Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 17, 2016

ဒီနေ့လွှတ်လိုက်တဲ့ထဲက အညတြသူရဲကောင်း

ဒီနေ့လွှတ်လိုက်တဲ့လူတွေထဲမှာလူသိများ ထင်ရှားသူတွေ ပါသလို
အများပြည်သူ မေ့လျော့ခြင်းခံနေရသူတွေလည်း ပါပါတယ်။

အဲ့ဒီထဲက ကျနော် ဖော်ပြလိုတဲ့တစ်ယောက်ကတော့ဗိုလ်ကြီးနေလင်းဒွေးပါ။

မြန်မာ့အင်တာနက်ခေတ်ဦးကသုံးစွဲကြသူတွေ မှတ်မိကြဦးမယ် ထင်ပါတယ်။

အခုလို လူမှုကွန်ယက်တွေမပြန့်ပွားခင်ကဝက်ဆိုက်တွေ ဘလော့တွေကို
လူအများဖတ်ရှုခဲ့ကြရတယ်။

အဲ့ဒီတုန်းက လူဖတ်များတဲ့အင်တာနက်စာမျက်နှာတွေထဲမှာ
'photayokeking.org' (စည်းလုံးခြင်းရဲ့အင်အား)
ဆိုတဲ့ စာမျက်နှာတွေလည်းပါဝင်ခဲ့ပါတယ်။

'စည်းလုံးခြင်းရဲ့အင်အား'အင်တာနက် Page ဟာ
မြန်မာ့တပ်မတော်သားတွေရဲ့ဘ၀ ပုံရိပ်တွေ၊ တပ်တွင်း သတင်းတွေ၊ တပ်မတော်သားတွေရဲ့
အခက်အခဲတွေကို အထူးသဖြင့် ဖော်ပြလေ့ရှိတယ်။

ပြည်တွင်းနဲ့ ပြည်ပရောက်တပ်မတော်အရာရှိတွေရဲ့
တပ်မတော်နဲ့ပတ်သက်ပြီးဖြစ်ရပ်မှန်တွေ တင်ပြရင်ဖွင့်တဲ့
အင်တာနက်ဝက်ဘ်ဆိုက်လည်းဖြစ်ပါတယ်။

အမှတ်ရမိတုန်း တစ်ပါတည်းပြောရရင်အဲ့ဒီတုန်းက အဲ့ဒီလို
အင်တာနက်စာမျက်နှာတစ်ခုကကျနော့်ဆီ ဆက်သွယ်လာဘူးပါတယ်။

ကျနော် လူမှုကွန်ယက်သုံးကာစမှာဦးထွန်းကြည်အဖမ်းခံရစဉ်က
အကြောင်းတွေ ရေးမိလို့ပါ။

သူတို့ဆီမှာ အကျယ်တဝင့်ရေးဖို့ပြောပေမယ့် ကျနော် မရေးခဲ့ပါ။
ဘာဖြစ်လို့လဲဆိုတော့ အဲတုန်းကအီလက်ထရောနစ်ပုဒ်မကိုကြောက်လို့ပါပဲ။

ဗိုလ်ကြီးနေလင်းဒွေးတို့ဟာအဲ့ဒီတုန်းက အီလက်ထရောနစ်ပုဒ်မနဲ့
အရေးယူခံလိုက်ရတာပါ။

သူဟာ အဲ့ဒီတုန်းကမြိတ် လေတပ်စခန်းမှာ တာဝန်ထမ်းဆောင်နေဆဲကာလ။

'စည်းလုံးခြင်းရဲ့အင်အား'အင်တာနက်စာမျက်နှာမှာတပ်မတော် (လေ) နဲ့
မြန်မာ့တပ်မတော်တွင်း ဖြစ်ပေါ်နေတဲ့အခြေအနေမှန်များ၊ အထူးသဖြင့်
အရာရှိ၊ စစ်သည် အဆင့်ဆင့်ရဲ့မညီမျှမှုတွေ၊ အလွဲသုံးစားမှုတွေ၊
ခံစားချက်တွေ၊ အကြံပြုမှုတွေ ပါဝင်တဲ့ ဆောင်းပါး အပုဒ် ၇၀ကျော်ကို

