မြစ်ဆုံသည် အ,မင်္ဂလာသတင်းဖြင့် စပယ့်အား စောင့်နေလေသည်။
...............
၁၉၉၅ ခုနှစ် ဒီဇင်ဘာလ၏ အလှပဆုံး အချိန်တွင် မြစ်ဆုံသည် အဘယ်ကြောင့် ဧည့်လမ်းညွှန်အမျိုးသား တဦးအား ၀ါးမျိုပစ်လိုက်သည် မသိပေ။
..............
ကမ်းစပ်မှ ရေပြင်အားငေးစိုက်ကြည့်နေရင်း စပယ်သည် တခါဘူးမှ မမြင်ခဲ့ရလေသော ဘ၀တူဧည့်လမ်းညွှန်အတွက် ဆို့နင့်ကြေကွဲနေမိ၏။
……..
ဧည့်သည်ဓါတ်ပုံဆရာတပြည့်က ၀ါးဖောင်ပေါ်လွှားကနဲ ခုန်တက်လိုက် ကာ ကမ်းစပ်အား ထိုးဝါးဖြင့် တွန်းဖယ် ထွက်ခွါ၏။ ရေအင်မတန် ကြောက်တတ်သော စပယ်သည် သူဘယ်လိုပင် ခေါ်ခေါ် မလိုက်ရေးချ မလိုက်ပေ။
…………..
"ဒီ အချိန်ပဲ တမြန်နေ့က အဲ့ဒီ ၀ါးဖောင်နဲ့ပဲ၊ အဲ့ဒီလိုလေးပဲ သူထွက်သွားတာပဲ"
နံဘေးမှ ဒေသခံ ကချင်တိုင်းရင်းသား အကိုက အသံဝဲ၀ဲ ဖြင့် ရှင်းပြ၏။
……
"နာရီဝက်လောက် ရေငုတ်ပီး ၀ိုင်းရှာလိုက်ရ တယ်။ ဆင်းရှာတဲ့ လူတွေ တောင် ကံကောင်းလို့၊ ရေတွေ က အေးစက်နေတာ"
………
မှန်သည်၊ မနက်တုန်းက ကြည်စင်နေသော ရေစပ်တွင် အရောင်စုံ ရေအောက် ကျောက်တုံးကလေးများ အား ကလေးလေးသဖွယ် လောဘတကြီး လိုက်လံကောက်ယူနေခဲ့မိသော စပယ့်လက်ချောင်းကလေးများသည် ပဲကြီးအတွန့်အတွန့်များနှင့် ယခုတိုင်ရှိနေဆဲ။ အေးစက် ထုံကျင်နေဆဲ။ မိမိလက်ချောင်းကလေးများကို ပြန်ဖြန့်ကြည့်နေတုန်း သူကဆက်ပြောနေပြန်သည်။
………
"'ဒီမှာပဲ သင်္ဂြိုလ်မယ် ပြောနေကြတယ်။ မိဘတွေ ဒီကို လိုက်လာ ကြမယ် တဲ့။"
…..
