိပ်က ကုလားတွေကို သူ့ပြည် ပြန်ပို့ဖို့ ငွေတွေ ပေးတာကိုကန့်ကွက်ပြီး ကုလား..ကြေးဖလား ကိုင်ပြီး ပြန်ရမယ် ဆိုပြီး လုပ်ခဲ့လို့ လူတွေက ကြိုက်ကြတယ်။ အင်္ဂလိပ်ကို အာဏာဖီဆန်ရေး ဆိုပြီး ငြိမ်းချမ်းစွာ ဆန္ဒပြဖို့လည်း ဦးဆောင် လုပ်ခဲ့ သေးတယ်။ နောက်ပိုင်းမှာတော့ အင်္ဂလိပ် အုပ်ချုပ်ရင် ကုလားတွေသာမက တရုတ်တွေပါ မန္တလေး ရန်ကုန် ရောက်လာမယ်ဆိုပြီးတောင် ပြောခဲ့သေးတယ်ဗျ။

ဦးတင်ဝင်း။ ခင်ဗျားဟာက ပြောရင်းပြောရင်းနဲ့ ဦးစော ချီးမွမ်းခန်းဖွင့်နေသလိုပဲ။ ဇဝေဇ၀ါ ဖြစ်အောင်တော့ မလုပ်နဲ့ဆရာရေ။ ကျွန်တော် လက်ခံတာကတော့ ဦးစောဟာ သူ့ကိုယ်ကျိုးအတွက် ဗိုလ်ချုပ်ကို သတ်တယ် ဆိုတာပဲ။ သူ့ဘာသာ ဘယ်လောက် လုပ်ခဲ့လုပ်ခဲ့ပေါ့ဗျာ။

စိတ်မရှည်သံဖြင့် ဦးတင်ဝင်း စကားကို ကြားတော့ ကျွန်တော် ပြုံးမိ၏။ အချိန တွေလည်း ကုန်မှန်းမသိကုန်လင့်လာသည်မို့ စကားလိုရင်းရောက်စေဖို့သာ ဦးတည် သင့်ကြောင်းကိုလည်း သဘောပေါက်မိလေ၏။

ကျွန်တော်။ ၁၉၄၆ မှာ ဦးစော မြန်မာပြည် ပြန်လာတယ်။တစ်နှစ်အတွင်းမှာ သေနတ်နဲ့ ပစ်ပြီး လုပ်ကြံခံရ တယ်။ဘုရင်ခံရဲ့ အမှုဆောင် ကောင်စီမှာ ၀န်ကြီး အနေနဲ့ ခန့်အပ်ခံရတယ်။ နောက်တော့ ဗိုလ်ချုပ်တို့နဲ့ အတူ အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဖို့ လိုက်သွားရတယ်။ လုပ်ကြံတာကိုတော့ ဗိုလ်ချုပ်က လုပ်ကြံသလိုလို၊ ဗိုလ်နေ၀င်း ကပဲ လုပ်ကြံသလိုလို ပြောကြတယ်ဗျာ။ ဘာပဲဖြစ်ဖြစ် ဦးစောကတော့ ဗိုလ်ချုပ် လုပ်ကြံတယ်လို့ အညှိုးထားခဲ့တယ် မဟုတ်လား။ အောက်တိုဘာ ၁၀ ရက်နေ့လောက်မှာ ဒဂုံမဂ္ဂဇင်းက သခင်လှဘူး အိမ်မှာ ဗိုလ်ချုပ်နဲ့ ဦးစော တွေ့ပြီး သူတစ်ပြန်ကိုယ်တစ်ပြန် ငြင်းကြသေးတယ်လေ။ ဦးစောက မင်းနဲ့ငါ ဆိုပြီး သုံးတဲ့ အကြောင်း၊ ဗိုလ်ချုပ်က ၃ ကြိမ် ၃ ခါ တောင်းပန်တဲ့အကြောင်းတွေ ရေးတာ ဖတ်ဖူးတယ်။

