Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 11, 2016

ဦးစော ဘာကြောင့် ဗိုလ်ချုပ်ကို သတ်သလဲ ဆွေးနွေးခြင်း(၂)

ပြီးခဲ့သည့် ရက်က ဆွေးနွေးဖြစ်ခဲ့သည့် စကားဝိုင်းမှ ဗိုလ်ချုပ်ကို ဦးစော ဘာကြောင့် သတ်ခဲ့သလဲ ဆိုသည့် ခေါင်းစဉ်ကြောင့် ကျွန်တော်နဲ့ ဦးတင်ဝင်းမှာ ဦးစောနှင့် ပက်သတ်သမျှကို ရှာဖွေ ဖတ်ရှုကြ၏။ ကို မင်းညို သည် ကား သူ၏ ပုံမှန်အလုပ် ဖြစ်သည့် ကျူရှင်ပြသခြင်းတွင်သာ အာရုံစိုက် လုပ်ဆောင်နေကြောင်း သိရ၏။ ယနေ့ ဆွေးနွေးဝိုင်းတွင်တော့ ကျွန်တော်နှင့် ဦးတင်ဝင်း သည် ယခင်ထက် ပိုသော လေ့လာမှုများ၊ ချေပစရာ စကား လုံးများဖြင့် တက်ကြွလျှက် ရှိကာ ကိုမင်းညိုအလာကို စောင့်ဆိုင်းလျှက် ရှိနေတော့လေသည်။

ကျွန်တော်။ ဟိုနေ့က ကိုမင်းညိုက ကျွန်တော်တို့ကို သမိုင်းစာကို သေချာမဖတ်ကြောင်း ပညာပေးသွား တာတော့ အခဲမကြေစရာပဲ ကိုတင်ဝင်းရေ။ ဒါပေမယ့်လည်း သူပြောလို့ လေ့လာကြည့်မှ လူ့စိတ်သဘောနဲ့ မြန်မာ့နိုင်ငံရေး သမိုင်းကို အရင်ထက် ပိုသိလာ တယ် လို့တော့ ၀န်ခံရမှာပဲ။

ဦးတင်ဝင်း။ ဟုတ်ပါ့ကွာ။ ငါလဲ ရသမျှ စာအုပ်တွေ ရှာဖတ်ရတာ နေ့တိုင်း အိမ်ထဲကတောင် သိပ်မထွက် ဖြစ်ဘူး။ ကိုမင်းညိုက အတော် လာတဲ့သူ။ သန်း ၆၀ နဲ့တစ်ယောက် ပြိုင်ငြင်းမယ့် ပုဂ္ဂိုလ်လို့ ပြောရမှာပဲ။ ဟော . အသက်ရှည်မယ့် ပုဂ္ဂိုလ်ထူး၊ လာပါပြီဗျာ..

ကိုမင်းညိုသည်ကား ပုဆိုးအပြာ၊ စပို့ရှပ် အပြာနှင့်အဖြူကွက်စိပ် ကို ၀တ်ကာ ပြုံးရွှင်သော မျက်နှာဖြင့် ကျွန်တော်တို့ရှိရာ စားပွဲသို့ လျှောက်လှမ်းလာပြီး နှုတ်ဆက်စကား ဆိုလေ၏။

ကိုမင်းညို။ စကားတွေ ကောင်းနေကြတာလား။ မဟုတ်မှလွဲရော ဦးစော အကြောင်းပဲ ဖြစ်ရမယ်။
ကျွန်တော်။ ဟုတ်ပါ့ ကိုမင်းညိုရေ။ ခင်ဗျားလုပ်တာနဲ့ ကျွန်တော်လည်း သိလို့ရသမျှ ရှာကြံဖတ်တာပဲ။ ဒါပေမယ့် ခင်ဗျားပြောတာကို လက်ခံရလောက်တဲ့ အချက်တော့ မတွေ့ပါဘူးဗျို့။

ကျွန်တော်၏ အပြောကို ကိုမင်းညိုက သဘောကျ၍ ထင်။ ခပ်ပြုံးပြုံး ရယ်မောလေ၏။

ကိုမင်းညို။ ခင်ဗျားမတွေ့တာလည်း အဆန်းမှ မဟုတ်တာဗျာ။ ဗိုလ်ချုပ်လို ပုဂ္ဂိုလ်မျိုးကို လုပ်ကြံခဲ့တဲ့သူ့အကြောင်း ဘယ်သူက အကောင်းရေးမှာလဲ ဆိုတာ စဉ်းစားစရာတောင် မလိုဘူးပေါ့ဗျာ။ ဟုတ် တယ် မို့လား ကိုတင်ဝင်း။

ရုတ်တရတ် သူ့ဘက်လှည့်ပြောသဖြင့် ကိုတင်ဝင်းမှာလည်း ထောက်ခံရအခက်၊ ကန့်ကွက်ရအခက် ဖြစ်ကာ ပြုံး ၍သာ နေလေတော့၏။