လည်ပင်းတွင် ကျပ်ဆို့ဆို့ကြီး ခံစားရကာ ပြင်ပအပူချိန်က ပိုအေးလာသလိုမို့ လက်နှစ်ဖက် တင်းတင်းပိုက်လိုက်မိလေ၏။ ကချင်တိုင်းရင်းသားများသည် စကားအား တန်ဆာဆင်ကာ ဖွဲ့နွဲ့မပြောတတ်ကြချေ။ ပကတိအေးချမ်းသော မျက်နှာထားများဖြင့် ထိတ်လန့်ဖွယ် ဖြစ်စဉ်များအား တွေ့ကြုံနေကျလို အေးအေး တိုတို ပြောဆိုတတ်၏။ စပယ့်ခေါင်း ထဲ မူးရိပ်ရိပ်မို့ ခပ်ပြင်းပြင်း အသံထွက်လောက်အောင် အသက်ရှူနေမိခဲ့သည်။ ဓါတ်ပုံဆရာနှင့် ဆရာဝန်သည် စားသောက်ဆိုင် ထဲဝယ် ၀ါးကုလားထိုင် များဖြင့် မြစ်ဆုံ၏ အလှကို မလှမ်းမကမ်းမှ ရှူစားနေလေ၏။
……
တိုးရစ်စ်ကား ၀ါးဖောင်ကို ကျွမ်းကျင် ပိုင်နိုင်စွာ လှော်ခတ်နေခဲ့ပြီး မြစ်ဆုံ၏ အလှအပ ကို မိန်းမော နေလေ၏။ သူတော်တော်နှင့် ကမ်းသို့ပြန်ကပ်လာဦးမည် မဟုတ်ချေ။ စပယ့်မျက်မှောက်တွင် ၀ါးဖောင်စီးနေလေသောတိုးရစ်စ် အပါအ၀င် လွန်စွာရှားပါးလှပ သော ပန်းချီကား ကြီးတချပ်သည် သက်ဝင်လှုပ်ရှားကာနေလေ၏။ ဒေသခံ အကိုသည် မြစ်ဆုံအကြောင်း စပယ့်အား ရှင်းပြဖို့ ကြိုးစားနေခဲ့သည်။ သူ၏ အသံဝဲ၀ဲ သည် စပယ့်နားဝယ် ဝေးတခါ နီးတလှည့်။
……….
နေခြည်နွေးနွေးသည် မြစ်ဆုံအား မလင်းတလင်းဖြာဝေ ကျဆင်းနေ၏။ မြစ်ဆုံသည် ပြိုင်ဖက်ကင်းအောင် လှပ၏။ နေအတော်မြင့်နေသည့်တိုင် မြူကလေးများက ဟိုတဆိုင်း ဒီတဆိုင်း သိုင်းဖွဲ့ကာနေဆဲပေ။ မြစ်ဆုံမင်းသမီးလေးအား ငွေပုလဲခြုံထည်လေး လွှားကာ တောင်တန်းများအား ကျောပေးထိုင်နေသလိုလို။ သို့မဟုတ် မင်းသမီးလေးသည် သူမလာခဲ့လေသည် ဟိမ၀န္တာတောင်တန်းများကို လွမ်းမော ငေးရီနေသလိုလို။
……………….
ဧရာဝတီကို မမွေးဖွားမီ မေခနှင့် မလိခ ကညာပျို မြစ်နှစ်သွယ်သည် ဟိမ၀န္တာတောင်တန်းများပေါ် မှ ပဲတင်သံများဖြင့် မြည်ကျူးဟစ်ကြွေးကြကာ၊ ကြမ်းတမ်းပျော်မွေ့စွာ၊ မိုင်ပေါင်းများစွာ စီးဆင်းလာခဲ့ကြလေ၏။
အရောင်အသွေးစုံလင်လှပသော လိပ်ပြာရိုင်းမလေး နှစ်ကောင်သည် နှင်းဖုံးတောင်တန်းများပေါ်ဝယ် လွတ်လပ်လွန်းစွာ ကောင်းကင်ပြာစင် နောက်ခံထားပြီး ပျံသန်းနေကြသည်ကို စပယ့်မျက်ဝန်းထဲမြင်ယောင်နေမိ၏။ တချို့သော ခရီးသွားများက ဂန္ဓရာဇ်တို့၏ ၀ိညာဉ် များသည်လည်း စီးဆင်းလာနေသော ရေကြည် ခပ်ရမ်းရမ်းများထဲ ၌ စီးမျောပါဝင်လျက်ရှိနေပုံရလေသည်ဟု ရေးဖွဲ့တတ်၏။
…….