ဦးတင်ဝင်း။ အထင်လွဲချင်စရာတွေက အများကြီးရှိတာကိုး။ ဒါပေမယ့် ဗိုလ်ချုပ်က မဟုတ်ကြောင်းလဲ လူကိုယ် တိုင် ရှင်းပြခဲ့သေးတယ်လေ။

ကိုမင်းညို။ ဦးစောလွန်ပြီး နောက်ပိုင်းမှ ပြောစကားတွေကတော့ မှန်ချင်မှလည်း မှန်မှာ ပေါ့ဗျာ။ ဗိုလ်ချုပ်ငြင်းခဲ့တဲ့ အကြောင်းကိုတော့ ဆောင်းပါးတစ်ခုမှာ ဖတ်ဖူးပါတယ်။ နောက်ဆုံး ဗိုလ်ချုပ်က ခင်ဗျားထင်ချင်သလိုထင် ဆိုပြီး ပြောခဲ့သေးတယ်။

မည်သို့ပင် ဆိုစေ ဦးစောသည် သူ့ကို လုပ်ကြံသည်မှာ ဗိုလ်ချုပ်ဖြစ်သည်ဟု တစ်ထစ်ချ ယုံကြည် ထားမည်မှာ မလွဲပေ။ ဂျပန်ခေတ်တွင် တပ်မတော်နှင့် ပြည်သူ၊ ဗိုလ်ချုပ်နှင့် ပြည်သူ ဘယ်လောက် ယုံကြည်လေးစားမှု ရှိသည်ကို ဦးစော မတွေ့ခဲ့ရ။ ထို့ပြင် လုပ်ကြံ သည်ဟု ဆိုသည့် ပြည်သူ့ရဲဘော် တပ်ဖွဲ့မှာလည်း ဗိုလ်ချုပ်၏ ဘီအိုင်အေမှ အင်အားလျော့သည့်အဖွဲ့မို့ အထင်လွဲစရာ ပို၍ ဖြစ်လေတော့သည်။

ကျွန်တော်။ ပုဂ္ဂိုလ်ရေး မကျေနပ်မှုကနေ နိုင်ငံတော် လုပ်ကြံမှုထိ ဖြစ်လာတယ်ဆိုတဲ့ သံသယက အဲဒါပဲ။ ကိုမင်းညို ပြောသလို ဆိုရင်တော့ ဦးစောကိုသာ အဲဒီအချိန်မှာ မလုပ်ကြံကြဘူးဆိုရင် တစ်မျိုးတစ်ဖုံ ပြောင်းသွားနိုင်တယ်။

ကိုမင်းညို ။ ဟဟ.. ဟုတ်ပါ့ဗျာ.. ဒါပေမယ့် ဦးစောက စက်တင်ဘာ ၂၁ မှာ ပစ်ခတ်ခံရပြီး ဆေးရုံရောက်တော့ စက်တင် ဘာ ၂၇ မှာ ဗိုလ်ချုပ်က ဆေးရုံကို ဗိုလ်ထွန်းလှ၊ သခင်နုတို့နဲ့ အတူ သွားကြည့်ပြီး သတင်းမေးခဲ့ တယ်လို့ စက်တင်ဘာ ၂၉ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတယ်။

ဦးတင်ဝင်း။ ၀န်ကြီးတစ်ယောက် ဆိုတော့လဲ သွားကြည့်မှာပေါ့ဗျာ။ ကြေးမုံ ဦးသောင်း ဆောင်းပါးတစ်ပုဒ်မှာ တော့ အိန္ဒိယမှာ ဆေးသွားကုတဲ့ ဦးစောက “ကျနော် ဗုဒ္ဓဘာသာကောင်းတယောက်ပါ ကိုအုန်းခင်ရယ်။ ရန်ပြု သူကို ခွင့်လွှတ်ရမယ်ဆိုတာ ကျနော်ယုံကြည် ပါတယ်။ ဒါပေမယ့် မျက်စိက ကိုက်လာတဲ့အခါမှာ ဒီကောင်တွေ ကို ခွင့်မလွှတ်နိုင်ဘူး။ မခံနိုင်အောင် နာတဲ့အခါ မှာ သည်းမခံနိုင်ဘူး” လို့ ပြောခဲ့တာကို ဖတ်ဖူး တယ်။