ကိုမင်းညို။ ကျုပ်တို့မြန်မာလူမျိုးတွေကိုက အဲလိုမျိုးဗျ။ လူတစ်ယောက်ကို မကောင်းမြင် လိုက်ပြီဆိုတာနဲ့ ပြန်ပြင်ဆင်လို့မရတော့ဘူး။ သဘောကောင်းချင်ပြန်တော့လဲ အင်္ဂလိပ် ခေါ်ခေါ်၊ ဂျပန်ခေါ်ခေါ် ၊ ဘယ်သူ့ကျွန်ဖြစ်ရဖြစ်ရ စိတ်မဆိုးခဲ့ကြဘူး။

ဦးတင်ဝင်း။ ခင်ဗျားကတော့ လုပ်ပြီ။

ကိုမင်းညို။ ကဲ..ခင်ဗျားတို့လည်း လေ့လာပြီးပြီဆိုတော့ စကားဝိုင်းကို မေးခွန်းလေးတွေနဲ့ အရင်စချင်တယ်။ ကဲ. ကိုတင်ဝင်း ဖြေဗျာ။ ဗိုလ်ချုပ်နဲ့ ဦးစော အသက်ဘယ်လောက် ကွာလဲ။

လွတ်လပ်ရေးရသည့်အခါ ဗိုလ်ချုပ်၏ ကတိစကားများကြောင့် ပြည်ထောင်စုကြီး ခွဲထွက်မှာ စိုးရိမ်သဖြင့် ဗိုလ်ချုပ်ကိုဦးစောကသတ်ခဲ့သည် ဆိုသော အကြောင်းအား ဆွေးနွေးမည်ထင်သည့်အတွက်အ မှန်အတိုင်းဝန်ခံရလျှင်ကျွန်တော်လည်းမွေးသက္ကရာဇ် တွေကို တွက်ဖို့ စိတ်ကူးမရှိခဲ့။ သို့သော် ဦးတင်ဝင်းကား သွက်လက်စွာဖြင့် ပြန်ဖြေနိုင်လေ၏။

ဦးတင်ဝင်း။ ၁၉၀၀နဲ့ ၁၉၁၅ ဆိုတော့ ၁၅ နှစ်ကွာတာပေါ့ဗျာ။ ဒါနဲ့ ဆွေးနွေးမယ့် ကိစ္စက ဘာဆိုင်လို့တုန်းဗျ။

ကိုမင်းညို။ လာမှာပေါ့ဗျာ။ ခင်ဗျားတို့ စာဖတ်တယ်ဆိုတာထက် စာကို ဘယ်လို ဖတ်ခဲ့သလဲ သိချင်လို့ မေးတာ ပါ။ ဒါဖြင့် ဗိုလ်ချုပ်က ဘယ်အသက်အရွယ်မှာ နိုင်ငံရေးထဲ ရောက်ပြီး ဦးစောက ဘယ်အသက်အရွယ်မှာ နိုင်ငံ ရေး လုပ်သလဲ။

အသေးစိတ်ကို လေ့လာခဲ့ပုံ မရသည့် ဦးတင်ဝင်းမှာ ကျွန်တော့်ဘက်သို့ လှည့်လေ၏။ သို့သော် ကျွန်တော့်မှာ လည်း တိကျသည့် အဖြေမရှိသည့် အတွက် ကိုမင်းညိုအား ပြောပြစေရန်သာ အနေအထားပြရလေတော့၏။

ကျွန်တော်။ ကဲ..ကိုမင်းညိုပဲ ပြောပြဗျာ။ ပြီးရင် ဘာကြောင့် ဒါတွေ မေးတယ်ဆိုတာပါ ပြောပြပေါ့။ ကျွန်တော် လေ့လာခဲ့တာကတော့ ဦးစောက ရှေ့နေစာမေးပွဲ အောင်ပြီး နိုင်ငံရေး စလုပ်တာလောက်ပါပဲ။

ကိုမင်းညို။ ဒါလဲ အမှန်ပါပဲ။ အတိအကျ ပြောမယ်ဆိုရင် ဗိုလ်ချုပ်က ၁၉၃၅ နောက်ပိုင်းမှ ကျောင်းသားနိုင်ငံရေး ထဲကို ၀င်ပါခဲ့တာဆိုတော့ အသက် ၂၀ အရွယ် ပေါ့ဗျာ။ ဦးစောကလည်း ၁၉၂၁ GCBA အကွဲမှာ သူ့အဖေနဲ့ အတူ နိုင်ငံရေးထဲပါခဲ့တာဆိုတော့ ၂၁ နှစ်အရွယ်ပေါ့။ ကျွန်တော်ဆိုလိုတာက လွတ်လပ်ရေး ရတဲ့အချိန်နဲ့ စံထားပြီး တိုင်းတာဆိုရင်တော့ သူတို့နှစ်ယောက်က ခေတ်ပြိုင်တွေလို့ ပြောလို့ရတယ်။ ဒါပေမယ့် နိုင်ငံရေး အနေအထားအရ ပြောရမယ် ဆိုရင်တော့ ဦးစောက ၁၀ နှစ်ကျော် ပိုပြီး စောတယ်။ ဗိုလ်ချုပ်က နိုင်ငံရေး လောကကို ကျောင်းသားဘ၀က ၀င်ပြီး ဦးစော ကတော့ လူထုကနေ စပြီး ၀င်တယ်လို့ ကျွန်တော် ယူဆတယ် ဗျာ။ဒါနဲ့ မြတ်စွာ ဘုရားကို ယေရှုရဲ့နောက် စတုတ္ထ နေရာ ထားခဲ့တဲ့ ဒေါက်တာသန်းထွန်း ဘာသာပြန် ကျော်စွာ(၁၀၀) ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးလား။

