Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 15, 2016

ကားဆရာ

ကားဆရာ....
မောင်းပါ

ကျုပ်တို့ကားက
၃၉ ဗိုက်ပူထက် ချုံးချုံးကျနေလို့
နဲနဲတော့ အားနာတယ်

ဒါပေမယ့်... ခင်ဗျားကို ယုံတယ်
အမေသွားချင်တဲ့ ခရီးရှည်
အမေမြင်ချင်တဲ့ ပန်းတိုင်
အမေရောက်ချင်တဲ့ အရပ်
ခင်ဗျားရဲ့ မြဲမြံတဲ့လက်တွေနဲ့
ဂွေကိုင်ပြီး ပို့ခဲ့ဖူးရင်
ကျုပ်တို့မလိုက်ရဲစရာ ဘာရှိလဲ?

ခရီးသည်များရဲ့အသက်
သင့်လက်ထဲတွင်ရှိသည်...တဲ့
ဒီစာတန်းလေး မြင်ဖူးကြရဲ့လား?

ခင်ဗျားကို ဒရိုင်ဗာလို့....
ပြောတဲ့အခါ...စိတ်မနာပါနဲ့
အဲ့ဒါအမှန်တရား
ခင်ဗျား....မောင်းနှင်နေတာ
ကျုပ်တို့အနာဂတ်လေ
သန်းခြောက်ဆယ်ရဲ့
အိပ်မက်တွေကိုတင်ပြီး
လီဗာတစ်ဆုံးနဲ့
ခင်ဗျားမောင်းပေးပါ... ကားဆရာ

အသေသတ်ခံရပေမယ့်
မသေနိုင်သေးတဲ့
ကျုပ်တို့အိပ်မက်တွေ
ခင်ဗျား.... မောင်းပို့ပေးရမှာ

အင်ဂျင်ကျနေတဲ့ကား
ခင်ဗျားမောင်းရမှာ သိတယ်
စိတ်ချ....
ဘယ်သူမှ ခုန်မဆင်းဘူး
ပျက်ရင် ပြင်မယ်
ရပ်ရင် တွန်းမယ်
စောင်းရင် တည့်မယ်
ပေါက်ရင်ဖာမယ်

ပြိုင်တူတွန်းဖို့....စက်နိုးဖို့
အမေ သော့ပေးလိုက်ပြီလေ

ကျုပ်တို့လက်တွေ
မြဲအောင်တွဲထားပါတယ်
ပိတ်ထားတဲ့လမ်းတွေ ဖြတ်သန်းဖို့ဆိုတာ
သတ္တိတော့ နဲနဲရှိမှ ရမှာပေါ့

"မောင်လည်း လိုက်မယ်၊ ချန်မထားနဲ့
နက်ဖန်မနက် ကျောင်းတက်မယ်"တဲ့
ကလေးတွေရဲ့ ကဗျာ...
ခင်ဗျားကြားတယ် မဟုတ်လား
ဒီတစ်ခါနောက်ကျရင်
သူတို့ရင်ကွဲရဦးမယ်

မောင်းပါ....ကားဆရာ
ကျုပ်တို့ကားက
၃၉ ဗိုက်ပူထက် ချုံးချုံးကျနေလို့
နဲနဲတော့ အားနာတယ်ဗျာ....။ ။

မိုးနီလွင်
(15th March 2016 - အမှတ်တရ)

No comments:

Post a Comment