ကိုမင်းညို။ ဒါပေါ့ဗျာ. ခင်ဗျားကို သေနတ်နဲ့ ပစ်ခံရတယ် ဆိုရင်လည်း ခွင့်လွှတ်ပါတယ်။ ကျေအေးပါတယ်ဆို ပြီး ခင်ဗျား ပြောမှာလား ဆိုတာလဲ တွေးစရာပေါ့။

ဦးစော အား သေနတ်ဖြင့် လုပ်ကြံသူမှာ ပြည်သူ့ရဲဘော်တပ်ဖွဲ့ ယူနီဖောင်းဖြင့် ဖြစ်ကြောင်း၊ ဗိုလ်ကျော်ဇံ ဆိုသူ တစ်ဦးကလည်း သူလည်း ဦးစောကို လုပ်ကြံဖို့ အဲဒီနေ့က သွားခဲ့ကြောင်း၊ အချို့စာများတွင် ရန်ကုန်ဘဆွေ ဦးဆောင်ကြောင်း တို့ကို ဖတ်ရသော်လည်း အဆိုပါအမှုအား အရေးယူခဲ့၊ ဖမ်းဆီးခဲ့သူ မရှိသည်ကိုလည်း စဉ်းစားမိ၏။ ထိုခေတ် အခြေအနေကား မည်သူ့ကိုမှ ယုံကြည်စရာ မရှိသည့်အပြင် ဦးစော လုပ်ကြံပြီးကာမှ ဦးစောကို လုပ်ကြံသည့် သူရဲကောင်းများ အလျှိုလျှို ထွက်ပေါ် လာ ခြင်းကြောင့်လည်း တွေးစရာ များလှ ပေ၏။

ကိုမင်းညို။ တိုင်းတစ်ပါးမှာ အကျယ်ချုပ်ခံပြီး နိုင်ငံရေးထဲ ရအောင် ပြန်ပါလာတဲ့ ဦးစော အတွက် နောက်တစ်ခါ ထိုးနှက်ခံရတာပေါ့။ ဆေးကုတာနဲ့ နောက်ပိုင်း လုပ်ဆောင် ချက်တွေကို မတွေ့ရဘဲ ရုတ်တရတ် အောင်ဆန်း- အက်တလီ စာချုပ်အတွက် သွားခဲ့တဲ့ ဘိလပ်ခရီးမှာ ၁၆ ယောက်ပဲ ပါတဲ့ ကိုယ်စားလှယ်အဖွဲ့ထဲ ဦးစောကိုပါ ထည့်ထားတယ်။ နောက်တော့ ကျွန်တော်တို့ ဖတ်ဖူးတာက ဦးစောနဲ့ သခင်ဗစိန်က ကန့်ကွက်တယ်။ ပင်လုံ ညီလာခံ အမြန်ဆုံး ကျင်းပဖို့ ဖြစ်လာတယ် ဆိုတာပဲ။

ဦးတင်ဝင်း။ ဒါကလဲ အင်္ဂလိပ် လက်အောက်မှာ နေချင်တဲ့ ဦးစောက အကြောင်းပြပြီး လက်မှတ် မထိုးတာ နေမှာပေါ့ဗျာ။

ကိုမင်းညို။ ဦးစောနဲ့ သခင်ဗစိန်တို့က ကျွန်တော်တို့ သဘောမတူဘူးဗျာ ဆိုပြီး ဒီတိုင်း မထိုးခဲ့တာ မဟုတ်ဘူး ဗျ။ ဘာကြောင့်ကန့်ကွက်လဲ ဆိုတာကို နှစ်ယောက်ပေါင်း စာမျက်နှာ တစ်ထောင်နီးပါးရေးပြီး ကန့်ကွက်ခဲ့ကြတာ။

