Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 27, 2015

မြိတ်မြို့တွင် ပူပေါင်းတစ်လုံးမှ တစ်လုံးသို့ ဓာတ်ငွေ့သွင်းရာမှ မတော်တဆမှု ဖြစ်ပွားပြီး လူ ၉ ဦး ဒဏ်ရာခဲ့ကြောင်း သိရ


ပူပေါင်းတစ်လုံးမှ တစ်လုံးသို့ ဓာတ်ငွေ့သွင်းရာမှ မတော်တဆမှု ဖြစ်ပွားသောကြောင့် ဒဏ်ရာရရှိခဲ့သူများ
မြိတ်မြို့တွင် ပူပေါင်းတစ်လုံးမှ တစ်လုံးသို့ ဓာတ်ငွေ့သွင်းရာမှ မတော်တဆမှု ဖြစ်ပွားသောကြောင့် လူ ၉ ဦး ဒဏ်ရာရခဲ့ကာ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသထားရကြောင်း သိရသည်။
မြိတ်မြို့၊ ရေပုန်းနယ်မြေ၊ လမင်းရပ်ကွက်၊ ဗန္ဒုလလမ်းသွယ် (၂) ရှိ နေအိမ်တွင် အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက ပူပေါင်းကြီးများကို တစ်လုံးမှ တစ်လုံးသို့ ဓာတ်ငွေ့သွင်းရာမှ မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၈ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ပြည်ခိုင်ဖြိုးပါတီက ပုလောမြို့နယ်မှာ သုံးဖို့ ပူပေါင်းကြီး နှစ်လုံး လာအပ်ပါတယ်။ မနက်ဖြန် အောက်တိုဘာ ၂၈ ရက်နေ့မှာ ဖွင့်လှစ်မယ့် ဟိုတယ်ဂရင်းဂျိတ်ကလည်း ပူပေါင်းနှစ်လုံး လာအပ်ထားပါတယ်။ ကျွန်တော်တို့ NLD ပါတီက ပြီးခဲ့တဲ့ ရက်ပိုင်းက လွင့်တင်ထားတဲ့ ပူပေါင်းကို အားကျလို့ ပြည်ခိုင်ဖြိုးပါတီကလည်း သူတို့အတွက် ပူပေါင်းနှစ်လုံး လုပ်ပေးဖို့ ပြောလာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကိုကိုင်ဇာရဲ့ အိမ်မှာ အဲဒီ ပူပေါင်းအတွက် သွားကူပေးခဲ့တာ ဖြစ်ပါတယ်။ ပူပေါင်းတစ်လုံးကနေ တစ်လုံးကို ပေါင်းကူးပြီး ဓာတ်ငွေ့သွင်းရာက မတော်တဆဖြစ်ပြီး ဟိုက်ဒရိုဂျင်ဓာတ်ငွေ့တွေ ပန်းထွက်လာတာပါ။ ပြည်ခိုင်ဖြိုး ပူပေါင်းကနေ ဟိုတယ်ဂရင်းဂျိတ် ပူပေါင်းကို ဓာတ်ငွေ့ကူးပေးနေတုန်း ဖြစ်တာပါ။ ပူပေါင်းတွေ ပေါက်ထွက်ပြီး အနီးနားမှာ ရှိနေတဲ့ လူတွေကို ပူလောင်ဒဏ်ရာ ရရှိသွားတာပါ။ အခု ဆေးရုံပို့ထားရတဲ့ လူနာထဲမှာ မိန်းကလေးတစ်ဦးနှင့် ကလေးငယ်တစ်ဦးက နည်းနည်း စိုးရိမ်ရပါတယ်” လို့ မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမြတ်ကိုမှ ပြောကြားခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီမှ လာရောက်အပ်နှံမှုအပေါ် NLD ပါတီဝင်များက စေတနာအလျောက် ၀င်ရောက်ကူညီပေးခဲ့ကြပြီး အဆိုပါ မတော်တဆမှုတွင် NLD ပါတီဝင် တစ်ချို့နှင့် ပူပေါင်းလုပ်သည့် လူတစ်ချို့လည်း ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဟိုက်ဒရိုဂျင်သွင်းထားတဲ့ ပူပေါင်းက တင်းနေပါတယ်။ ဒါကြောင့် ပြည်ခိုင်ဖြိုး ပူပေါင်းကနေ ဟိုတယ်ဂရင်းဂျိတ် ပူပေါင်းကို ပေါင်းကူးသွင်းနေတုန်း ဖြစ်သွားတာပါ။ ဟိုတယ်က ပူပေါင်းက အရင်ကွဲထွက်ပြီး ဓာတ်ငွေ့မီးတွေ ပန်းထွက်လာတာပါ အဲဒီကနေတဆင့် မီးစက ပြည်ခိုင်ဖြိုး ပါတီက ပူပေါင်းကို သွားထိပြီး အဲဒီ ပူပေါင်းလည်း ကွဲထွက်သွားတာပါ။ ပေါက်ကွဲတဲ့ပုံစံ မဟုတ်ပဲ ပူပေါင်းသာရေကွဲထွက်ပြီး အထဲက ဓာတ်ငွေ့တွေကြောင့် မီးလောင်ဒဏ်ရာ ရခဲ့တာပါ။ ကျွန်တော်လည်းဖြစ်တာနှင့် တပြိုင်နက် ပြေးထွက်ခဲ့ပေမယ့် မီးလောင်ဒဏ်ရာ ရခဲ့ပါတယ်” လို့ ဒဏ်ရာရခဲ့သည့် NLD ပါတီဝင် တစ်ဦးမှ ပြောကြားခဲ့သည်။ မီးလောင်ဒဏ်ရာ ရခဲ့သည့် လူနာများကို ဆွေမျိုးများ၊ NLD ပါတီဝင်များနှင့် ကိုယ်စားလှယ်လောင်းများက လာရောက်ကူညီဆောင်ရွက်ပေးခဲ့ပြီး မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
                                                                                  
Writer: 
ဇော်မိုးဦး ( မြိတ် )



No comments:

Post a Comment