မေခမြစ်ကညာပျိုကား မလိခထက် ပိုမိုထက်မြတ်၏။ ပိုကြမ်း၏၊ ပိုမို ဒေါသကြီး၏။ ဆိုလိုသည်မှာ အထူးရေစီးသန်လေ၏။ N-mai kha ဟုဒေသခံများက ခေါ်ဝေါ်သမုတ်ကြ၏။ "မကြမ်းတောကလေး" မေခမြစ်ကညာပျို ပေါ့လေ။ သူမ၏ ကြမ်းတမ်းလှသော မြစ်ရေစီးသန်လွန်းခြင်းသည် သမိုင်းတွင်၏။ "မြစ်လေးသွယ်"ဟု ဒေသကခေါ်ဝေါ်သော မလိခမြစ်ကညာကား မေခ လောက် ရေစီးမကြမ်းပေ။
……….
မေခ၊မလိခမြစ်ကညာပျိုတို့သည် နှင်းများပြည့်ဖုံးနေလေသော ကချင်ပြည်နယ် တောင်တန်းများပေါ်ဝယ် ပျော်မြူးကခုန်ဖြတ်သန်းစီးဆင်းကာ နောက်ဆုံးဝယ် ဒီနေရာ၌ (မြိုတော်မြစ်ကြီးနားနှင် ၂၇ မိုင် အကွာ တန်ဖဲရွာ Tang Phre village) သူတို့ ဆုံကြလေပြီ။ ထိုမြစ်ဆုံသည် ဂန္တ၀င်ဧရာဝတီကို မွေးဖွားသန့်စင်ပြီးသကာလ မြန်မာနိုင်ငံအား ဒေါင်လိုက် ဖြတ်သန်းစီးဆင်းလေကာ အဆုံးတွင် အမ်ဒါမမ်ပင်လယ်ထဲသို့ စီးမြောပေါင်းဆုံ
သွားလေ၏။
………..
(ဤမေခမြစ်နှင့် စပ်လျဉ်း၍ ၂၀၀၃ ခုနှစ်တွင်Mr.David ဆိုသူ နယူးဇီလန်နိုင်ငံသားဦးဆောင်သော adventure tourists ၆ ဦးသည် ဒေသခံဧည့်လမ်းညွှန် အထင်ကရ တဦးနှင့်အတူ ရေစီးပြင်းအန္တရာယ်ကြီးလှသော မေခမြစ်အား ရာဘာဖောင်တစီး၊ ကရက်လှေ(Kayak) ၄ စီးဖြင့် ဆန်တက်ခဲ့ဘူးလေ၏၊ ပြင်းထန်သောရေစီးကြောင်း၊ သေစေနိုင်သည် ၀ဲကယက်များ အားဖြတ်သန်းကာ သူတို့ကြိုးစားခဲ့ကြလေ၏။ အကြိမ်ပေါင်းရာချီ ကာ လှေများ၊ရာဘာဖောင်များ ကျွမ်းတပြန်လန် လွင့်စင်ခြင်း၊နောက်ပြန်ကျခြင်း၊ ပြန်ပြင်ပြီး ဆက်လက်သွားရခြင်များအား အသက်နှင့်ရင်း၍ ရင်ဆိုင်ခဲ့ရပီး အဆုံးတွင် ရေမိုင် ၁၉၉ ခရီးအား ၁၄ရက်အကြာတွင် အောင်မြင်အောင် ဆန်တက်နိုင်ခဲ့၍ ချီဖွေမြီု့သို့ရောက်ရှိကာ အောင်ပွဲ ခံနိုင်ခဲ့လေတော့သည်။) (ဤကား၊ စကားချပ်)
…………
မေခနှင့် မလိခတို့၏ မြစ်ကမ်းနဖူး တချို့နေရာများဝယ်တပိုင်တနိုင် ရွှေတွင်းများတူးဖော်နေကြ၏၊ စပယ်တို့ခရီးစဉ်အတွင်း ဒေသခံများ ကိုယ့်ဖာသာရွှေကျင်နေသည်များလည်း မြစ်ကမ်းစပ် တလျှောက်၌ မကြာမကြာတွေ့မြင်ရတတ်၏။ ကချင်ပြည်နယ်သည် အလွန်ထူးဆန်း၏။ ဂုဏ်သရေရှိသတို့သမီး၏ ကျော့ရှင်းသောလည်တံသည်သာ အဖိုးတန်လည်ဆွဲ အတွက် တန်ဆာဆင်ရာနေရာ ဖြစ်ရသလို၊ မြန်မာပြည်၏ ရတနာ အပေါင်းအစုသည် မြန်မာပြည်၏ကျော့ရှင်းသော လည်တံ ကချင်ပြည်နယ်၌ တည်ရှိကြလေကုန်၏။
သဘာဝ ၏ ကြွယ်ဝမှုသည် ကချင်ပြည်နယ် အတွက် သပ်သပ် ပေးအပ်ထားသော ဆုလာဒ်ပင်။
…………….