တတိယနေ့ စကားဝိုင်း တွင်မူ ယခင်ထက် ပိုမို အသေးစိတ်ကျသည့် အချက်များဖြင့် အပြန်အလှန် ပြောဆိုကြသဖြင့် လက်မခံဖွယ်ရှိက ခုနှစ်အထောက် အထားဖြင့် အလွယ်တကူ ပြန်ရှာနိုင်သည့် အနေအထား ဖြစ်လာခဲ့၏။ အောင်ဆန်း-အက်တလီ စာချုပ် ပြီးလျှင် ပင်လုံနှင့် ဗိုလ်ချုပ်တို့ လုပ်ကြံခံရခြင်းသာ ရှိတော့သည် မို့ ကိုမင်းညို၏ အယူအဆ အား တုန့်ပြန်ရန် စိတ်အား ထက်သန်လျှက် ရှိလာကာ ကျွန်တော်နှင့် ဦးတင်ဝင်းတို့ လှုပ်လှုပ်ရှားရှား ဖြစ်လာကြ၏။ အဘယ်ကြောင့် ဆိုသော် ကျွန်တော်တို့ နှစ်ဦးလုံး လေ့လာခဲ့သည့်အထဲမှ အထောက်အထား အခိုင်မာဆုံး ကိစ္စများသည် အဆိုပါ ကာလအတွင်း ဖြစ်နေသောကြောင့် ပင်တည်း…
Myo Zaw Aye

........................................................................................................