ဝေဟင်၊ မျိုးသူရ၊ မြင့်မိုရ်၊ စွယ်တော်နဲ့ ကြိုးကြာ ၆၅ ဆိုတဲ့
ကလောင်အမည်တွေနဲ့၂၀၀၉ ခုနှစ်ကနေ ၂၀၁၁ ဒီဇင်ဘာလ
အတွင်းမှာ ရေးသားခဲ့ပါတယ်။

အဲ့ဒီထဲမှာ …တပ်မတော်လေတွင် ခွက်ပျောက်နေသော လေတပ်အရာရှိ ၃၀ ကျော်
(http://photayokeking.org/sp…/soldiers-right/179-who-loss-cup)
ဆိုတဲ့ စာဟာ ထင်ရှားပါတယ်။

ဒီ့အတွက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့က မြိတ်လေတပ်စခန်း
ဌာနချုပ်မှာ တပ်မတော်ထောက်လှမ်းရေး(စအဖ)ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။

ဖမ်းဆီးတဲ့နေ့မှာပဲ ရန်ကုန်မြို့ ခမရ (၄၃၅) သို့ လေယာဉ်ဖြင့်
ပို့ဆောင်ပြီး စစ်ကြောမေးမြန်းခြင်းကိုခံခဲ့ရတယ်။

အဲ့ဒီအချိန်ကတပ်မတော် ထောက်လှမ်းရေး (စအဖ)အနေနဲ့ စည်းလုံးခြင်းရဲ့အင်အား
ဝက်ဘ်ဆိုက် တာဝန်ခံကို အပူတပြင်းရှာဖွေနေပြီးတော့ ကာချုပ်အနေနဲ့
အဲဒီဝက်ဘ်ဆိုက်က ရေးတင်သမျှကိုအထူးသတိပြုပြီး ကလောင်ရှင်တွေကို
ဖေါ်ထုတ် ဖမ်းဆီးဖို့ အမိန့်ပေးထားတယ်ဆိုတဲ့အကြောင်း
ကောလဟလတွေ ထွက်နေခဲ့ပါတယ်။

ဗိုလ်ကြီးနေလင်းဒွေး ကိုလည်းအမှုစစ်နေတုန်းမှာ ၀က်ဘ်ဆိုက် တာဝန်ခံကို ဖေါ်ထုတ်ပေးရင်
ပြစ်ဒဏ် လျော့ပေါ့ပေးမယ်လို့ အမှုစစ် အရာရှိတွေက ကမ်းလှမ်းခဲ့တယ် … တဲ့။

စည်းလုံးခြင်းရဲ့ အင်အားဝက်ဘ်ဆိုက်မှာရေးနေတဲ့
ကလောင်နာမည်များနဲ့တကွမိသားစုတစ်စုလုံးရဲ့ email address
တွေ၊ သူ့ရဲ့ Facebook account တွေ၊password တွေ၊ ဆက်သွယ်နေတဲ့
လူတွေရဲ့ email တွေ၊ ဖုန်းနံပါတ်တွေပေးဖို့ ဆေးဝါးသုံး စစ်ကြော
မေးမြန်းခြင်းကို ခံခဲ့ရတယ်လို့လည်းသိရတယ်။

အင်းစိန် ထောင်ကိုရောက်ပြီးအချိန်အတော်ကြာတဲ့အထိ ဗိုလ်ကြီး နေလင်းဒွေးဟာသူ့ကိုယ်သူ
နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာတွေ ကအစမမှတ်မိပဲဖြစ်နေခဲ့ပါသေးတယ်။