များသောအားဖြင့် ရွှေကျင်သော ခမောက်ပုံ ခပ်ပက်ပက် ဗန်းငယ်ကလေးများ၏ အလည်တွင် စိမ်းပြာပြာ ပြဒါးရည်များထဲ့ထားကာ ရွှေဖမ်းလေ့ရှိ၏။ ကျင်လည်စွာ ရွှေဖမ်းနေလေသော အမျိုးသမီးများအား ဓါတ်ပုံဆရာများက အသည်းအသန် ဓါတ်ပုံရိုက်နေကြတုန်း၊ ဓါတ်ပုံဆရာများအား စပယ် က ရောင်ပြန်ပြားဖြင့် အလင်းရောင်ချိန်ထိုးပေး ၍ နေတုန်း၊ အမြဲလိုလို အားလပ်နေတတ်သော၊ ပတ်ဝန်းကျင်အားလေ့လာမှု
အားကောင်းသော ဆရာဝန်တိုးရစ်စ်က ပြဒါး၏ အန္တရာယ် အသွယ်သွယ်အား စပယ့်ကို စိုးရိမ်တကြီးရှင်းပြနေခဲ့ဘူး၏။ အဂါင်္မစုံသော ကလေးလေးများ မွေးဖွားလာတတ်ပုံ နှင့် အမျိုးသားများ အစွမ်းမဲ့သွားတတ်ပုံသာမှတ်မိလေတော့၏။
….
မြစ်ဆုံမှ မြစ်ကြီးနားရှိ ဟိုတယ်သို့ အပြန်လမ်းဝယ် စကားကြွယ်မလေးစပယ်သည် အထူးနှုတ်ဆိတ်နေမိကာ ဆရာဝန်တိုးရစ်စစ်သည် ယနေ့အဖို့နှုတ်သွက်လွန်းနေချေ၏။
…..
ဆရာဝန်တိုးရစ်စ်သည် လွန်စွာ ဗဟုသုတကြွယ်လေ၏။ သူ့ကြောင့်ပင် စပယ်သည် မြန်မာပြည် ကို ကမ္ဘာနှင့် နှိုင်းနှိုင်းပီး တွဲယှဉ်၊တွေးခေါ်တတ်လာ၏။ ယခင်ကမူ မိရိုးဖလာအရိုးစွဲ သော အတွေးအခေါ်တချို့နှင့် လူကြောက်တတ်သောရောဂါ စပယ့်မှာ အများနည်းတူရှိခဲ့၏။ မှန်သည်ကို ဘယ်သောအခါမှ မပြောရဲခဲ့ပေ။
မြန်မာပြည်တွင် မှန်လွန်းလျှင် "သေ"တတ်သည်ဟု မိဘ များက စပယ်လေးအား တဖွဖွ တရရ ခရီးမထွက်ခင်မှာလိုက်ကြသေးသည်။ ယခုအခါ မှန် သည်များကို ပြောချင်စိတ်ဖြင့် နှုတ်တပြင်ပြင် ဖြစ်လာနေ၏။ သို့သော် နှုတ်မပွင့်သေးချေ။ ၁၉၉၅ သည် နှုတ်ပွင့် ရသည့်ကာလ မဟုတ်သေးပေ။ စကားလုံးများသည် စပယ့်ဝမ်းထဲတွင်သာ အဆုံးသတ်သွားခဲ့လေသည်။ အရေးကြီးသော အကြောင်းအရာ ဆွေးနွေးလေတိုင်း ဧည့်သည်များ မချင့်မရဲ အမြဲကျန်ရစ်ခဲ့၏။ စပယ်ကား မမှုပေ။ "မှု"လို့လဲ မရပေ။
….