အရင်းမရှိ၊ အဖျားမရှိ မေးလိုက်သည့် စကားကြောင့် ကျွန်တော်နှင့် ဦးတင်ဝင်းတို့ အချင်းချင်း ကြည့်မိလေ၏။ ကျောင်းသားဘ၀ကနေ ခေါင်းဆောင် လုပ်လာသည့် ဗိုလ်ချုပ်နှင့် လူထုကနေ ခေါင်းဆောင်လုပ်လာသည့် ဦးစော တို့၏ ဆက်စပ်မှု တစ်ခုခု ပြောလာပါက ချေပရန် စကားလုံးရှာရင်း နားထောင်နေသည်မို့ စာအုပ် တစ်အုပ် အကြောင်း မေးလိုက်သည့် အခါ ဆက်စပ်အတွေးများ ပျောက်ဆုံးကုန်လေ၏။

ကျွန်တော်။ ဖတ်ဖူးပါတယ်ဗျာ။ ပုဂ္ဂိုလ်ကျော်တွေရဲ့ ကျော်ကြားမှုကို မွေးဖွားရာ ဒေသ၊ အသိုင်းအ၀ိုင်း၊ ကြိုးစား အားထုတ်မှု အခြေခံ အချက်တွေနဲ့ တိုင်းပြီး ကျွန်တော်တို့ ဘုရားကို စတုတ္ထ နေရာပို့ထားတဲ့ စာအုပ်လေ။ အဲဒီ စာအုပ်ကို ဝေဖန်တဲ့ ဆောင်းပါး တွေလည်း ဖတ်ဖူးပါတယ်။ သိပ်တော့ လက်မခံပါဘူး။

ကိုမင်းညို။ ကျွန်တော်လည်း လက်ခံတယ်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် ယုတ္တိဆန်တဲ့ အပြင်လူတစ်ယောက်အနေနဲ့ တွေးတဲ့ အခြေခံ အချက်ပုံစံကို သဘောကျလို့ပါ။ အဲဒီ ထဲက စံနှုန်းအတိုင်း ယှဉ်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်က မျိုးရိုးဂုဏ်ကြီး၊ ပညာတတ် မိသားစုကနေ မွေးဖွားတယ်။ တက္ကသိုလ် တက်ရောက်နိုင်သည် အထိ အခက်အခဲ မရှိ ပညာသင်ရတယ်။ တက္ကသိုလ် ကျောင်းသားဘ၀ ခေါင်းဆောင် ဖြစ်လာတာကလည်း တက္ကသိုလ် ဆိုတာ လူတွေ အလိုက်သင့် စုထားပြီးသား။ မကျေနပ်တာ တစ်ခုရှိရင် အလွယ်တကူ ပေါက်ကွဲနိုင်တဲ့ လူငယ်တွေ စု ထားတဲ့ နေရာလို့ လဲ ပြောလို့ ရတယ် မဟုတ်လား။

မေးခွန်းတစ်ခု ထုတ်လိုက်ပေမယ့် ဆက်ပြောမည့် စကားများ ရှိသေးသဖြင့် ကိုမင်းညိုမှ ဆက်ပြောလေ၏။

ကိုမင်းညို။ အဲဒီလို ဗိုလ်ချုပ်က အိုးဝေမဂ္ဂဇင်းဆောင်းပါးတစ်ခုကြောင့် အသက် ၂၀ အရွယ်မှာ အလွယ်တကူ ကျောင်းသား ခေါင်းဆောင် ဖြစ် လာခဲ့တယ်။ ဦးစောကတော့ ရွာတစ်ရွာရဲ့ မြေပိုင်ရှင်သား၊ ရိုမန်ကက်သလစ်ကျောင်းမှာ ၅ တန်းအောင်ပြီး ကာလ ကတ္တားမှာ အင်္ဂလိပ်စာကို သွားသင်ခဲ့တယ်။ ဗိုလ်ချုပ်လို ၂၀ အရွယ်ကျတော့ သူက နိုင်ငံရေးထဲ ခြေလှ မ်း စလှမ်းနေပြီ။