အကျဉ်းစစ်တဲ့ စစ်ခုံရုံးမှာရုံးတင်စဉ်က သူ့ကို စွဲထားတဲ့
စွဲချက်တွေကို ဖတ်ပြတဲ့အခါ ၁၉၅၀အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ(၃)၊
အီလက်ထရောနစ်အက်ဥပဒေပုဒ်မ၃၃(က)၊ တပ်မတော် အက်ဥပဒေ ပုဒ်မ
၆၅ နဲ့ ၇၁ ဆိုပြီး ဖတ်ပြခဲ့ပါတယ်။

ပြစ်ဒဏ်ချတော့အဲ့ဒီပုဒ်မတွေအားလုံးအတွက် ထောင်ဒဏ်နှစ်(၂၀)ချမှတ်တယ်ဆိုပြီး
၂၀၁၂ ဧပြီလ ၁၀ရက်နေ့မှာအင်းစိန်ထောင်ကို ပို့ခဲ့ပါတယ်။

အင်းစိန်ထောင်ဝင် မှတ်တမ်းအရ သူ့ရဲ့ဖြစ်စဉ် အကျဉ်းကို မှတ်တမ်းပြုထားတာမှာ …

မိမိအဆင့်တိုး မရသည့်အကြောင်းအရာများနှင့်တပ်မတော်(လေ) အတွင်းမှ
အခြားအဆင့်စစ်သည်များ၏အဆင်မပြေမှုများအား အင်တာနက်ပေါ်သို့တင်မှု။
ခမရ ၄၃၅၊ အကျဉ်းစစ် တရားရုံးအမှတ်စဉ် ၂၃/၁၂ အမိန့်ချရက်စွဲ ၂-၃-၂၀၁၂
ပုဒ်မ တမအ ၆၅ နှင့် ၇၁ဖြင့် ထောင်ဒဏ် (၂၀)နှစ်။

ထောင်ဝင်နံပါတ်က အစ/၁၂/၀၃၉၈၁/က ထောင်ဝင်ရက်စွဲ ၁၀-၄-၂၀၁၂ ဖြစ်ပါတယ်။

(အင်းစိန်ထောင်ဝင် မှတ်တမ်းထဲမှာစစ်ဖက်ဆိုင်ရာတရားရုံးမှာတုန်းက
စွဲခဲ့တဲ့ပုဒ်မတွေထဲက တပ်မတော်အက် ပုဒ်မနှစ်ခုကိုသာရေးသွင်းဖေါ်ပြထာတာဖြစ်တယ်။

တပ်မတော် အက်ဥပဒေ ၆၅နဲ့ ၇၁ဟာတပ်မတော်ရဲ့ ဂုဏ်သိက္ခာကို
ညှိးနွမ်းအောင် ဆောင်ရွက်တဲ့အတွက်တပ်မတော်မှ ရှုံ့ချထုတ်ပယ်
ပြစ်ဒဏ်ပေးတဲ့ပုဒ်မတွေ ဖြစ်ပါတယ်။ပုဒ်မနှစ်ခုပေါင်း အမြင့်ဆုံးထောင်ဒါဏ်
၇နှစ်ထိ ချမှတ်နိုင်ပါတယ်)

သူသာမက အခြားလေတပ်အရာရှိ ၂ ဦးကိုလည်း ဖမ်းဆီးအရေးယူခဲ့တယ်။

စဖမ်းတုန်းက မိသားစုတောင် မသိပါဘူး။တာဝန်နဲ့ နယ်ခရီးသွားနေတယ်လို့
သက်ဆိုင်ရာက တပ်တွင်းသတင်းလွှင့်ထားတာပါ။

နောက်ပိုင်းမှ ရာထူးချထားတယ်ဆိုပြီးမိသားစုဝင်တွေကို လိုင်းခန်း ပြန်အပ်ခိုင်းခဲ့တယ်။