ဆရာဝန်က ဆိုသည်။ "Maykha-Malikha Myitsone (Confluence) National Park" လို့နိုင်ငံတကာ က သိထားလေသော "ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ကြီး"၏ ဗဟိုချက်မနေရာသည် ယခု "မြစ်ဆုံ" နေရာဖြစ်နေခဲ့သည် ကို မြန်မာကရော၊ ကမ္ဘာပါ လူသိတော်တော်နည်းနေပါသေးသည်တဲ့။ စပယ်ရော သိပါသလားတဲ့။ မသိခဲ့ပါ။ စပယ်က ရိုးရိုးပင် ၀န်ခံ၏။
…………..
ဆရာဝန် က စကားဆက်သည်။
ယခု သူသည်မြစ်ဆုံ၏ ရင်ခွင်တွင် မှေးထိုင်ရင်း မြစ်ဆုံအားလွန်စွာမြတ်နိုးတွယ်တာမိပါကြောင်း၊ ယမန်နေ့က ရောက်ရောက်ချင်း မေခမြစ်ကမ်းနံဘေးရှိတောရွာများသို့သွားရောက်လည်ပတ်ရာတွင် လွန်စွာလှပသော သဘာဝရှူ့ခင်းများ၊ တိုင်းရင်းသားဒေသခံတို့၏ ဒေသခံအစားအစာ များဖြင့်ဧည့်ဝတ်ပြု နွေးထွေးမှုများ၊ ဖြူစင်အေးချမ်းသော အပြုံးစစ်စစ်များ၊ ရွှေကျင်နေသူများ၏ သဘာဝ လုပ်ငန်းခွင်မြင်ကွင်းများ သည် သူ့အားမြန်မာပြည်က မပြန်ချင်လောက်အောင် ဆွဲဆောင်နေခဲ့ကြောင်း။
……
တဖန် ထိုတောရွာကလေးများ အား ပိတ်ဖုံးလုမတတ် ဖြူ၊နီ၊၀ါ၊ပြာ..လှပစွာ ပွင့်လန်းနေလေသော သဘာဝ တောပန်းတောင်ပန်းများ၊ ကျေးငှက်တိရစ္ဆာန်တို့၏ အသံသာသာများ၊ ဥသြသံ သာသာယာယာနှင့် ဟိုးအဝေး တောစဉ်တန်းများမှ တောကောင် များ၏ ခပ်သဲ့သဲ့ ကျား..တစ်..သံ၊ မျောက်.အူ.သံ။ ချေ.တောက်.သံ.. များ သည်လဲ ယနေ့မနက်အထိ နားထဲစွဲနေမိပါကြောင်း။ ထို့အပြင်ဆွတ်ပျံ့ဖွယ်ရာ ကချင်ပြည်နယ် တောတောင်တလျှောက်မွှေးပျံ့ကာ နေလေသော တောင်ဇလပ်ပန်းရနံ့ ကလည်းဆွဲဆောင်လှပါကြောင်း။ ရှားပါးသစ်ခွရောင်စုံ တွဲရရွဲ ကလည်း သူ့တစ်သက်တွင် နောက်ထပ်တခါ မမြင်နိုင်ပါကြောင်း။
……
သူ အဓိက ပြောချင်သည်မှာ "ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ကြီး" အတွက်ဖြစ်ကြောင်း၊ စပယ်တို့နိုင်ငံသားများ မှာ အဓိက တာဝန် ကြီးကြောင်း။ ပြည်ပ နိုင်ငံသားများသည် စပယ်တို့ကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်ခွင့်၊ ပြောရေးဆိုခွင့် မရှိကြောင်း။
….
