Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 3, 2015

သမ္မတ အကြံပေးဟောင်း ဦးနေဇင်လတ်၏ပါတီ ကယားပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည်

အမျိုးသားတိုးတက်ရေးပါတီ ယာယီဥက္ကဌ (ကယားပြည်နယ်) ဦးခင်မောင် (ဓါတ်ပုံ-ဖဲဘူး)
 သမ္မတဦးသိန်းစိန်၏ အကြံပေးအဖွဲ့ဝင်ဟောင်းတဦးဖြစ်သည့် ဒေါက်တာနေဇင်လတ်၏ အမျိုးသား တိုးတက်ရေးပါတီသည် ရွေးကောက်ပွဲတွင် ကယားပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အမျိုးသား တိုးတက်ရေးပါတီ (ကယားပြည်နယ်) ၏ ယာယီ ဥက္ကဌ ဦးခင်မောင်က ပြောသည်။

အမျိုးသားတိုးတက်ရေးပါတီအနေဖြင့် ရွေးကောက်ပွဲကို တနိုင်ငံလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ကယားပြည်နယ်တွင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မြို့နယ်များတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားကြောင်းသိရသည်။

"ကျနော်တို့က ကယားပြည်နယ်ရဲ့ ခုနှစ်မြို့နယ် ထဲမှာ သုံးမြို့နယ် ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရာထားဆဲပဲရှိပါသေးတယ်" ဟု ဦးခင်မောင်က ဆိုသည်။

သမ္မတ အကြံပေးဟောင်း တဦးဖြစ်သည့် ဒေါက်တာနေ ဇင်လတ် က ပါတီဥက္ကဌ အဖြစ် ဦးဆောင် နေသည့်အတွက် ပါတီကို ကြံခိုင်ရေးပါတီ၏ ကိုယ်ခွဲပါတီ တခုအဖြစ် ပြင်ပ မှ ထင်မြင်မှုများရှိနေကြောင်း ဦးခင်မောင်ကဆိုသည်။

"ကျနော်တို့ အမျိုးသားတိုးတက်ရေးပါတီ က အခြားသော မည်သည့် ပါတီများရဲ့ ကိုယ်ခွဲပါတီမဟုတ်ပါ" ဟု ဦးခင်မောင်က ဖြေရှင်းပြောဆိုထားသည်။

ပါတီကို ဦးဆောင်သူမှာ သမ္မတအကြံပေးအဖွဲ့ဝင်တဦးဖြစ်နေသည့်အတွက် ထင်မြင်ချက် အမျိုးမျိုးကို လျော့ကျစေရန် ဒေါက်တာနေဇင်လတ်က သမ္မတအကြံပေး အဖွဲ့မှ နုတ်ထွက်ပြီး လက်ရှိပါတီနာယက အဖြစ် ထမ်းဆောင်နေကာ ရွေးကောက်ပွဲတွင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် မဟုတ်ကြောင်း ဦးခင်မောင်ကပြောသည်။

ရွေးကောက်ပွဲဝင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပုဂ္ဂိုလ်များကို သက်ဆိုင်ရာမြို့နယ်အတွင်းတွင် နေထိုင်သည့် ပါတီဝင်များထဲမှ သင့်တော်သူကိုသာ ရွေးချယ်သွားမည်ဟု ဆက်ပြောပါသည်။

အမျိုးသားတိုးတက်ရေးပါတီသည် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ တွင် တရားဝင် ပါတီမှတ်ပုံတင် ရရှိထားသည်။

ကယားပြည်နယ်ကို ဇူလိုင်လ ၁၀ ရက်နေ့တွင်ရောက်ရှိလာပြီး ယခုတွင် မြို့နယ်များသို့ ပါတီ ရုံးတည်ထောင်ရန် ဒေသခံများနှင့် လိုက်လံ တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။ လက်ရှိ ကယားပြည်နယ်အတွင် ပါတီဝင် ၂၀၀ ကျော်သာ ရှိနေသေးကြောင်းသိရသည်။

Written by ဖဲဘူး
ကန္တာရ၀တီတိုင်း(မ်)
http://www.ktimes.org

No comments:

Post a Comment