အတော်အချိန်နှောင်းပြီးအဖမ်းခံရမှန်း သိရတော့မှဗိုလ်ကြီး နေလင်းဒွေးရဲ့
မိသားစုဝင်တွေဟာအဲ့ဒီတုန်းက သမ္မတ ဦးသိန်းစိန်ထံအသနားခံစာ တင်ပေမယ့်
ဘာမှ မထူးခဲ့ပါ။

သူအဖမ်းခံရတဲ့အချိန်မှာ သူ့ဇနီးနဲ့၃နှစ်အရွယ် သမီးလေးတစ်ယောက်
၁၂နှစ်အရွယ် သားလေးတစ်ယောက်ကျန်ခဲ့ပြီး သူ့ဖခင်က အသည်းကင်ဆာနဲ့
ဆုံးသွားပါတယ်။ သူ့ဇနီးဟာ မိဘအိမ်ပြန်ခိုကပ်နေရပြီး နှစ်ပတ်တစ်ခါ
ထောင်ဝင်စာအတွက်တောင်အနိုင်နိုင် ရုန်းကန်ခဲ့ရရှာပါတယ်။

အာဏာပိုင်တွေက ဘယ်လောက်ထိရက်စက်ခဲ့သလဲဆိုရင်
နာမည်ပေါက်နဲ့ ၁၅သိန်းကျော်ပေးဝယ်ထားရတဲ့ဖုန်းပါမချန်သိမ်းခဲ့တယ်။

ဗိုလ်ကြီး နေလင်းဒွေးဟာD.S.A အပတ်စဉ် ၃၇ ဆင်းပါ။
ကိုယ်ပိုင်အမှတ် (လေ-၂၂၈၂) ဖြစ်ပြီး အဖမ်းခံရစဉ်က အသက် ၃၈ နှစ်ရှိပါပြီ။

သူ အဖမ်းခံရပြီးနောက်မှာသူ့ညီ ကိုဇော်လင်းဒွေးက
“ရာထူးတိုးသင့်တဲ့အချိန်မှာ တိုးမပေးဘဲ ညစ်ထားခြင်းခံရတဲ့သူတွေကိုယ်စား
ရေးမိတာ ပြောမိတာ ပုထုဇဉ် သဘာဝပါ။
အရှိအရှိအတိုင်း၊ဖြစ်နေတာ ဖြစ်နေတဲ့အတိုင်းမှန်ရာရေးမိ၊ ပြောမိလို့
တပ်စည်းကမ်း ဖောက်တယ်၊ ဥပဒေ ချိုးဖောက်တယ် ဆိုပြီး
ထောင်ချခံရတာပါ …”“… ခင်ဗျားတို့ အကြီးအကဲကတော့
ဥပဒေအထက်တွင် မည်သူမျှမရှိစေရပါတဲ့ခင်ဗျာ …”
စသဖြင့် ဖွင့်ရေးခဲ့တာ ဖတ်ရှုရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်သင်္ကြန်တွင်းကြီးမှာတောင်
အလုပ်မနားအားပဲအစည်းအဝေးခေါ်ခဲ့ရတာတွေဟာဒီလို ဗိုလ်ကြီးနေလင်းဒွေးတို့လိုယူနတီအဖွဲ့သားတွေလိုစစ်တပ်က ဖမ်းဆီးထောင်ချခဲ့သူတွေပါလွှတ်ပေးချင်လို့ဆိုတာ
မှန်းဆလို့ ရပါတယ်။

ဒီနေ့ လွှတ်ပေးမှုကနေပေါ်လွင်နေတဲ့အချက်ကဒေါ်အောင်ဆန်းစုကြည်ရဲ့အစိုးရဟာ
စစ်အာဏာရှင်တွေရဲ့လက်ဝေခံပမာ ပြောဆိုနေတဲ့အစွန်းရောက်တွေရဲ့စကားမှားယွင်းကြောင်းပါပဲ။

(ဓာတ်ပုံ : ဗိုလ်ကြီးနေလင်းဒွေးပုံကိုသူ့ညီထံမှ ကူးယူထားခြင်း)
Thorn Nay Soe

No comments:

Post a Comment