ဒေါ်အောင်ဆန်းစုကြည်က "ခေတ်သစ်ပင်လုံ ထပ်ခေါ်မယ်"ဆိုတဲ့ စကားထွက်လာတာနဲ့ "ပင်လုံစာချုပ်ကြောင့် ဦးစောဟာ ဗိုလ်ချုပ်ကို အနစ်နာခံပြီး လုပ်ကြံလိုက်ရပါတယ်"ဆိုတဲ့ ဝါဒဖြန့်စာ Social Networkပေါ်မှာ ပျံ့နှံ့လာတယ်ဆိုတာ ပေါ့ဆလို့ရတဲ့ လက္ခဏာမဟုတ်ဘူး။ သမိုင်းထဲက အချက်အလက်အစစ်တွေကို သမိုင်းအတုတွေနဲ့ ရောမွှေ မင်းမြတ်သူရလို တြိစက္ကလို အရေးအသားမျိုးတွေနဲ့ ကိုယ့်အမြင်ပါလို့ မပြောရဲတော့ ကိုမင်းညိုဆိုတဲ့ ပုဂ္ဂိုလ်ကို တွေးခေါ်ပညာရှင်ကြီးလို ဇာတ်ကောင်ထား၊ လောဂျစ်အစုတ်အပျက်တွေ၊ ဒိုင်ယာလော့ အကျိုးအပဲ့တွေနဲ့ ဖတ်ကောင်းအောင်ရေးပြီး ဝါဒဖြန့်ထားတာဟာ ကျုပ်ကတော့ နိုင်ငံတော်ပုန်ကန်မှုအထိ ဦးတည်ရည်ရွယ်တယ်လို့ ယူဆတယ်။ ဦးစောဟာတိုင်းပြည်အတွက် ဘယ်လောက်တောင်လှုပ်ရှားခဲ့သူဖြစ်ကြောင်း၊ ဗိုလ်ချုပ်ထက် ဆယ့်ငါးနှစ်အသက်ကြီးတာကြောင့် ဗိုလ်ချုပ်ထက် ဆယ့်ငါးနှစ်ပိုတော်သူဖြစ်ကြောင်း၊ မျိုးချစ်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း၊ ပင်လုံစာချုပ်မှာ ကတိခံထားရတဲ့အတွက် ခွဲထွက်ခွင့်ပေးဖို့ငြင်းမရတဲ့ဗိုလ်ချုပ်ကို အချုပ်အခြာအာဏာခိုင်မြဲရေးအတွက် ဦးစောက အနစ်နာခံပြီး လုပ်ကြံလိုက်ရတာဖြစ်ကြောင်း၊ ဦးစောဟာ ကြိုးပေးခံရတာတောင် တည်ငြိမ်သူဖြစ်ကြောင်း စသဖြင့် သမိုင်းအချက်အလက်တွေကို လိုရာကောက်ချက်ဆွဲထားတဲ့ စာဖတ်အားနည်းအသိတရားပျော့ညံ့သူတွေ လိမ့်ခနဲပါသွားစေလောက်တဲ့ စာမျိုးကို အချိန်ကိုက်ဖြန့်ချီလာခြင်းရဲ့ နောက်ကွယ်မှာ ဘာရည်ရွယ်ချက်တွေ ရှိမလဲ မဆိုနိုင်ဘူး။ ဦးစောဟာ လူတော်တစ်ဦးဖြစ်တယ်ဆိုတဲ့ အချက်ကို ငြင်းစရာမရှိပေမယ့် တိုင်းပြည်ကောင်းစားရေးအတွက် အနစ်နာခံခဲ့တဲ့ လူကောင်းတစ်ယောက်လို့ မြင်ပေးရတဲ့အထိ ဘယ်သမိုင်းအချက်အလက်ကမှ မခိုင်လုံဘူး။ ဦးစောဟာ ဗိုလ်ချုပ်ကို သတ်ပြီး ရဲရဲဝံ့ဝံ့ကြိုးစင်တက်သွားသူ မဟုတ်ဘူး။ ထောင်ပိုင်ကိုစည်းရုံးပြီး ဗြိတိသျှကို လေယာဉ်နဲ့ထွက်ပြေးဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့တာ ဖြစ်ကြောင်း သမိုင်းအချက်အလက်တွေကို ဘာလို့ထိန်ချန်ထားခဲ့တာပါလဲ။ နောင်တကြီးစွာရပြီး ထောင်နံရံမှာ ရေးသွားတဲ့ နောင်တတွေနဲ့စာကို ဘာလိုထိန်ချန်ထားခဲ့တာလဲ။ ဆရာချစ်ဦးညိုက ဒဿဂီရိကို လူကြမ်းကနေ မင်းသားဖြစ်အောင် ရေးနိုင်တာ ရသစာပေတစ်ခေတ်အတွက် အရေးပါတဲ့ဖောက်ထွက်မှုဖြစ်ခဲ့ပေမယ့် ဒဏ္ဍာရီနဲ့ သမိုင်းဟာ မတူဘူး။ သမိုင်းကို လိမ်လို့မရဘူး သမိုင်းကို လိမ်တာဟာ ခေတ်လူတွေကို သစ္စာဖောက်တာပဲ။ မြတ်ဗုဒ္ဓကို လူကြမ်းဖြစ်အောင်ရေးလို့မရသလို ဒေဝဒတ်ကို မင်းသားဖြစ်အောင် ရေးလို့မရဘူး။ ဘင်လာဒင်ကို ဂန္ဒီဖြစ်အောင် ရေးလို့မရသလို ဟစ်တလာကို မာသာထရီစာဖြစ်အောင် ရေးလို့မရဘူး။ သန်းရွှေကို ဒေါ်စုဖြစ်အောင် ရေးလို့မရသလို ဦးစောဟာလည်း ဗိုလ်ချုပ်ကို အနစ်နာခံသတ်ဖြတ်ခဲ့တဲ့ မျိုးချစ်သူရဲကောင်းတစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး။ Universal Truth တွေကို ကလောင်အစုတ်အပြတ်နဲ့ အဆိပ်ခပ်လို့ ဘယ်တော့မှမအောင်မြင်ဘူးမှတ်။ မေတ္တာရပ်ခံတာပါ. . . မြန်မာပြည်အတွက် ကျည်၁၃ချက်နဲ့ သေခဲ့ရတဲ့ ကျုပ်တို့ဗိုလ်ချုပ်ကို ထပ်မသတ်ပါတော့နဲ့။ 
အိအိမွန် ( ပန်ဆယ်လို )

No comments:

Post a Comment