ဦးတင်ဝင်း။ ဒါကတော့ဗျာ။ အခြေအနေမှ မတူဘဲ။ ဗိုလ်ချုပ်သာ ပါရမီရှင်ဆိုရင် တောကြိုအုံကြားထဲမှာ နေရ လည်း ခေါင်းဆောင်ဖြစ်လာမှာပါ။

ကျွန်တော်။ ကိုမင်းညိုက ဘာကို ဆိုလိုချင်တာလဲဗျ။

ကိုမင်းညို။ အခြေအနေ ၂ ခုကို အရင်ယှဉ်ပြတာပါ။ ဒီနေ့က ခင်ဗျားတို့က စာဖတ်ပြီး ဆွေးနွေးကြတာ။ အဲဒီတော့ အရင်လို ခေါင်းစဉ်တပ်ပြီး လိုရာဆွဲပြောရင် ခင်ဗျားတို့က စာနဲ့ပေနဲ့ ထောက်ပြကြမှာလေ။ ဒီတော့ ဦးစောက ဗိုလ်ချုပ်နဲ့ ရွယ်တူ ၂၀ ကျော် အရွယ်မှာ ဗိုလ်ချုပ်လိုပဲ လူတော် တစ်ယောက်ပါလို့ ကျွန်တော်က ပြော ချင်တာ။ အင်္ဂလိပ်လက်အောက်မှာ လူတော် တစ်ယောက်ဖြစ်ဖို့ မလွယ်ဘူးလေ။ အဲဒီအချိန်မှာမှ ဦးစောက ဗိုလ်ချုပ်ထက် ၁၅ နှစ်စောပြီး လူတော်ဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော် ဘာကြောင့် လက်ခံလဲဆိုတာ ပြောပြ တာပါ။ မဟုတ်ဘူးလို့ ထင်ရင်လဲ ပြောပေါ့ဗျာ။

ယနေ့ ရည်ရွယ်သည့် ခေါင်းစဉ်မှာ ထိုအကြောင်း မဟုတ်သည့်အတွက် သီးသန့် ဖြေရှင်းရန်လည်း ကျွန်တော့်မှာ စိတ်ကူးမရှိ။ သာမန်အားဖြင့်လည်း လက်ခံနိုင်စရာ ကိစ္စများသာမို့ ဖြစ်နိုင်ပါတယ် ဆိုသော စကားကိုသာ ပြောလိုက်၏။ စကားပြောရင်းနဲ့ မောရော့ထင်။ ကိုမင်းညို သည်ကား အိပ်ထဲမှ Ruby ဆေးလိပ်ကို ထုတ်၍ မီးညှိ သောက်လေ၏။ (ဤတွင် ကိုမင်းညို၏ ဆေးလိပ်သောက်ပုံ အကြောင်းကိုလည်း အနည်းငယ် ပြောလိုသည်။ ကိုမင်းညိုသည် ကျူရှင်ဆရာ တစ်ယောက်ဖြစ်၏။ သို့သော် ကျောင်းသားများ ရှေ့တွင် ဘယ်တော့မှ ဆေးလိပ် မသောက်။ သူ၏ ကျောင်းသားများသည်လည်း ကိုမင်းညို ဆေးလိပ်သောက်တတ်ကြောင်း သိသော်လည်း ဘယ်အချိန်တွင် သောက်ကြောင်း မသိကြ။ ထိုအကြောင်းနှင့်ပတ်သက်၍ ကိုမင်းညိုက သူ့အနေဖြင့် မကောင်း မှန်းသိသော်လည်း ကိုယ်နှစ်သက်ရာ အလုပ်ကို လုပ်ရသည်ကို ကြိုက်သဖြင့် သောက်ကြောင်း၊ သို့ပေမယ့် ဆေးလိပ်ကို ဆန့်ကျင်ကြောင်းကို ရှင်းပြဖူး လေသည်။)

ဦးတင်ဝင်း။ စကားဆက်ကြရအောင်ဗျာ။ လူတော်တွေ ဘယ်လိုဖြစ်ဖြစ် နောက်ဆုံး တော့ သူဟာ ဗိုလ်ချုပ်ကို သူ့ရန်ညှိုးတစ်ခုကြောင့် အင်္ဂလိပ်နဲ့ ပေါင်းပြီး သတ်ခဲ့တာပဲ မဟုတ်လား။ ဒီအကြောင်းကိုပဲ ဦးတည် ပြောကြ ရအောင်ဗျာ။

ကိုမင်းညို။ ဟဟ။ ဟုတ်ပါပြီဗျာ။ ဒါပေမယ့် ကျွန်တော်တို့က စကားနိုင်လုနေတာထက် ကိုယ်သိတဲ့ သမိုင်းကို ဆွေးနွေးကြတာ ဆိုတော့ ဘာအကြောင်းအရာ ပြောပြော ကျွန်တော်တို့အတွက် ဗဟုသုတအမြတ်တွေပဲ မဟုတ်လား။

ကျွန်တော်။ ဟုတ်တော့ ဟုတ်ပါတယ်ဗျာ။ ဒါပေမယ့် လမ်းကြောင်းလွဲသွားမှာ စိုးလို့ပါ။ ကျွန်တော်ကတော့ ဦးစောလွတ်လပ်ရေးအတွက် ကြိုးစားခဲ့တယ်ဆိုတာတွေ မတွေ့ဖူး မကြားဖူးပါဘူးဗျာ။

ကိုမင်းညို။ ခင်ဗျားတို့က မြန်မာတွေရေးတဲ့ စာအုပ်တွေပဲ ဖတ်တာကိုးဗျ။ ဗိုလ်ချုပ်လို လူတစ်ယောက်ကို လုပ်ကြံပြီးတဲ့နောက် သူ့အကြောင်း အကောင်းရေးရင် ရေးတဲ့သူ အဆဲခံရမှာပေါ့။

ဦးတင်ဝင်း။ ဒါဆိုလဲ ဦးစောဘယ်လို လွတ်လပ်ရေးအတွက် ကြိုးစားလဲဆိုတာ လုပ်ပါအုံး။

ကိုမင်းညို။ အင်္ဂလိပ်ခေတ် ၁၉၃၇ ဆိုတဲ့ကာလမှာ ဦးစောက တတိယမြောက်နန်းရင်းဝန် ဖြစ်လာတယ်။ အဲဒီအချိန်မှာ ဖြစ်နေတဲ့ နန်းရင်းဝန်တွေက တစ်ကမ္ဘာလုံးက လူတော်လို့သတ်မှတ်တဲ့ ဒေါက်တာဘမော်လို ပုဂ္ဂိုလ်တွေဗျ။

ကျွန်တော်နဲ့ကိုတင်ဝင်းတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ဦးစောနဲ့ဗိုလ်ချုပ်ကိုမဲရင်း ကျွန်တော်တို့နှစ်ယောက် ဒေါက်တာဘမော်ဆိုသည့် ပုဂ္ဂိုလ် ဆိုတာ ဘယ်လိုဆိုတာ မလေ့လာခဲ့မိကြတာလဲ အမှန်ပင်။

ကိုမင်းညို။ ဒေါက်တာဘမော်ဆိုတာက ရန်ကုန်တက္ကသိုလ်၊ အင်္ဂလန်က ကိန်းဗရစ်၊ပြင်သစ်က ဘော်ဒိုးတက္ကသိုလ် တွေမှာ ပညာသင်၊ ပါရဂူကျမ်းတွေတင်ခဲ့ပြီးတော့ အင်္ဂလန်ဝတ်လုံတော်ရဘွဲ့ ဆွတ်ခူးခဲ့တဲ့သူဗျ။ အဲဒီခေတ်အခါက မြန်မာနိုင်ငံမှာ ပညာအတတ်ဆုံးဆိုတဲ့ ပုဂ္ဂိုလ်ပဲ။ ဗိုလ်ချုပ်အောင်ဆန်းတို့က သခင်ဘွဲ့ခံနေတဲ့အချိန်မှာ သူက မြန်မာဆိုတာ အနောက် နိုင်ငံသားတွေနဲ့ တန်းတူပဲဆိုပြီး ဒေါက်တာဘွဲ့ကို ခံခဲ့တာ။ သူလိုပုဂ္ဂိုလ်နဲ့ အင်္ဂလိပ်တွေ အင်မတန်သဘောကျတဲ့ ဦးပုလို ပုဂ္ဂိုလ်တွေ နန်းရင်းဝန်ရာထူးက ပြုတ်ခဲ့ပြီးတဲ့နောက်မှ နန်းရင်းဝန် ဖြစ်လာတဲ့ ဦးစောဟာ သာမန်မဟုတ်ဘူးဆိုတာ ခင်ဗျားတို့ကို သိစေချင်တာပါ။

ကျွန်တော့်အတွေးထဲမှာတော့ မြန်မာ့သမိုင်းတွင် ကျွန်တော်တို့မသိခဲ့သော လူတော် ပုဂ္ဂိုလ်တွေ အများကြီး ရှိခဲ့တာကို ကျွန်တော် တကယ်မသိခဲ့ပါလားဆိုပြီး ကိုမင်းညိုရဲ့ ပြောစကားကိုသာ ဆက်နားထောင်မိတော့၏။

ဦးတင်ဝင်း။ ကဲ ကိုမင်းညိုရေ။ ဦးစောခေါင်းစဉ်ကနေ လွဲတော့မယ်ထင်တယ်ဗျ။

ကိုမင်းညို။ မလွဲပါဘူး။ ကျွန်တော်တို့ ဆွေးနွေးနေတာ ဗိုလ်ချုပ်နဲ့ ဦးစောပဲလေ။ ကျွန်တော်ပြောချင်တာက သာမန်လူနန်းရင်းဝန်မဖြစ်ဘူးဆိုတာကို ပြောချင်တာ။ ဗိုလ်ချုပ်နဲ့ဦးစော နှစ်ယောက်လုံးက အသက်က ၁၅ နှစ်ကွာပေမယ့် အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ်ကို ဖြတ်ပြီး လွပ်လပ်ရေး ရအောင် ကြိုးစားခဲ့ကြတာချင်း အတူတူမို့ သေချာလေ့လာလေ စိတ်ဝင်စားစရာ ဖြစ်လေပဲဗျ။ အသေးစိတ်တွေ တစ်ခု ချင်း သွားမှ အကြောင်းအရာက ပြည့်စုံမှာလေ။ ဒါမှ ခင်ဗျား အင်တာနက်ပေါ် ဒီခေါင်းစဉ် တင်တာကို ဖတ်တဲ့သူ တွေလည်း အကျိုးရှိရှိ ဝေဖန်လို့ရမှာပေါ့။ မဟုတ်ဘူးလား ဦးတိမ်ကြီးရ။

အရှိုက်ကို အထိုးခံလိုက်ရသကဲ့သို့ ကျွန်တော့်မျက်နှာ ဖြန်းကနဲ ဖြစ်သွား၏။ ကျွန်တော် သည်ကား ကိုမင်းညို အင်တာနက် သုံးကာ ဒီအကြောင်းတွေကို ဖတ်မိလိမ့်မည်ဟု တကယ် မထင်မိခဲ့။ ကိုယ်ပိုင်လေ့လာမှုထက် သူများတွေ ပြောသမျှ၊ မှတ်ချက်ပြုကြ သမျှကို ဦးနှောက်ဖောက်စားပြီး လူတတ်လုပ်နေသည်ကို ကိုမင်းညို ဝေဖန်ခြင်းလား ဆိုသည့် အတွေးဖြင့် သူ့ကို ကြည့်မိသော်လည်း ပုံမှန်ပင်မို့ အရှက်ပြေ ရယ်မောမိ၏။

ကိုမင်းညို။ ကဲ..ဆက်ပြောကြရအောင်ဗျာ။ ဦးစော နန်းရင်းဝန်ဖြစ်တဲ့အချိန်မှာ မြန်မာ ပြည်ရဲ့ ဘုရင်ခံက ဒေါ်မန်စမစ်။ ဦးစောက ကျွန်တော်တို့ကြာကြာ မစောင့်နိုင်တော့ဘူး၊ လွတ်လပ်ရေးအတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ရမှာပဲ ဆိုပြီး တဂျီဂျီပြောလွန်းလို့ ဒေါ်မန်စမစ် တော်တော် စိတ်ညစ်ခဲ့ရဖူးတယ်။ နောက်ဆုံး ဦးစောကို ဘယ်လိုမှ နှစ်သိမ့်လို့မရတဲ့အဆုံး ဒီလူ ချာချီနဲ့တွေ့၊ စကားပြောလိုက်ရင်တော့ တဂျီဂျီလုပ်နေတာ ရပ်လောက်ပါရဲ့လို့တွေးပြီး ချာချီနဲ့တွေ့ဖို့ စီစဉ်ပေးခဲ့ရတယ်။ ချာချီဆိုတာတော့ သိတယ် မဟုတ်လား။

ကျွန်တော်။ ဗြိတိသျှဝန်ကြီးချုပ် ၀င်စတန်ချာချီတော့ သိပါတယ်ဗျ။

ကိုမင်းညို။ အမှန်ပေါ့ဗျာ။လေယာဉ်ပျံခရီးရှည်မစီးဖူးတဲ့ ဦးစောဟာ မြန်မာပြည် လွတ်လပ်ရေး အတွက် မိုင်ပေါင်းထောင်ချီဝေးတဲ့ အင်္ဂလန်ကို လေယာဉ်နဲ့သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ အင်္ဂလန်ကိုရောက်တော့ ချာချီကို လွတ်လပ်ရေးပေးမှာလား မေးတယ်။ ချာချီက ဗြိတိသျှတွေ စစ်နိုင်မနိုင်ဆိုတာပေါ်ပဲ မူတည်တယ်လို့ မတင်မကျဖြေတော့ ဦးစောက အပြန်မှာ အမေရိကန်ခဏ၀င်၊ သမ္မတ ရုစဗဲ့နဲ့တွေ့၊ ဗြိတိသျှတွေကို နားချခိုင်းမယ် ဆိုပြီး ကြိုးစားခဲ့တယ်။ ဗြိတိသျှတွေက အမေရိကန်ကိုကြိုပြောထားတော့ ဦးစောကို အရေးမလုပ်တဲ့အခါမှာ ဂျပန်သံရုံးကို ဦးစောက သွားတွေ့တယ်။ ဂျပန်သံရုံးကထွက်တဲ့ လျှို့ဝှက်ကြေးနန်းမှာ ဘာရေးထားလဲ သိလား။

ကျွန်တော်နဲ့ ကိုတင်ဝင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကိုမင်းညိုကို ခေါင်းခါပြလိုက်သည်။

ကိုမင်းညို။ ဂျပန်သံရုံးရဲ့ကြေးနန်းမှာ အမေရိကန်ကနေ တစ်ဆင့် မြန်မာကိုပြန်လာတဲ့ နန်းရင်းဝန်နဲ့တွေ့၊ နန်းရင်းဝန်က မြန်မာကိုဂျပန်တို့တိုက်ရင် ကူညီမည်ဟုပြော၊ ဆိုပြီး ရေးထားတာဗျ။

ကိုမင်းညို စကားအဆုံးတွင် ကျွန်တော်၏ နှုတ်များဆွံ့အ သွားသည်။ ယနေ့ခေတ်လို ခောတ်ကောင်းတွင်ပင် မိုင်ထောင်ကျော်လေယာဉ်စီးသွားဖို့ စိတ်မချရသည့် အချိန် လွတ်လပ်ရေးအတွက် ဦးစော တကယ် အင်္ဂလန်ကို သွားခဲ့လေသလား။ ဗိုလ်ချုပ်တို့ထက်အရင် ဂျပန်ကို သွားကမ်းလှမ်းခဲ့လေသလား ဆိုသည်ကိုလည်း တွေးမိသွားသည်။

ကိုမင်းညို။ ဦးစော အမေရိကန်ကနေ မြန်မာကိုပြန်လာ တော့ ဂျပန်က စစ်ပွဲကို စနေပြီ။ လေယာဉ်ခရီးစဉ်တွေ ပျက်တော့ ဦးစောရဲ့အပြန်ခရီးစဉ်တွေပျက်ရော။ နောက်ဆုံး လေယာဉ်အဆင့်ဆင့်စီးပြီး အခုအစ္စရေးနိုင်ငံပိုင် ဟိုက်ဖာလေယာဉ်ကွင်းကို ရောက်တော့ ဂျပန်ကိုဆက်သွယ်မှုနဲ့ ဦးစော အဖမ်းခံခဲ့ရတယ်။

ဦးတင်ဝင်း။ ခင်ဗျားကတော့ ဇာတ်နာအောင် ပြောပြန်ပြီ။

ကိုမင်းညို။ ဇာတ်နာမယ်ဆိုရင် ခင်ဗျားကို ဒီထက်နာ အောင် ပြောစရာရှိသေးတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ ဂျပန်မှာ ရဲဘော်သစ်သင်တန်း မတက်ရသေးတဲ့ အချိန်၊ မြန်မာစစ်သားတွေပါတဲ့ အမျိုးသားတပ်မတော် တစ်ရပ်ဖွဲ့ဖို့ ဦးစောက အင်္ဂလိပ်ဘုရင်ခံ ကို အရင်ပြောခဲ့တာဗျ။

ဦးတင်ဝင်း။ ဟာဗျာ။

စစ်မှုထမ်းဟောင်းကြီးကိုတင်ဝင်းရဲ့ အာမေဋိတ်သံနှင့်အတူ ကျွန်တော်တို့ စကားဝိုင်း သည်လည်း အာလာပသလာပပြောရင်း နောက်တစ်ရက် ကူးသွားလေတော့၏။
https://www.facebook.com/ko.tein/posts/1141074899247523?__mref=message_bubble

ဓာတ်ပုံ၊ ရှေ့တန်း(၀ဲမှယာ)..ဦးဘအုန်း၊ဦးစော၊ ဆာ ဘာ့ဂ်ျပိုင်၊ ဦးဘသန်း၊ ဦးထွန်းအောင်ကျော်၊



........................................................................................................................

ဒေါ်အောင်ဆန်းစုကြည်က "ခေတ်သစ်ပင်လုံ ထပ်ခေါ်မယ်"ဆိုတဲ့ စကားထွက်လာတာနဲ့ "ပင်လုံစာချုပ်ကြောင့် ဦးစောဟာ ဗိုလ်ချုပ်ကို အနစ်နာခံပြီး လုပ်ကြံလိုက်ရပါတယ်"ဆိုတဲ့ ဝါဒဖြန့်စာ Social Networkပေါ်မှာ ပျံ့နှံ့လာတယ်ဆိုတာ ပေါ့ဆလို့ရတဲ့ လက္ခဏာမဟုတ်ဘူး။ သမိုင်းထဲက အချက်အလက်အစစ်တွေကို သမိုင်းအတုတွေနဲ့ ရောမွှေ မင်းမြတ်သူရလို တြိစက္ကလို အရေးအသားမျိုးတွေနဲ့ ကိုယ့်အမြင်ပါလို့ မပြောရဲတော့ ကိုမင်းညိုဆိုတဲ့ ပုဂ္ဂိုလ်ကို တွေးခေါ်ပညာရှင်ကြီးလို ဇာတ်ကောင်ထား၊ လောဂျစ်အစုတ်အပျက်တွေ၊ ဒိုင်ယာလော့ အကျိုးအပဲ့တွေနဲ့ ဖတ်ကောင်းအောင်ရေးပြီး ဝါဒဖြန့်ထားတာဟာ ကျုပ်ကတော့ နိုင်ငံတော်ပုန်ကန်မှုအထိ ဦးတည်ရည်ရွယ်တယ်လို့ ယူဆတယ်။ ဦးစောဟာတိုင်းပြည်အတွက် ဘယ်လောက်တောင်လှုပ်ရှားခဲ့သူဖြစ်ကြောင်း၊ ဗိုလ်ချုပ်ထက် ဆယ့်ငါးနှစ်အသက်ကြီးတာကြောင့် ဗိုလ်ချုပ်ထက် ဆယ့်ငါးနှစ်ပိုတော်သူဖြစ်ကြောင်း၊ မျိုးချစ်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း၊ ပင်လုံစာချုပ်မှာ ကတိခံထားရတဲ့အတွက် ခွဲထွက်ခွင့်ပေးဖို့ငြင်းမရတဲ့ဗိုလ်ချုပ်ကို အချုပ်အခြာအာဏာခိုင်မြဲရေးအတွက် ဦးစောက အနစ်နာခံပြီး လုပ်ကြံလိုက်ရတာဖြစ်ကြောင်း၊ ဦးစောဟာ ကြိုးပေးခံရတာတောင် တည်ငြိမ်သူဖြစ်ကြောင်း စသဖြင့် သမိုင်းအချက်အလက်တွေကို လိုရာကောက်ချက်ဆွဲထားတဲ့ စာဖတ်အားနည်းအသိတရားပျော့ညံ့သူတွေ လိမ့်ခနဲပါသွားစေလောက်တဲ့ စာမျိုးကို အချိန်ကိုက်ဖြန့်ချီလာခြင်းရဲ့ နောက်ကွယ်မှာ ဘာရည်ရွယ်ချက်တွေ ရှိမလဲ မဆိုနိုင်ဘူး။ ဦးစောဟာ လူတော်တစ်ဦးဖြစ်တယ်ဆိုတဲ့ အချက်ကို ငြင်းစရာမရှိပေမယ့် တိုင်းပြည်ကောင်းစားရေးအတွက် အနစ်နာခံခဲ့တဲ့ လူကောင်းတစ်ယောက်လို့ မြင်ပေးရတဲ့အထိ ဘယ်သမိုင်းအချက်အလက်ကမှ မခိုင်လုံဘူး။ ဦးစောဟာ ဗိုလ်ချုပ်ကို သတ်ပြီး ရဲရဲဝံ့ဝံ့ကြိုးစင်တက်သွားသူ မဟုတ်ဘူး။ ထောင်ပိုင်ကိုစည်းရုံးပြီး ဗြိတိသျှကို လေယာဉ်နဲ့ထွက်ပြေးဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့တာ ဖြစ်ကြောင်း သမိုင်းအချက်အလက်တွေကို ဘာလို့ထိန်ချန်ထားခဲ့တာပါလဲ။ နောင်တကြီးစွာရပြီး ထောင်နံရံမှာ ရေးသွားတဲ့ နောင်တတွေနဲ့စာကို ဘာလိုထိန်ချန်ထားခဲ့တာလဲ။ ဆရာချစ်ဦးညိုက ဒဿဂီရိကို လူကြမ်းကနေ မင်းသားဖြစ်အောင် ရေးနိုင်တာ ရသစာပေတစ်ခေတ်အတွက် အရေးပါတဲ့ဖောက်ထွက်မှုဖြစ်ခဲ့ပေမယ့် ဒဏ္ဍာရီနဲ့ သမိုင်းဟာ မတူဘူး။ သမိုင်းကို လိမ်လို့မရဘူး သမိုင်းကို လိမ်တာဟာ ခေတ်လူတွေကို သစ္စာဖောက်တာပဲ။ မြတ်ဗုဒ္ဓကို လူကြမ်းဖြစ်အောင်ရေးလို့မရသလို ဒေဝဒတ်ကို မင်းသားဖြစ်အောင် ရေးလို့မရဘူး။ ဘင်လာဒင်ကို ဂန္ဒီဖြစ်အောင် ရေးလို့မရသလို ဟစ်တလာကို မာသာထရီစာဖြစ်အောင် ရေးလို့မရဘူး။ သန်းရွှေကို ဒေါ်စုဖြစ်အောင် ရေးလို့မရသလို ဦးစောဟာလည်း ဗိုလ်ချုပ်ကို အနစ်နာခံသတ်ဖြတ်ခဲ့တဲ့ မျိုးချစ်သူရဲကောင်းတစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး။ Universal Truth တွေကို ကလောင်အစုတ်အပြတ်နဲ့ အဆိပ်ခပ်လို့ ဘယ်တော့မှမအောင်မြင်ဘူးမှတ်။ မေတ္တာရပ်ခံတာပါ. . . မြန်မာပြည်အတွက် ကျည်၁၃ချက်နဲ့ သေခဲ့ရတဲ့ ကျုပ်တို့ဗိုလ်ချုပ်ကို ထပ်မသတ်ပါတော့နဲ့။ 
အိအိမွန် ( ပန်ဆယ်လို )

No comments:

Post a Comment