နိုင်ငံတကာတွင် သတ်မှတ်ထားသော အမျိုးသားဥယျာဉ်များ၌ စီးပွားရေးစီမံကိန်းများ လုပ်ဆောင်သည်အား တားမြစ်ထားပါကြောင်း။
…….
UNESCO World Heritage Centre သည် ကမ္ဘာ့အနှံ့အပြားရှိ အမျိုးသားဥယျာဉ်များအား စာရင်းဝင် ထိန်းသိမ်းစောင့်ရှောက်ထားခဲ့ပါကြောင်း။ ယခု စပယ်တို့ ကချင်ပြည်နယ်၏ ခါကာဘိုရာဇီအမျိုးသား ဥယျာဉ်ကြီးသည် UNESCO World Heritage Centre ၏ ထိန်းသိမ်းစောင့်ရှောက်ထားခဲ့လေသော ကမ္ဘာ့အနှံ့အပြားရှိ အမျိုးသားဥယျာဉ်များ စာရင်းတွင် အမည်စာရင်းဝင်ဖြစ်သင့်ပါကြောင်း။
………….
Australia ရှိ Kakadu National အမျိုးသားဥယျာဉ်၊ ကင်ညာနှင့် တန်ဇန်းနီးယား နှစ်နိုင်ငံ ပိုင်နက်ရှိ Serengeti National Park အမျိုးသားဥယျာဉ်.. စသည့်.. များပြားလှစွာသော နိုင်ငံသဘာဝ အမျိုးသားဥယျာဉ်များအား UNESCO World Heritage Centre မှ နှစ်ပေါင်းများစွာ စာရင်းဝင်ထိန်းသိမ်းစောင့်ရှောက်ထားခဲ့ကြသည်ကို လေ့လာနိုင်ပါကြောင်း။ ထိုဥယျာဉ်များထက်ပင် "ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ကြီး"သည် UNESCO ၏
ထန်းသိမ်းစောင့်ရှောက်ခံသင့်ပါကြောင်း ဆရာဝန်သည် အသက်မရှူစတမ်း စပယ့်အားတတွတ်တွတ်
ပြောပြနေခဲ့ဘူးလေသည်။
…….
စပယ် ကား နားဝင်တချက်၊ မ၀င်တချက်ပေ။ စပယ့်ဦးဏှောက်သေးသေး ကလေးသည် ထိုမျှလောက်သော ကြီးကြီးကျယ်ကျယ် အကြောင်းအရာများအား လိုက်လံ မစဉ်းစားနိုင်ခဲ့သေးပေ။ ထိုစဉ်က စကားပြောရင်း စူးစိုက်ကာ ကြည့်နေခဲ့လေသော ထိုဆရာဝန်တိုးရစ်စ်၏ မျက်လုံးစိမ်းစိမ်းများကပြောနေသော အဓိပ္ပါယ်အား နောင်အနှစ် ၂၀ ကြာသည် အထိ စပယ်လေး မသိခဲ့ပါချေ။
……. ဆက်ရန်….
စပယ်အောင့်အနုပညာ
13 December 2015
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, December 13, 2015
ကျွန်မ ဧည့်လမ်းညွှန်_ အခန်း(၇) စပယ်နှင့် မြစ်ဆုံ
ကျွန်မ ဧည့်လမ်းညွှန်_ အခန်း(၇) စပယ်နှင့် မြစ်ဆုံ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 13, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment